Monday, February 4, 2013
တောခေါင်ခေါင်မှ ရဟန္တာဆရာတော်ကြီးတစ်ပါး
                  ဝှေသုခီဆရာတော်ကြီး ( ၁၂၅၃ - ၁၃၃၉ )
         စစ်ကိုင်းတိုင်း ၊ ဗန်းမောက်မြို့နယ် ၊ နန့်နားတွန်နယ်မြေ တောင်ဘက်တွင် အနောက်တောရွာ ၊ ဝှေသုခီရွာများရှိသည်။ နန်းသြရွာမှ ဝှေသုခီရွာသို့ သွားမည်ဆိုပါလျှင် လမ်းတွင် မံစီကြီးရွာကို ဖြတ်ရပါမည်။ နန်းသြမှ မံစီကြီးသို့ နှစ်နာရီ ၊ နှစ်နာရီခွဲ ၊ မံစီကြီးမှ ဝှေသုခီသို့ နှစ်နာရီခရီးရှိရာ တောက်လျှောက်သွားမည် ဆိုပါလျှင် ငါးနာရီခန့် သွားရပါမည်။
         ဝှေသုခီဆရာတော်ကြီးမှာ ရှမ်းလူမျိုးဖြစ်သည်။ မြန်မာစကားကို ရေရေလည်လည်လည်း မပြောတတ်ရှာပါ။ သီလသမာဓိ လွန်စွာမှ ကြီးမားလှသူဖြစ်ကြောင်း ၊ အရည်ဝါသီ တောမှီကျင့်ကြံရာမှ ရဟန္တာဖြစ်သွားကြောင်း ၊ ဗန်းမောက် ၊ အင်းတော်ဖက်မှတစ်ဆင့် ဧရာဝတီ မြစ်ရိုးကမ်းတစ်လျှောက်အထိပါ သတင်းပြေးလျှက်ရှိသည်။
         ဤတွင် ဝှေသုခီဆရာတော်ကြီး၏ ဖြစ်စဉ်များကို မတင်ပြမီ ရဟန္တာ ဟုတ် ၊ မဟုတ် စဉ်းစားဝေဖန်နိုင်ရန် သုတေသနသရုပ်ပြ အဘိဓာန်စာအုပ်မှ မှတ်စုများကို ထုတ်တင်ပြပါဦးမည်။ ထိုအဘိဓာန်တွင် ရဟန္တာ(၆)မျိုးရှိကြောင်း ဖွင့်ဆိုထားပါသည်။ ယင်းတို့မှာ .......
         ( ၁ ) သဒ္ဓါဝိမုတ္တရဟန္တာ    =   လွန်ကဲသောသဒ္ဓါဖြင့် ကိလေသာမှ လွတ်ကင်းသောရဟန္တာ
         ( ၂ ) ပညာဝိမုတ္တရဟန္တာ   =   လွန်ကဲသောပညာဖြင့် ကိလေသာမှ လွတ်ကင်းသောရဟန္တာ
         ( ၃ ) ဥဘတောဘာဂ       =   လောကီဝိဇ္ဇာ အဘိညာဉ်မပါ ၊ သဒ္ဒါ ပညာ နှစ်ပါးဖြင့်သာ ကိလေသာမှ
         ( ၄ ) တေဘိဇ္ဇရဟန္တာ       =   ၀ိဇ္ဇာသုံးပါးဖြင့် ပြည့်စုံသောရဟန္တာ
         ( ၅ ) ဆဠာဘိညာဉ်ရဟန္တာ =   အဘိညာဉ်(၆)ပါးနှင့် ပြည့်စုံသည့် ရဟန္တာ
         ( ၆ ) ပဋိသမ္ဘိဒါပတ္တရဟန္တာ  =   ပဋိသမ္ဘိဒါလေးပါးသို့ ဆိုက်ရောက်သော ရဟန္တာ
         ဟူ၍ ဖြစ်ပါသည်။
         အချို့သော ဗုဒ္ဓဘာသာဝင်များက ဈာန်အဘိညာဉ်ရမှ ရဟန္တာဟု ထင်နေကြသည်။ လောကီဈာန်များမှာ မြဲသည်မဟုတ်။ အချို့သော ရသေ့ရဟန်းများပင် ရခဲ့ဖူးကြသည်။ ဈာန်အဘိညာဉ်မရှိဘဲ သူလိုငါလိုသာ နေထိုင်သော ရဟန္တာများ တစ်ပုံတစ်ပင် ရှိပါသည်။ ထိုရဟန္တာမျိုးကို သုခက၀ိပသာက ရဟန္တာဟု ကျမ်းဂန်များတွင် ဆိုပါသည်။ ရဟန္တာဖြစ်သွားလျှင် အောက်ပါကိစ္စ ငါးပါးကို အလျဉ်းရှောင်ကြဉ်သည်ဟုလည်း သိရ၏။ ထိုငါးပါးကား ........
         ပါဏာတိပါတ     ( သူ့အသက်ကို သက်ခြင်းမရှိ )
         အဒိန္နဒါနာ          ( သူ့ဥစ္စာကို ခိုးယူခြင်းမရှိ )
         မေထုနဓမ္မသံဝါသ ( မေထုန်မှီဝဲမှု့မပြုခြင်း )
         မုသာဝါဒ             ( လိမ်လည်ပြောဆိုမှု့ မပြုခြင်း )
         သန္နိဝါကာရသ      ( ခဲဖွယ်ဘောဇဉ်များကို နောက်တစ်နေ့အတွက် သိမ်းဆည်းသိုမှီးမှု့မပြုခြင်း ) တို့ ဖြစ်ပေသည်။
         ဝှေသုခီဆရာတော်သည် ထိုငါးပါးလုံးကို ရှောင်ကြဉ်သည့်အပြင် နှစ်ကာလများစွာ တောအရပ်သို့ထွက်ကာ  ချောက်ချောင်ကမ်းပါး (ကန္တာရ)များ သုသာန်သင်္ချိုင်းများနှင့် ၀နပတ္တခေါ် ရွာနှင့်ဝေးသည့် တောနက်ကြီးများတွင် တစ်ပါးထဲ ကျင့်ကြံအားထုတ်ခဲ့သော ပုဂ္ဂိုလ်ထူးကြီး ဖြစ်ပေသည်။
         ထိုပုဂ္ဂိုလ်ထူးကို ( ၁၂၅၃ )ခုနှစ် ၊ တန်ဆောင်မုန်းလပြည့်ကျော် ( ၁၄ )ရက် ၊ ( ၃၀.၁၁.၁၈၉၀ )တွင် မံစီကြီးတိုက်နယ် ၊ မန်ကျည်းကုန်းကျေးရွာ၌ အဖဦးလိပ်စု ၊ အမိ ဒေါ်မင်းနေတို့မှ စတုတ္ထသားရတနာအဖြစ် မွေးဖွားခဲ့ပါသည်။ ငယ်အမည်မှာ မောင်စံချုပ်ဟု ခေါ်ပါသည်။ မောင်စံချုပ်မွေးသောအချိန်က အိမ်ဘေးရှိ မကျည်းပင်ကြီးမှာ နှစ်တိုင်းလို အချဉ်သီးမသီးဘဲ အချိုသီးများသာ သီးပေးခဲ့သည်။
         အရွယ်ရောက်သောအခါ ရွာရှိဆရာတော် ဦးသောမထံ ကျောင်းအပ်သည်။ မောင်စံချုပ် ( ၁၄ )နှစ်သားအရွယ်တွင် မံစီတိုက်နယ် ၊ မံဝိန်းကျောင်းဆရာတော် ( ဦးနန္ဒိသာရ )ထံ ကျောင်းပြောင်းထားကာ ကိုရင်ဝတ်ပေးခဲ့ပါသည်။ တနင်္လာသားဖြစ်၍ ရှင်က၀ိန္ဒဟု အမည်ပြုခဲ့သည်။ နောင်တွင် မံစီတိုက်နယ် ဂိုဏ်းအုပ်ဆရာတော် ဦးနေမိန္ဒထံတွင် လောကုတ် ၊ လောကီ နှစ်လီသော ပညာရပ်များကို သင်ကြားပေးခဲ့သည်။
         ဝှေသုခီရဟန္တာလောင်းလျာမှာ ပညာသင်ကြားရာတွင် ပရိယတ္တိထက် ပဋိပတ္တိကိုသာ အားသန်တော်မူသည်။ ( ၁၂၇၂)ခု ၁၉၁၀တွင် ဆရာတော် ဦးတေဇောဘာသက ရှင်က၀ိန္ဒအား ပေပင်ချောင်း ၊ ဒီရေသိမ်တွင် ရဟန်းခံပေးတော်မူကြောင်း ထေရုပ္ပတ္တိ ကျောက်စာများ၌ ဖတ်ခဲ့ရသည်။ ဆရာတော်ကို ဦးစွာ ရဟန်းခံသူများမှာ မိရင်းဖရင်းများ ဖြစ်သည်။ ဒုတိယအကြိမ် သိမ်ထပ်ရဟန်းခံပေးသူများမှာ မံစီကြီးကျေးရွာနေ ဟိန္ဒူလူမျိုး ( ဦးမိကျန်နှင့်ဒေါ်ညွန့် )တို့ ဖြစ်သည်။
         ဂျပန်ခေတ်အခါက ( ၁၉ )၀ါအရတွင် အထူးသံဝေဂတစ်ခု ဖြစ်တော်မူသည်။ ဂျပန်များသည် ဝှေသုခီကျောင်းအနီး စခန်းချပြီး လူသတ်ခြင်း ၊ နွားသတ်ခြင်းများ အကြိမ်ကြိမ်ပြုလုပ်နေသည်ကို မြင်တော်မူ၍ ရဟန်းတို့ဘာဝ လွန်စွာထိတ်လန့်တော်မူသည်။ ပဉ္စကနိပါတ် အနာဂတဘယသုတ်လာ ဘေး(၅)ဖြာကိုလည်း ဆင်ခြင်မိသည်။ ထိုဘေးငါးဖြာကား " အို ၊ နာ ၊ ဆွမ်းရှား ၊ ထပွားလူပုံ ၊ ကွဲတုံသံဃာ ၊ ဘေးငါးဖြာ နောင်ခါရောက်တတ်လှ။ ဘေးမရောက်ခင် ယခုပင် ၊ တောဝင်ကျင့်လေမှ " ဟူ၍ ဖြစ်ပါသည်။
         နောက်ဆုံးတွင် ဝှေသုခီဆရာတော်သည် မာဃဒေ၀ကျမ်းလာ ငါးပါးသံသဂ် ၊ မရောယှက်အောင် ၊ တောထွက်ပြီးကာ ၊ ခွာကြီးခွာ၍ ၊ မဟာနိက္ခမန ၊ သင်္ကပ္ပဖြင့် ၊ မာတင်္ဂကြီး ၊ ဖော်ရှောင်မှီးသို့ ၊ ကိုယ်ထီးအောင်းခို ၊ ဗြဟ္မစိုရ်ကို ၊ အလိုတော်ပြည့် ၊ ပြီးအောင်ဖြည့်လိမ့် " ဟူသော စကားအတိုင်း တစ်ကိုယ်တော်တည်း ဖော်မမှီးဘဲ တောထွက်တော်မူခဲ့ပါသည်။ ဆရာတော်သည် လူသူမနီး တောကြီးထဲ၌ အရည်ကင်ဓူတင် ( လူတို့အရပ်ကို ရှောင်ကာ တောတွင်း၌သာနေခြင်း ) ၊ ရုက္ခမူဓူတင် ( သစ်ပင်ရင်း၌သာ နေခြင်း) ၊ နိသဇ်ဓူတင် ( အိပ်ခြင်းကိုပယ်ကာ ထိုင်ခြင်း ၊ လျှောက်လှမ်းခြင်းသာပြုခြင်း ) ၊ သုသာနဓူတင် ( သင်္ချိုင်းကုန်း ၊ သုသာန်၌နေခြင်း ) စသည့် ဓူတင်အကျင့်များကို နှစ်ရှည်လများ ဆောင်ရွက်တော်မူခဲ့သည်။
         ဆရာတော်ကြီး တရားအားထုတ်သောနေရာများမှာ ဝှေသုခီရွာနှင့် အနောက်တောရွာအကြား ၊ တောတန်း ၊ သဲချောင်းတစ်လျှောက်တွင် ဖြစ်ပါသည်။ ရွာနှင့် လေးဖာလုံကွာသော ရေရှင်ကုန်းတွင် နှစ်ဝါ ၊ တစ်မိုင်ကွာဝေးသော ပန်းတိမ်ကုန်းတွင် နှစ်ဝါ ၊ သုံးမိုင်ကွာသော ဘုန်းကြီးတောင်၌ နှစ်ဝါ ၊ ရွာနှင့် တစ်မိုင်သာဝေးသော ဝှေကုန်းတောင်၌ နှစ်ဝါ ၊ ရှေးယခင်က ဓူတင်ဆောင်ဖူးသော ပန်းတိမ်ကုန်းကြီးတောင်တွင် ( ၁၇ )၀ါ ၊ စုစုပေါင်း ( ၂၅ )၀ါလုံးလုံး လူအတွေ့မခံဘဲ ကျင့်ကြံနေထိုင်တော်မူခဲ့လေသည်။
         တစ်နေ့သောအခါ ဝှေသုခီရွာမှ မုဆိုးနှစ်ဦး အနောက်တောဖက်ထွက်၍ တောလိုက်ထွက်စဉ် ဂျီတစ်ကောင်ကို မြှားမှန်သွားသည်။ ထိုဂျီ၏ဒဏ်ရာ သွေးစက်များကို ခြေရာခံပြီး နောက်ရောင်ခံလိုက်သွားစဉ် သစ်ပင်ရင်း၌ မျက်စိမှိတ်ကာ တရားအားထုတ်နေသော ရဟန်းတစ်ပါးကို တွေ့ရသည်။ မုဆိုးတို့လည်း လေးနှင့်မြှားကို မြေချကာ ဘုန်းကြီးကိုဝတ်ပြုလေသည်။ ဘုန်းကြီးက မျက်စိဖွင့်မကြည့်ဘဲ .......
         " မင်းတို့ ဂျီလိုက်လာကြတာလား ၊ ဂျီက ဂျီအစစ်မဟုတ်ဘူးကွ ၊ ငါနဲ့မင်းတို့ ဆုံမိအောင်
           ဒီဖက်ပြေးလာရှာတာပါ ၊ ငါ့ကို မသိဘူးလား ၊ မင်းတို့ရွာက ဝှေသုခီဘုန်းကြီးလေကွာ " ဟု ရှမ်းစကားဖြင့် ပြောသည်။ ( နတ်များက ရွာသားများနှင့် ဘုန်းကြီးကိုဆုံမိအောင် ဂျီယောင်ဆောင်၍ ခေါ်ခဲ့ကြောင်း ဆရာတော်က နောင်ကြာမှ ပြောပြပါသည် )
         သို့နှင့် မုဆိုးနှစ်ဦးလည်း ရွာသို့ပြန်သွားပြီး ပန်းတိမ်ကုန်းပေါ်တွင် ဆရာတော်ကို ပြန်တွေ့ခဲ့ကြောင်းပြောကြားရာ ရွာလူကြီးတို့ ချက်ချင်းသွားကာ ဆရာတော်အား ရွာသို့ပင့်ဆောင်ခဲ့သည်။ ရွာအနီး ကိုက်နှစ်ရာအကွာလောက်တွင် ယာယီဝါးတဲဆောက်ပေးရာ ထိုဝါးတဲပေါ်တွင် ပျံလွန်တော်မူသည်အထိ နေသွားခဲ့သည်။( နောင်လှူဒါန်းသော သစ်သားကျောင်းပေါ်တွင် နေထိုင်ခြင်းမရှိပါ ) ဆရာတော်သည် ရွာသားများကို တရားဟောလေ့မရှိ။ ငါးပါးသီလပေးကာ ရွာသို့ပြန်လွှတ်သည်။ လာရောက်လှူဒါန်းသော ပစ္စည်းဥစ္စာ ရွှေငွေများကို လုံးဝကိုင်တွယ်မှု့မပြု ၊ ထိုခေတ်က ငွေစက္ကူမျိုးစုံ ကျောင်းပေါ်၌ ပလူပျံနေသည်။ ရွာမှ ကပ္ပိယ ၊ ကျောင်းသား စသည် ခေါ်မထား။ ဆရာတော်အနီးတွင် ဆယ့်ငါးနှစ်သားအရွယ် လူငယ်တစ်ဦးကို ရံဖန်ရံခါတွေ့ရသည်။( ဘယ်ရွာကမှန်းမသိ။ နတ်များ လူယောင်ဆောင်၍ စောင့်ရှောက်ထားခြင်းဖြစ်မည်ဟု ရွာလူကြီး ဦးဘိုးတုတ်တို့က ပြောပြပါသည်)
         ထူးခြားသည်မှာ ဆရာတော်၏ကျောင်းတွင် အိပ်ရာ ၊ ခေါင်းအုံး ၊ စောင်မရှိ။ ဆောင်းတွင်းအခါ မီးလည်းမလှုံ ၊ ရေလည်းမချိုး ၊ဆံလည်းမရိတ်။ ဆရာတော် အမြဲနေထိုင်သော သင်ဖြူးရာအောက်တွင် တီကောင်လိုလို အမောက်နှင့်အကောင် သတ္တ၀ါတစ်မျိုးရှိသည်။( နဂါးဟု ပြောကြပါသည်)ဤသို့ဖြင့် နတ်နဂါးများ စောင့်ရှောက်နေသော ဝှေသုခီရဟန္တာကိုယ်တော်မြတ်သည် သိက္ခာတော်(၆၇)၀ါ ၊ သက်တော်(၈၇)နှစ်အရွယ် ( ၁၃၃၉ )ခု ၊ တပိုတွဲလဆန်း (၆)ရက်နေ့တွင် ခန္ဓာဝန်ချတော်မူခဲ့သည်။ ဆရာတော်၏ မပုပ်မသိုးသော အလောင်းတော်မှ အပုပ်နံ့မထွက် ၊ ပန်းနံ့တစ်မျိုး မွှေးကြိုင်နေသည်။ ဆရာတော်၏ ထူးခြားချက်များစွာအနက်မှ အချို့အချက်များကို စာဖတ်သူ ၊ ယောဂီတို့ ကြည်ညိုနိုင်စေရန် ရွေးချယ်တင်ပြလိုက်ပါသည်။
        - တောထွက်ချိန်မှစ၍ အဖော်မမှီး တစ်ကိုယ်တည်းနေထိုင်ခြင်း ၊
        - ဆွမ်း ၊ သင်္ကန်း ၊ ကျောင်း ၊ ဆေး ပစ္စည်းလေးပါးကို အလှုခံခြင်းမရှိ။ ရောင့်ရဲနေထိုင်ခြင်း ၊
        - မည်သည့် ပုဇော်သက္ကာယပြုမှု့ကိုမျှ မမက်မော။ သိုမှီးသိမ်းဆည်းထားခြင်းမရှိ။
        - လုံးဝလဲလျောင်းအိပ်စက်ခြင်းမရှိ။ အခြားက္ကုရိယာပုတ်ဖြင့်သာနေသည်။ က္ကုရိယာပုတ် အပြောင်းအလဲမြန်သည်။
        - ၀ါးကျောင်းငယ်၌သာနေ၍ ညအခါမီးမထွန်းရ။( အခြားအလင်းရောင်များ ကျောင်းငယ်၌မကြာခဏတွေ့ရသည်)
        - မိမိလိုရာသို့ အငဲ့အကွက် ၊ အတွယ်အတာမရှိ။ ရွာသားများကို အသိမပေးဘဲ ကြွသွားတတ်သည်။
        - ရွာသားများကျောင်းပေါ်လာလျှင် လူသံကြားသည်နှင့် အခန်းတွင်းဝင်ရှောင်နေတတ်သည်။
        - ဆရာတော်အနီး၌ နတ်ဟုထင်ရသောလူငယ်တစ်ဦး ၊ ဖျာအောက်တွင် နဂါးဟုထင်ရသော အကောင်တစ်ကောင်
           စောင့်ရှောက်နေသည်။
         - လူဆိုးသူခိုး ၊ မြွေ ၊ ကျားတွေ့သော်လည်း ကြောက်ရိပ်မထင်။
         - သူတစ်ပါး၏စိတ်ကို ကြိုတင်သိတော်မူခြင်း ၊
         - ကျောင်းပေါ်ရှိပစ္စည်းများကို ဘယ်သူယူယူ ဘာမျှမပြော ၊
         - ဥပုသ်ကြုံလျှင် ဒကာ ၊ ဒကာမများကို ငါးပါးသီလသာပေးသည်။
         - ပရိတ်ရေတောင်းလျှင်ပရိတ်ရွတ်ပေးခြင်းဖြင့် ကိုးကွယ်သူတို့အား အန္တရာယ်ကင်းစေပါသည်။
         - ပျံလွန်တော်မူပြီး ရုပ်ကလာပ်တော်မှ အမွှေးရနံ့ထွက်သည်။ ခြေလက်များ ၊ ကွေးဆန့်၍ရသည်။
            တောင့်တင်းမနေ။
         - အသားခေါင်းမှ မှန်ခေါင်းသို့ပြောင်းစဉ် ခုခံထားသော သင်္ကန်းတော်၌ ဆရာတော်၏ပုံ
             ပန်းချီဆွဲသလို ပေါ်နေခြင်း။
         - သနားငဲ့ညှာ၍ ထိုပုံကိုပေးကြောင်း ဆရာတော်မှ အိမ်မက်ပေး၍ ပြောကြားခြင်း။
         - ဆရာတော်နှင့်သက်ဆိုင်သည့် ပွဲလမ်းလုပ်လျှင် ပွဲတွင်ခိုက်ရန်ဖြစ်မှု့ လုံးဝမရှိ။
         - ပွဲခင်းမှ အမှိုက်များမှာ လေပွေမွေ့၍ သူ့အလိုလို ရှင်းသွားတတ်ခြင်း။ စသည်တို့ ဖြစ်ပေသည်။
         ထူးခြားဆန်းကြယ်သော ရဟန္တာကြီး၏အလောင်းတော်ကို ဗန်းမောက် ၊ မံစီရောက်ပါက ဖူးဖြစ်အောင် ဖူးခဲ့ပါဟု နှိုးဆော်တိုက်တွန်းပါသည်။
 မှတ်ချက် ။         ။ ဆောင်းပါးရှင် နီငြိမ်း (အညာတက္ကသိုလ်)မှ ၂၀၀၈ခုနှစ်တွင် ရေးသားခဲ့သော တောခေါင်ခေါင်တွင် ဖူးတွေ့ခဲ့ရသော ဝှေသုခီဆရာတော် ဆောင်းပါးမှ ကောက်နှုတ်၍ ပြန်လည်မျှဝေ တင်ပြခြင်းသာဖြစ်ပါသည်။
ဧဒင်ဥယျာဉ်မှ သူငယ်ချင်းများ ၊ အဖွဲ့ဝင်များအားလုံး စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာကြပါစေခင်ဗျာ။
0 ကွန်မန့်ရေးရန်:
Post a Comment