Friday, April 5, 2013

အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ်များ ဂူအမ်တွင် ပြောင်းရွှေ့ထားမည်


မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများ မြင့်တက်လာသည့်နောက် အမေရိကန်သည် ဒုံးကျည်ကာကွယ်ရေး စနစ်များကို ဂူအမ်သို့ ပြောင်းရွှေ့ ထားရှိရန် လုပ်ဆောင်နေကြောင်း သိရှိရသည်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန၏ ၎င်း၏ ခေတ်မီ ဒုံးကျည်ကာကွယ်ရေး စနစ်တစ်ခုကို ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ အမေရိကန်ပိုင် ကျွန်းနိုင်ငံသို့ ပြောင်းရွှေ့မည်ဟု အတည်ပြုခဲ့သည်။

ကွန်မြူနစ် နိုင်ငံ၏ စစ်မက်လိုလားသော အရိပ်အယောင်များ ပိုမို သိသာ ထင်ရှားလာချိန်တွင် အမေရိကန်သည် ၎င်းတို့၏ လုံခြုံရေးအတွက်ရော၊ ပစိဖိတ်ဒေသရှိ မဟာမိတ် နိုင်ငံများကို ကာကွယ်ရန် အတွက်ပါ အလေးအနက် စဉ်းစားလာရသည်။

ပြုံယမ်းရှိ မြောက်ကိုရီးယား အစိုးရက မိမိတို့၏ စစ်တပ်သည် ယခုအခါ အဆုံးသတ် နျူကလီးယား တိုက်ခိုက်မှု တစ်ခုကို ပြုလုပ်ရန်ပင် ခွင့်ပြုချက် ရရှိထားပြီဟု ကြေညာခဲ့သည့်နောက် အမေရိကန်အတွက် ပိုမို အလေးထားစရာ ဖြစ်လာခဲ့သည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အမေရိကန်နှင့် တောင်ကိုရီးယားတို့ကို မာန်မဲ ခြိမ်းခြောက်နေခဲ့သလို အမေရိကန်ကလည်း ၎င်း၏ မဟာဗျူဟာမြောက် လေတပ် တိုက်လေယာဉ်များကို တောင်ကိုရီးယားတွင် အခြေစိုက်စေခြင်းဖြင့် တုံ့ပြန်ခဲ့သည်။

မြောက်ကိုရီးယားသည် ကြာသပတေးနေ့တွင် နိုင်ငံပိုင်နက်ထဲသို့ (၆)မိုင် ဝင်ရောက်ခွင့် ပြုထားသည့် တောင်ကိုရီးယားနှင့် ဖက်စပ်လုပ်ကိုင်သောကေဆွန် စက်မှုဇုန်ကိုလည်း မိမိတို့ဘက်ခြမ်းအား ပိတ်ဆို့လိုက်ပြီ ဖြစ်သည်။ ထို့အပြင် နှစ်နိုင်ငံ နယ်စပ်ကိုလည်း ဗုဒ္ဓဟူးနေ့က စတင် ပိတ်ဆို့ထားသည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက မိမိတို့၏ ဒုံးကျည်ကာကွယ်ရေး စနစ်ဖြစ်သော THAADကို ပစိဖိတ် ရပ်ဝန်းတွင် ဖြန့်ကျက်ထားမည်ဟုပြောကြားထားသည်။ THADDသည် ထရပ်ကားကြီးများပေါ်တွင် တပ်ဆင်ထားသည့် ရွေ့လျားနိုင်သော ဒုံးခွင်းဒုံး စနစ်ဖြစ်ပြီး ခွင်းဒုံးများနှင့် AN/TPY-2 ရေဒါစနစ်တို့ကို တပ်ဆင်ထားသည်။

အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်က ယင်းစနစ်များကို ဂူအမ်ရှိ အမေရိကန်စစ်စခန်းများသို့ ပြောင်းရွှေ့ထားမည်ဖြစ်ပြီး မြောက်ကိုရီးယား၏ ဒေသတွင်း ဒုံးကျည်ဖြင့် ခြိမ်းခြောက်မှုကို တားဆီးမည်ဟု အတည်ပြုခဲ့သည်။

အမေရိကန်တွင် THADD ဒုံးခွင်းဒုံးစနစ် တပ်ဆင်ထားသော ထရပ်ကား (၂၄)စင်း တည်ဆောက်ထားပြီး ၎င်း၏ ဒုံးကျည်များသည် တစ်စက္ကန့်လျှင် (၂.၈)ကီလိုမီတာ မြန်နှုန်းဖြင့် ပျံသန်းကာ တာတိုနှင့် တာလတ် ပစ်မှတ်များကို ဖျက်ဆီးနိုင်ကြောင်း သိရှိရသည်။

သို့သော်လည်း (၂၀၁၂)ခုနှစ် စမ်းသပ်မှုများအရမူ THAADသည် စကာ့ဒ်ဒုံးကျည်နှင့် အလားတူ လက်နက်များကို ရာနှုန်းပြည့် တားဆီးနိုင်သော်လည်း တိုက်ချင်းပစ် ICBMဒုံးကျည်များကို ကြားဖြတ် ဟန့်တားရာတွင်မူ စွမ်းဆောင်ရည် အကန့်အသတ်အချို့ ရှိနေဆဲဟုလည်း ဖော်ထုတ် တွေ့ရှိထားသည်။

Source: BBC
Planet Myanmar Network

0 ကွန်မန့်ရေးရန်:

Post a Comment