Saturday, February 23, 2013

“မကြီးပွားကြောင်း ဆယ့်တစ်ပါး”

"မေတ္တာဖြင့် စီးပွားရှာခြင်း"

  မေတ္တာရှင်ဆရာတော်သည် ၄င်းကိုယ်တိုင် မြို့နယ်ပေါင်း (၇၅) မြို့နယ် တွင် တရားဟောပြီး ပရိသတ်လက်ခံမှုကိုလည်း အပြည့်အ၀ရထားသော “ဗုဒ္ဓဟောကြား ကြီးပွားကြောင်းတရား”ဟူသည့် ဟောတရားကို ပြင်ဆင်ဖြည့် စွက်ကာ ရေးသားထား သော စာအုပ်ဖြစ်၏။ ၎င်းဤစာအုပ်တွင် မြန်မာ တစ်မျိုးသားလုံးကို ကြီးပွားစေလိုသော မေတ္တာရှင်ဆရာတော်၏ စေတ နာ မေတ္တာကို တွေ့နိုင်ပါသည်။ တစ်မျိုးသားလုံးဆင်းရဲ သားဘ၀ရောက်၍ နိမ့်ကျနေမှုသည် ဗုဒ္ဓတရားတော်နှင့်မဆိုင်၊ ဗုဒ္ဓဘာသာရွှေမြန်မာ အများစုက ဗုဒ္ဓတရားတော်အတိုင်း လိုက်နာကျင့်ကြံအားထုတ်မှု မရှိသောကြောင့်သာ ထိုကဲ့သို့နိမ့်ကျနေရခြင်းဖြစ်ကြောင်း၊ထို့ကြောင့် တစ်မျိုးသားလုံးအနေဖြင့် အဘက်ဘက်မှ မနိမ့်ကျရအောင် ယနေ့မှစ၍ ပြုပြင်ကြိုးစားသင့်ကြောင်း ၊ စေတနာမောင်းခတ်ထားသောစာအုပ်ဖြစ်၏။                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                           
                     “မကြီးပွားကြောင်း ဆယ့်တစ်ပါး”
       မေတ္တာရှင်ဆရာတော် နိုင်ငံခြားသို့ သာသနာပြုကြွစဉ်၊ နိုင်ငံခြားရောက် ဗုဒ္ဓဘာသာဝင် အများစု မေးတတ်လေ့ရှိသော မေးခွန်းတစ်ခုကို အကျဉ်းဖြေ၍ အကျယ်ရှင်းပြရာမှ ဤစာအုပ်ဖြစ်ပေါ်လာရခြင်းဖြစ်၏။
မေး -   မြန်မာတိုင်းရင်းသားအများစုသည် အမြတ်ဆုံးဗုဒ္ဓဘာသာကို ကိုးကွယ်နေပါလျက်၊ အလှူဒါန များစွာပြုနေကြပါလျက်၊ ကြီးပွားတိုးတက်သူကနည်းပြီး ဆင်းရဲ နွမ်းပါးသူက များပြားနေရသည်မှာ အဘယ်ကြောင့်ပါနည်း။
ဖြေ -    ဗုဒ္စဘာသာဝင်များဖြစ်နေပါလျက် ဗုဒ္ဓ၏စကားကို နားမထောင် ကြသောကြောင့် ကြီးပွားသင့်သလောက် မကြီးပွားကြခြင်းဖြစ်၏။
                                                                                                                                         ( စာ - ၆ )
       ဆက်လက်၍ မေတ္တာရှင်ဆရာတော်သည် ဗုဒ္ဓဘာသာ ရွှေမြန်မာတို့၏ ဗုဒ္ဓစကား နားမထောင်ပုံကို အချက် (၁၁) ချက်ဖြင့် မှတ်တမ်းတင်ပြထား၏။
၁။     ဗုဒ္ဓကဒါနပြုလျှင် လောကကောင်းစားရေးကိုကြည့်ပြီး လိုအပ်သောနေ ရာတွင် လှူခိုင်း၏။ ဗုဒ္ဓဘာသာဝင်အများစုက ငါကောင်းစားရေးကို ရှေ့တန်း တင်ပြီး  မလိုအပ် သောနေရာတွင် ပုံ၍လှူတတ်ကြ၏။
၂။     ဗုဒ္ဓကစီးပွားရှာလျှင် သမ္ပဒါတရားလေးပါးနှင့် ပြည့်စုံရမည်ဟုညွှန်ပြ၏။ ဗုဒ္ဓဘာသာဝင်အများစုကား တစ်ခါမျှ မပြည့်စုံကြ။
၃။     ဗုဒ္ဓကဘာသာရေး အပေါ်မှာထားသော မေတ္တာစေတနာမျိုး၊ စီးပွားရေးအပေါ်မှာ ထားခိုင်း၏။ ဗုဒ္ဓဘာသာဝင်အများစုက မလိုက်နာကြ။
၎။     ဗုဒ္ဓက ကြီးပွားတိုးတက်ရန် မိမိကိုယ်ကိုမပျက်စီးအောင် ထိန်းသိမ်းသော “အတ္တသမ္မာပဏိဓိ” မင်္ဂလာနှင့် ပြည့်စုံရန် ညွှန်ပြခဲ့၏။ အများစုက မလိုက်နာကြ။
၅။     ဗုဒ္ဓဟောကြားသော ရောင့်ရဲခြင်းအစစ်ကို မကျင့်သုံးကြဘဲ အကုသိုလ်တွင် ပါဝင်သော “ကောသဇ္ဇ”ခေါ် ပျင်းရိခြင်းကို ရောင့်ရဲခြင်းဟု မှားယွင်းကျင့်သုံးနေမိကြ၏။
၆။     ဗုဒ္ဓကကြီးပွားတိုးတက်လိုသူများသည် အချိန်မှန်သမျှထဲမှ ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်မျိုးမျိုးကို အမြဲရအောင်ယူရမည်ဟု ညွှန်ပြ၏။ ဗုဒ္ဓဘာသာဝင်အများစုကား အချိန် မှန်သမျှထဲမှ  အကုသိုလ်၊ မောဟ၊ မွဲပြာကျဆေး (အသုံးအဖြုန်းကြီးခြင်း) တို့ကိုသာ ထုတ်ယူနေကြ၏။
၇။      နိုင်ငံတကာ ဗဟုသုတ မရှိခြင်း။
၈။      စာပေ ဗဟုသုတ မရှိခြင်း။
၉။      ကိုယ်ထက်သာလျှင် မနာလိုခြင်း။
၁၀။    ခေါင်းဆောင်စိတ် နည်းပါးခြင်း။
၁၁။    မိမိကိုယ် မိမိ အားကိုးလိုစိတ် မရှိခြင်းများသည် ဗုဒ္ဓဘာသာဝင် အများစု၏ မကြီးပွားခြင်းအကြောင်းများပင်ဖြစ်၏။         ( စာ-၆-၇ )
        အထက်ပါအချက် (၁၁) ချက်သည် ဤစာအုပ်(မေတ္တာဖြင့် စီးပွားရှာခြင်း)၏ ဗဟိုမဏ္ဍိုင် ဖြစ်၏။ ဤစာအုပ်၌ မေတ္တာရှင်ဆရာတော်သည် ထိုအချက်များကို တစ်ချက်ချင်း ရှင်းလင်းဖွဲ့ဆိုထားပေသည်။
ပထမအချက်
       မေတ္တာရှင်ဆရာတော် ထောက်ပြသော မြန်မာလူမျိုးတို့၏ ပထမ အားနည်းချက်မှာ လောကကောင်းစားရေးအတွက် မလှူဘဲ၊ ငါကောင်းစားရေးအတွက် လှူကြခြင်းဖြစ်သည်။ ဤအခန်း၌ မေတ္တာရှင် ဆရာတော်သည် ကျောင်းဒကာ ကျောင်းအမ အမည်ခံသာ ခံယူလိုကြပြီး၊ ကုဋီဒကာ၊ ကုဋီဒကာမ အမည်မခံလိုကြသော  ဗုဒ္ဓဘာသာဝင်အ များစု၏ အားနည်းချက်ကို ထောက်ပြ၍ ကိုယ်တိုင်ကုဋီလှူဒါန်းပြထား၏။ ဂဏန်းပေးသော ဆရာတော်ထံ လှူဒါန်းထားသော ငွေကျပ်ဘီလီယံ (၄၀)မှာ အဟောတိကံဖြစ်နေ၍ အမျိုးဘာသာ သာသနာအတွက် အကျိုးမများပုံ၊ ထိုအချိန်တွင် လူငယ်ဖွံ့ဖြိုးရေး၊ ပရဟိတ ဂေဟာများ၌ မိဘမဲ့ကလေးများမှာ မ၀ရေစာ စားနေရပုံ၊ ဘုရားတည်ခြင်းကို သာသနာပြုခြင်းဟု မခေါ်နိုင်ဘဲ ဒါနပြုခြင်းဟုသာခေါ်ဆိုနိုင်ပုံ၊ ဒကာ ဒကာမများက ဘုရားတည်သော ဘုန်းကြီးများကိုသာ လှူဒါန်းပြီး စာသင်တိုက်များ၊ ရိပ်သာများကိုပစ်ထားကြ၍၊ ပြည်နယ်တစ်ခု၌ သာသနာကွယ်ရပုံတို့ကို ပြဆိုထားပြီး ရုပ်ပွားတစ်ထောင်၊ ဘာတစ်ထောင်၊ ညာတစ်ထောင် စသည်တို့ဖြင့် ဘုရားဖူးများကို ဆွဲဆောင်နေသည့် အမည်ခံသာသနာပြုများကိုလည်း ရုပ်ပွားတွေတိုးလာပြီး ကလေး တွေလျော့ပါးသွားပါက သာသနာလျင်မြန်စွာပျောက်ကွယ်နိုင်ကြောင်း ထောက်ပြထား ၏။
  ထို့အပြင်မြေပြင်မှာ ဘုရားတည်ခြင်းဖြင့် သာသနာတော်ကို မစောင့်ရှောက်နိုင်ပုံကို အင်ဒိုနီးရှားရှိ ဗောဓေါဗုဓု ကျောက်စေတီကြီးနှင့် အာဖဂန်မှ ရုပ်ပွားတော်များကို သာဓ ကပြုထား၏။ နှလုံးသားမှာဘုရားတည်ခြင်းကသာ သာသနာပြု ကုသိုလ်အစစ်ဖြစ်ပုံ၊ သာသနာကို ကာကွယ်စောင့်ရှောက်နိုင်ပုံတို့ကို ကိုယ်တွေ့အဖြစ်အပျက်များဖြင့် သာဓက ပြုထား၏။
        ထို့အပြင် “ဗုဒ္ဓဘာသာအများစုသည် မည်သည့်ကောင်းကျိုးမျှ မရနိုင်သည့် ပကာ သနဒါနများကို လျှော့၍ လူမှုရေးဒါနများကိုသာ ဦးစားပေးသင့်ကြပြီ”ဟု ကျွန်ုပ်တို့အား အတိအလင်း သတိပေးထားသည်ကိုတွေ့ရ၏။   
        ဤစာအုပ်ကိုဖတ်မိသော ကျွန်ုပ်သည် ဤအခန်း(၁) ဖြင့်ပင်“တန်”ပြီဟု မှတ်ယူမိ၏။ ဤစာအုပ်သည် ဖတ်ရှုသူတို့အတွက် ပေးရသောအချိန်၊ ကုန်သောငွေကြေး၊ ရင်းနှီးရ သောလုပ်အား တန်ဖိုးနှင့်ထိုက်တန်သော အသိတရားနှင့် ဗဟုသုတကို ပေးစွမ်းနိုင်စွမ်း ရှိသော စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်ဟု ယုံကြည်မိ၏။ သို့သော် ဤစာအုပ်၌ ဆရာတော်သည် ဗုဒ္ဓဘာသာဝင် အများစုကို အပြစ်ဆိုထားသည်ကိုတွေ့ရ၏။
        ကျွန်ုပ်အလိုမူ သာသနာဤသို့အားနည်းရခြင်း၊ ရွှေမြန်မာ ဤသို့ဆင်းရဲ ရခြင်း၌ အဓိကတာဝန်ရှိသူမှာ ကျွန်ုပ်တို့ရဟန်းသံဃာ များ ဖြစ်သည်ဟု ဆိုချင်ပါသည်။ လွန်ခဲ့ သည့် ဆယ်နှစ်ကျော်က၊ သံဃာ့အဖွဲ့အစည်းတစ်ခု၏ အမြင့်ဆုံးရာထူးရသူ ဆရာတော် ကြီးတစ်ပါး၏ သက်တော်ရှည်မွေးနေ့ပွဲ၌ သိန်းပေါင်းရာချီထောင်ချီ သုံးစွဲခဲ့သည်ကို တွေ့ရ၏။ ဤသည်ကို ကျွန်ုပ်၏ဆရာ ဘဒ္ဒန္တသီရိန္ဒာဘိဝံသဆရာတော်ကြီးက- “နှမြောလိုက်တာ ကွာ” ဟု သူ၏တပည့်ကြီးများဖြစ်သော မစိုးရိမ်နာယကများရှေ့၌ ဣဿာ ကင်းကင်း မစ္ဆရိယရှင်းရှင်းဖြင့် သာသနာအတွက်ရင်လေးဟန် အပြည့်နှင့် ညဉ်းတွားခဲ့ဖူး၏။ အမှန်အားဖြင့် ဗုဒ္စဘာသာဝင်တို့သည် “ရှေ့ဆောင်နွားလား အဖြောင့်သွားက နောက်နွားတစ်သိုက်အဖြောင့်လိုက်၏”ဟူသော သဘောမျိုး ရှိကြ၏။ ယခုပင် ဆရာတော်က ကုဋီရေအိမ်ကို ရှေ့ကလှူပြသည့် အခါ နောက်မှလိုက်လှူသူ များ၊ ဓမ္မာရုံအတွက် မျက်နှာကျက် လှူကြသူများ စသည်ဖြင့် လိုအပ်ရာ နေရာတို့ကို ရွေးချယ်လှူဒါန်းလာကြသည်ကို တွေ့ရ ၏။ ထို့ကြောင့် ကျွန်ုပ်အလိုအရမှု ဘာသာရေး ခေါင်းဆောင်ပိုင်း ဖြစ်သော ကျွန်ုပ်တို့ရဟန်းသံဃာများ၌သာ တာဝန်ရှိ၏ဟု ဆိုရခြင်း ဖြစ်၏။
ဒုတိယအချက်
        ဤအခန်းသည် သမ္ပဒါလေးပါးနှင့်ပတ်သက်၍ အကျယ်ဖွင့်ဆိုပြ ထားသောအခန်း ဖြစ်၏။ စာတွေ့မှတ်တမ်းရော၊ ငါတွေ့စစ်တမ်းပါ စုံလင်လှ ၏။ မြန်မာသူကြွယ်များ ကမ္ဘာအဆင့်သို့မရောက်ရခြင်း အကြောင်းတရားကို သတ္တုချ ကောက်ချက်ဆွဲပြထားပြီး၊ တစ်ချိန်က ကျွန်ုပ်တို့ထံသို့လာရောက် နည်းယူနေရသော ကျွန်းနိုင်ငံငယ်လေးက ယခုအခါ ကျွန်ုပ်တို့ကို ကျော်တက် သွားပြီး ကမ္ဘာမှာ စင်ကာပူ ဟု အောင်လံတလူလူ လွှင့်ထူနိုင်နေပြီဖြစ်ကြောင်း မီးမောင်းထိုးပြထား၏။
       မေတ္တာရှင်ဆရာတော်၏ အောက်ပါအကြံပြုချက်လေးကို ဖတ်ရသည်မှာ ဆင်းရဲ မွဲတေခြင်းကို သရုပ်ဖော်ပေးသလို ရှိလှ၏။ မှန်၏။ စေတနာဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ” ဟု မြတ်စွာဘုရား ဟောကြားတော်မူ၏။ ဤသည် ကို စေတနာမှန်သော ကံတရားဟု ကျွန်ုပ်တို့နားလည်ထားကြ၏။ စေတနာမွဲ လျှင် ကံမွဲမည်။ ကံမွဲလျှင် လူမွဲမည်။ စေတနာဆင်းရဲလျှင် ကံဆင်းရဲမည်။ ကံဆင်းရဲ လျှင် လူဆင်းရဲမည်ဖြစ်၏။ (စေတနာမွဲလျှင် ငွေအသပြာ မွဲမည် ဟူလို ) ထို့ကြောင့် အလုပ်သမားဘ၀မှ အလုပ်ရှင်ဘ၀ရောက်လိုသူများသည် အလုပ်ရှင်အပေါ်၊ လုပ်ငန်းအပေါ်၊ စားသုံးသူအပေါ် စေတနာကောင်းများ များစွာထားဖို့ လိုအပ်ပေသည်။
       အလုပ်သမားဟူသည် အလုပ်အပေါ်၊ စားသုံးသူအပေါ် အလုပ် ရှင်လောက် ဘယ်သော အခါမှ စေတနာထားလိမ့်မည် မဟုတ်ပေ။ ထိုသို့ စေတနာ မထားသောကြောင့် အလုပ် ရှင်ဘ၀သို့ မရောက်ဘဲ အလုပ်သမားဘ၀နှင့် နေကြရခြင်းပင်ဖြစ်၏။ အကယ်၍ အလုပ်ရှင် ၏ စေတနာမျိုးထားပြီး ကြိုးစားမည်ဆိုလျှင် နှစ်အနည်းငယ်အတွင်း အလုပ်သမားသည် အလုပ်ရှင်ဖြစ်လာပေလိမ့်မည်။ (စာ-၃၉)
တတိယအချက်
       “မေတ္တာဖြင့် စီးပွားရှာခြင်း”အမည်သည် ဤအခန်း၏ အမည်ဖြစ်၏။ ဘာသာရေး အပေါ်ထားသော မေတ္တာ၊ စေတနာမျိုး၊ စီးပွားရေးအပေါ် ထားနိုင်မှ ကြီးပွားချမ်းသာမည် ဟု ဆိုထား၏။ ဈေးရောင်းကောင်းအောင် ဓါတ်၊ ယတြာ၊ ဂါထာ၊ မန္တန်ဆောင်သာများ အမှန်ကန်သော နည်းလမ်းဖြင့် တစ်နပ်စားညဏ်ကြံသူများကို ရှုတ်ချထား၏။ လာဘ် ခေါ်ဇီးကွက်ရုပ်က မကြီးပွားစေနိုင်။ မေတ္တာစေတနာကသာ ကြီးပွားစေနိုင်သည်။ ရက်ရာဇာက ကောင်းကျိုးမပေး၊ မေတ္တာစေတနာကသာ ကောင်းကျိုးပေးနိုင်သည်။ ထို့ကြောင့် ရွှေမြန်မာများ အဆောင်မမှားဖို့ သတိပေးထားခြင်းဖြစ်၏။ အမှန်အားဖြင့် “မေတ္တာဆောင်မှ အောင်ပါမည်” “စေတနာထားမှ ငွေအလာ များမည်”ဖြစ်၏။ ဤသည်ကို ရွှေမြန်မာတို့ အထူးသတိချပ်အပ်၏။
စတုတ္ထအချက်
       ဤအခန်း၌ မေတ္တာစေတနာကြောင့် ကြီးပွားလာသူများအကြောင်းကို “မခင်ပြည့်၏ စေတနာ”၊“မြိတ်မြို့က ဦးစိုးကြီး ကွမ်းယာ” “အင်ဒရှုး ကာနက်ဂျီ ၏ မေတ္တာ”စသည့် ဖြင့် ရပ်ကွက်အဆင့်မှ ကမ္ဘာအဆင့်ထိ ပြဆိုထားသည်မှာ အားကျစရာကောင်းလှပါသည်။
မေတ္တာစေတနာကို အဓိကထားပြီး စီးပွားရှာလျှင် ကုသိုလ်လည်းရမယ်၊ အမြတ် လည်းရမယ်။ လုပ်ငန်းလည်း အဆမတန် အောင်မြင်မယ်။ အမြန်ရဖို့ အဓိကထားပြီး စီးပွားရှာရင် အမြတ်သာရမယ်၊ ကုသိုလ်လည်းမရဘူး။ တကယ့်အောင်မြင်မှုကိုလည်းမရဘူး”                                                                            (စာ-၉၀)    မှန်၏။ရွှေမြန်မာတို့ မေတ္တာစေတနာကို နယ်ပယ်အားလုံးမှာ အသုံးချတတ်ဖို့ လို၏။ သို့မှသာ ဆရာတော်ပြောသည့် စီးပွားရေး နယ်ပယ် ၌သာမက လူမှုရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ နိုင်ငံရေး စသည့်နယ်ပယ် အားလုံးမှာပါ ရွှေမြန်မာတို့ ကမ္ဘာနှင့်ချီ၍ အောင်မြင်လာ မည်ဖြစ်၏။ ဟင်နရီကစ်ဆင်းဂျား၊ ဘီလ်ဂိတ်၊ မာသာထရီဇာ၊ မဟတ္တမ ဂန္ဓီ၊ ဦးသန့်၊ လီကွမ်ယုတို့သည် မေတ္တာကြောင့် အောင်မြင်ခဲ့ကြသူများဖြစ်၏။ သို့သော် ရွှေမြန်မာ အများစုကမူ သံဃာတော်များအပေါ် ခြေသုတ် ပုဆိုး မြေစွယ်ကျိုးသို့ ရိုကျိုးနိုင်ကြပါလျက်၊ အိမ်ဖော်နှင့် အလုပ်သမားများ အပေါ်မှာတော့ မောက်မာလွန်းကြ၏။ သိန်းပေါင်း ရာချီ ထောင်ချီ အကုန်အကျခံ၍ ကျောင်းဆောက် လှူဒါန်းနိုင်ပါလျက်၊ ခေါင်းရွက်ဈေး သည်များအပေါ် မတန်တဆ ဈေးနှိမ်ဆစ်တတ်ကြ၏။ အလကားနှင်နှင် အချောင်လည်း ရချင်ကြ၏။ ဤကဲ့သို့ တစ်ဘက်စောင်းနင်း မေတ္တာ စေတနာ ထားမူများကို ရှောင်ကြဉ် နိုင်ပါမှ၊ ဘုရားအလိုတော်ကျ ဗုဒ္ဓသာဝကအစစ် များ ဖြစ်နိုင်မည်ဆိုသည်ကို သတိထား စေချင်ပါသည်။
ပဉ္စမအချက်
        ဤအခန်း၌ ပျင်းရိခြင်းကို ရောင့်ရဲခြင်း ဟုအထင်းမှားနေသော ရွှေမြန် မာများကို ပြုပြင်ထား၏။ ဆရာချစ်စံဝင်းနှင့် ကိုးရီးယားသူဌေးတို့၏ ဆွေးနွေး ခန်းကို ဖတ်ရသည် မှာ ကျွန်ုပ်တို့လူမျိုးအတွက် အားတတ်စရာပင်-
ဆရာ - “ခင်ဗျား တော်တော် လောဘကြီးတာပဲ၊ တခြားနိုင်ငံမှာရှိတဲ့ စက်ရုံတွေနဲ့တင် ခင်ဗျားဆွေးမျိုးသားချင်း အားလုံးစားလို့မကုန်ပါဘူး။ ဒါနဲ့တောင် အပင်းပန်းခံပြီး စက်ရုံ တစ်ခု ထပ်တိုးချဲ့နေရသေးတယ်”
သူဌေး - “ပထမ မိသားစုအတွက်ရှာတယ်။ ဒီထက် တတ်နိုင် ရင်တော့ ဆွေမျိုးသားချင်း အားလုံးအတွက်ရှာတယ်။ ဒီထက်တတ်နိုင်လာခဲ့တော့ ကိုယ့်နိုင်ငံတစ်ခုလုံးအ တွက်ရှာတယ်”                                                             (စာ-၁၂၄)
ဗုဒ္ဓ၏ အဆုံးအမမှာ-
“အစွမ်းကုန်ရှာ ချွေတာစုဆောင်း၊ ကောင်းကျိုးဆောင်ရွက်”ဟူ၍ ဖြစ်၏။ သို့သော် ရွှေမြန်မာ အများစုမှာ ပျင်ရိခြင်းနှင့် ရောင့်ရဲခြင်းကို မခွဲခြားတတ်၍ အစွမ်းကုန် ရှာရမည့် အခွင့်အရေးကို ဖင့်နှေးနေကြခြင်း ဖြစ်၏။ ယခုအခါ ကျွန်ုပ်တို့လူမျိုးသည် အားလုံးထက်နောက်ကျနေပြီ၊ အားလုံးအောက် နိမ့်ကျနေပြီဖြစ်၏။ ဗုဒ္စဘာသာ ချင်းပင်တူသော်လည်း ကျွန်ုပ်တို့က အယူ ဘက်ကဖြစ်နေ၏။ ထိုင်းနိုင်ငံကလည်း လာလှူ၏။ စင်ကာပူ နိုင်ငံလေးက လည်း လာလှူ၏။ ဟောင်ကောင်၊ ထိုင်ဝမ်၊ ကိုးရီးယား စသည့် နိုင်ငံကြီး များကလည်း လာလှူကြ၏။ကျွန်ုပ်တို့သည် အမြဲတမ်း အယူဘက်ကချည်း မနေလိုပါ။ သူတစ်ပါး ပေးစာကမ်းစာဖြင့်သာ  အသက်မရှင်လိုပါ။ ကျွန်ုပ်တို့ကလည်း ပေးလိုကျွေးလို ပါသေး၏။ လူမျိုး နိမ့်ကျလျှင် သာသနာ နိမ့်ကျမည်။ လူမျိုးဆင်းရဲလျှင် သာသနာ ဆင်းရဲမည်။ ထို့ကြောင့် ကျွန်ုပ်တို့ အထွတ်အမြတ်ထားသော သာသနာကို လူဆင်းရဲတို့၏ သာသနာ မဖြစ်စေလိုပါ။ ဤသည်ကို တက်လူတို့ သတိမူဖို့လို၏။ အရေးတယူရှိဖို့ လို၏။
ဆဋ္ဌမ အချက်။
ဤအခန်း၌ အချိန်၏တန်ဖိုးကို မသိခြင်းကြောင့် ရွှေမြန်မာတို့ မကြီး ပွားခြင်းဖြစ် ကြောင်းပြဆိုထား၏။ ဂျပန်လူငယ်လေးတစ်ယောက်က ဆရာချစ်စံဝင်းအား ကျွန်ုပ်တို့လူမျိုးအကြောင်း ဝေဖန်ထောက်ပြထားသည်မှာ သင်ခန်းစာယူစရာကောင်းလှ၏။
“ကျွန်တော့်အမြင်အရ ပြောရရင် မြန်မာလူငယ်များ လက်ဖက်ရည်ဆိုင်တွေမှာ အခုလိုအချိန်ဖြုန်းနေသရွေ့၊ ဘယ်တော့မှ ကြီးပွားတိုးတက်မှာ မဟုတ်ဘူး(စာ-၁၅၄)
မှန်၏။ အချိန်တန်ဖိုးမသိခြင်း၊ အချိန်မလေးစားခြင်း၊ အချိန်ဖြုန်းခြင်း တို့၌ ရွှေမြန်မာတို့သည်ထိပ်ဆုံးက သရဖူဆောင်းသူများဖြစ်ကြ၏။ အများနည်းတူ အချိန်ကို အကျိုးရှိရှိ အသုံးချတတ်ပါမှ အများနည်းတူ ကြီးပွားတိုးတက်မည်ဖြစ်ကြောင်းကို ခေတ်လူငယ်တို့ သတိပြုစေချင်ပါသည်။
သတ္တမအချက်။
ဤအခန်း၌ ခေါင်းဆောင်စိတ်နှင့် နောက်လိုက်စိတ်ကို ခွဲခြားပြဆိုထား ၏။ ခေါင်းဆောင်စိတ်ထားမှ ကြီးပွားမည်။ ခေါင်းဆောင်စိတ်မထားပါက ဆင်းရဲမည်ဟု ဆိုလိုရင်းဖြစ်၏။ ပြည်သူတစ်ရပ်လုံးက ဘုရင်အဖြစ်တင်မြှောက်ပါလျက် ဘုရင်မလုပ် လိုဘဲ စော်ကဲမင်းကိုသာ ဘုရင်တင်မြှောက်ခိုင်းသည့် ရမည်းသင်းမြို့စား သီလ၀မင်း အကြောင်း ဖတ်ရသည်မှာ ကြည်ညိုစရာကောင်းလှပါသည်။
သီလ၀ကား ဘုရင်အဖြစ်ကို အမြင့်ဆုံးစည်းစိမ်ချမ်းသာ ခံစားသောနေရာဟု  မသတ်မှတ်ဘဲ၊ အကြီးဆုံးတာဝန် ထမ်းဆောင်ရသော နေရာဟု ယူဆခဲ့၏။ တစ်နည်း အားဖြင့် မင်းအာဏာထက် နိုင်ငံကိုပိုချစ်ခဲ့ခြင်းပင်ဖြစ်၏။ သီလ၀ကား အလုပ်ကို အများကြီးလုပ်ပြီး အခွင့်အရေးကို အနည်းငယ်သာယူလိုသော ခေါင်းဆောင် စိတ်ရှိသူပင်ဖြစ်၏။
မြန်မာဘုရင် အဆက်ဆက် ထိုကဲ့သို့သော ခေါင်းဆောင်စိတ်မျိုး မွေးမြူခဲ့ကြမည်ဆိုလျှင် ကမ္ဘာ့သမိုင်းသည် ပြောင်းပြန်လန်သွားလိမ့်မည်ဖြစ်၏။ အင်္ဂလိပ်က မြန်မာကို လာမသိမ်းနိုင်ဘဲ မြန်မာတွေကသာ အင်္ဂလန်ကို သွားသိမ်း နိုင်မည်ဖြစ်၏။                                            ( စာ- ၂၀၂ ၊ ၂၀၃ )
ဤသို့လျှင် ဆရာတော် ထောက်ပြသော အချက်ဆယ်ချက်လုံးကို နာယူမှတ်သား၍ လိုက်နာကျင့်ကြံပါက ဗုဒ္ဓဘာသာ ရွှေမြန်မာတို့အနေဖြင့် တစ်ဦးချင်း၊ တစ်ယောက်ချင်း အဆင့်မှသည်နိုင်ငံနှင့် လူမျိုးဂုဏ်ကို ဆောင်နိုင်သည်အထိ ဘာသာ သာသနာ၏  ဂုဏ်ကျေးဇူးကို မြှင့်တင်နိုင်သည်အထိ ကမ္ဘာနှင့်ချီ၍ အောင်မြင်နိုင်မည် ဟု ယုံကြည်ပါ၏။
သို့သော် တစ်ခုသတိပြုရန်မှာ နိုင်ငံတစ်ခုကြီးပွားတိုးတက်ဖို့အတွက် နိုင်ငံသူ၊ နိုင်ငံသားတို့၌ ဆရာတော် ထောက်ပြသည့် အချက်များပြည့်စုံရန် လိုအပ်သကဲ့သို့ ထိုနိုင်ငံ၌ ကျင့်သုံးသောစနစ် (သို့) Policy (ပေါ်လစီ ) မူဝါဒနှင့်လည်း သက်ဆိုင်ပေ သည်။ ဥပမာ- ကျူးဘား၊ မြောက်ကိုးရီးယားနှင့် ဆရာမြသန်းတင့် သာသာပြန်ဆိုထား သော “သုခမြို့တော်” မှ အိန္ဒိယနိုင်ငံတို့ ဖြစ်၏။
ရောထွေးနေသော စကားလုံးများ။
မေတ္တာရှင်ဆရာတော်သည် ဤစာအုပ်အခန်း(၂) ၌ “စည်းကမ်းရှိခြင်းနှင့် နှမြောခြင်း”ကို ရှင်းလင်းအောင် သရုပ်ခွဲပေးထား၏ သာကေတ သူဌေးကတော်နှင့် မန္တလေးမှ ဆေးပွဲစားကြီးတို့ကို သာဓကပေးထား၏။ အခန်း(၅)၌ ပျင်းရိခြင်းနှင့် ရောင့်ရဲခြင်းကို ခွဲခြားပြထား၏။  ကျွန်ုပ်တို့လူမျိုးသည် စကားလုံး ရောထွေးမူဒဏ်ကို ခံခဲ့ရသည်မှာ နှစ်ပေါင်းများစွား ကြာမြင့်ခဲ့ပါပြီ။
ထိုစကားလုံး ရောထွေးမူ အရှုပ်တော်ပုံကို ဖြေရှင်းပေးမည့် ဆရာသမားများ မပေါ်ပေါက်ခဲ့။ ယခုအခါ မေတ္တာရှင်ဆရာတော်က ရှေးဦးစွာဖြေရှင်းပေးခဲ့ပြီဖြစ်၍ စကား လုံးရောထွေးမှု လောင်းရိပ်မိနေသော ကျွန်ုပ်တို့ မြန်မာလူမျိုးအတွက် အားတက် ခဲ့ရ ပေပြီ။ ထို့ပြင် ဤသို့ရောထွေးနေ၍ မကွဲပြားသေးသော အခြားစကားလုံးများရှိသေး၏။ ဤသည်ကို မေတ္တာရှင်ဆရာတော်အနေဖြင့် ထပ်မံခွဲခြားပေးသင့်သေး၏။
ဥပမာ- လေဘနှင့်ဆန္ဒ၊ ကျေးဇူးသိခြင်းနှင့် သစ္စာရှိခြင်း၊ ပျော့ညံ့ခြင်းနှင့် သည်းခံခြင်း….. တို့ဖြစ်၏။
ခြင်္သေ့မှန်ငြား မြက်မစား။
ဤစာအုပ်၌ ရေနံ့သာ လူနာများအကြောင်းဖတ်ရသည်မှာ ရင်နာစရာကောင်းလှ ပါသည်။ အထူးသဖြင့် အဘစံ ကျတဲ့မျက်ရည်အကြောင်း ဖတ်ရသည်မှာ ပို၍ စိတ်မကောင်းပါ အဘစံ၏ ဘ၀သည် သုပ္ပဗုဒ္ဓလိုဘ၀မျိုး ဖြစ်၏။ အဘစံ၏ သဒ္ဓါတရားသည် သုပ္ပဗုဒ္ဓလို သဒ္ဓါမျိုးဖြစ်၏။ အဘစံ၏ နှလုံးသားသည်လည်း သုပ္ပဗုဒ္ဓ၏ နှလုံးသားလိုပင်ဖြစ်၏။ ထို့ ကြောင့် အဘစံသည် လာဘ်လာဘဖြင့် စည်းရုံးခံရသော် လည်း သရဏဂုံ အပျက်မခံနိုင်ဘဲ အငတ်ခံကာတောင့်တင်းထားနိုင်ခြင်းဖြစ်၏။
သီဟောနာမ ဇိဃစ္ဆောပိ ပဏ္ဍဒီနိ န ခါဒတိ- ခြင်္သေ့မည်သည် ဆာလောင်သော် လည်း မြက်သစ်ရွက်ကိုတော့ မစားပေ။ ခြင်္သေ့လို ရဲရင့်သော သဒ္စါတရားနှင့် ပြည့်စုံ သော အဘစံတစ်ယောက် ယခုအခါ နတ်ဘုံနတ်နန်းစံမြန်းလျက် ရှိနေမည်ကိုကား မည်သူမျှ မငြင်းနိုင်ပါပေ။
ဤနေရာ၌ မေတ္တာရှင်ဆရာတော်က ခရစ်ယာန် သာသနာပြုများကို  ချီးကျူးထား၏။ မှန်၏။ ကျွန်ုပ်တို့၏ ဘာသာဓမ္မက မည်မျှပင်မြင့်မားသည် ဖြစ်ပါစေ၊ ကျွန်ုပ်တို့ သာသ နာပြုနည်းဗျူဟာကား လုံးဝနိမ့်ကျလျက်ရှိ၏။ ကျွန်ုပ်တို့သည် ခရစ်ယာန်ဓမ္မဆရာများ ကို အမီလိုက်နိုင်ဖို့ အများကြီး ကြိုးစားရပေဦးမည်။
တစ်မျိုးသားလုံး ကိုးစားရမည့်ဆရာတော်။
ငွေကြေးချို့တဲ့၍ မျက်စိခွဲမကုနိုင်သည့် လူနာများကို ဆရာတော်၏ အိပ်ကပ်ထဲမှ စိုက်ထုတ်၍ အကုန်အကျခံ ခွဲစိတ်ကုသပေးနေသည်ကို တွေ့ရသောအခါ ကျွန်ုပ် မုဒိတာတရားဖြင့် အကြိမ်ကြိမ် သာဓုခေါ်မိပါသည်။
      ငွေရှင်ကြေးရှင်၊ ဓနရှင်တို့ နိဗ္ဗာန်မရောက်ခင် ပါရမီရှင်များဖြစ်လိုပါက မေတ္တာရှင် ဆရာတော်နောက် ခြေရာကောက်လိုက်စေချင်ပါပြီ။
      ဤစာအုပ်၌ ဆရာတော်သည် ဘုန်းကြီးအချင်းချင်းကိုပင်၊ သိန်းနှစ်ဆယ် အကြွေးတင်ခံ၍ လှူဒါန်းသည်ကိုတွေ့ရ၏။ သီလ၀ နာဂရာဇာ ဇာတ်တော်ထဲကလို လမ်းမှားခရီးသည်မျိုးနှင့် တိုးထိမှာကို စိုးမိပါသေးသည်။ တချို့ဘုန်းကြီးများမှာ ကျောင်း မြေအတွက် ကြိုးစားကြသော်လည်း သာသနာပြုလုပ်ငန်းများကိုကား မယ်မယ်ရရ မလုပ်ကြပေ။ သတင်းစာထဲမှာ နေ့စဉ်လိုလို အလှူခံကြော်ငြာပါနေသည့် ဆရာတော် တစ်ပါးမှာမူ သာသနာပြုဆိုင်းဘုတ်သာတင်ထားပြီး သာသနာပြုလုပ်ငန်းဟူ၍ ကြီးကြီး မားမား တစ်ခုမျှမလုပ်သေးပေ။
အပြင်အဆင်နှင့် အသွင်းသဏ္ဍန်။
ဤစာအုပ်၏ မျက်နှာဖုံးဒီဇိုင်းလေးကား ရိုးရှင်းလှပ၍ တည်ကြည်ခန့်ညား လွန်း၏။ ဤစာအုပ် အပြင်အဆင်ကား  အလွန့်အလွန် ညံ့ပါသည် ။ခေါင်းစဉ်နှင့်စာသားကား တစ်နေရာစီ ဖြစ်လိုဖြစ်၊ အကြောင်းအရာနှင့်ကဗျာက တစ်ခြားစီဖြစ်လိုဖြစ်နှင့် လုံးဝပသာဒမဖြစ်ပေ။ ဤသို့ညံ့ဖျင်းရခြင်း၌ ဒကာစိုးတင့်အဖွဲ့မှာ တာဝန်ရှိ၏။ ထို့ကြောင့် အားလုံး စနစ်ကျအချိုးညီ ပြင်ဆင်ပြီးမှ နောက်တစ်ကြိမ် ထုတ်ဝေစေလို ပေသည်။
                                                                  ( ၁၀-၆-၂၀၀၈ )
                                                            အရှင်ဝိစိတ္တာဘိဝံသ (၀ီရသူ)

              (သံတိုင်ကြားက ချီသောလက်အုပ် စာအုပ်ထဲမှ မေတ္တာရှင်ဆရာတော်ရဲ့ ဆောင်းပါးလေးတစ်ပုဒ်ဖြစ်ပါသည်။)
ဝီရသူ(မစိုးရိမ်) ဆိုဒ်မှတဆင့်တင်ပြသည်။

0 ကွန်မန့်ရေးရန်:

Post a Comment