Tuesday, January 22, 2013

မြန်မာGSMများအား ဆီးဂိမ်းအမီ နိုင်ငံပါင်း ၁၀၀ ကျော်သို့ သယ်ယူအသုံးပြုနိုင်ရန် စီစဉ်



မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်းများ နိုင်ငံတကာသို့ သယ်ယူပြောဆိုခွင့် ရရှိပါက နိုင်ငံပါင်း ၁၀၀ ကျော်အထိ အသုံးပြုနိုင်မည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဆိုထားသည်။

ယခင်က မြန်မာGSM ဖုန်းလိုင်းများကို နိုင်ငံတကာသယ်ဆောင်အသုံးပြုခွင့်အနေဖြင့် ဂျပန်၊ ကိုရီးယား၊ တရုတ်အပါအ၀င် အာဆီယံနိုင်ငံများ၌ အသုံးပြုနိုင်မည်ဟု သတင်းများ ထုတ်ပြန်ခဲ့သော်လည်း လက်ရှိတွင် ခေါ်ဆို၍ မရသေးကြောင်း သိရသည်။

“ဒီနှစ်ထဲမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် ဆီးဂိမ်းပြိုင်ပွဲ အမီတော့ ပြည်ပနိုင်ငံအများစုနဲ့ဆက်သွယ်ပြောဆိုနိုင်အောင် ဆောင်ရွက်ပေးနေပါတယ်”မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။

ဆီးဂိမ်းပွဲတော်အတွက် အာဆီယံနိုင်ငံများအပြင် ဥရောပနိုင်ငံများကိုပါ Roaming ရရှိအောင် ကမ်းလှမ်းထား ကြောင်းနှင့် ကမ်းလှမ်းထားသည့် နိုင်ငံများလည်းရှိကြောင်း ၄င်းတို့နှင့် ညှိနှိုင်းဆွေးနွေးလျှက်ရှိကြောင်းကိုလည်း သိရသည်။

လက်ရှိတွင် မြန်မာGSM ဖုန်းများကို အာဆီယံနှင့် ဥရောပနိုင်ငံများ သယ်ဆောင် အသုံးပြုခွင့် Out bound Roaming မရရှိသေးသော် လည်း အဆိုပါ နိုင်ငံအချို့မှ ဖုန်းများမှာမူ မြန်မာနိုင်ငံတွင် Inbound Roamingသယ်ဆောင်သုံးစွဲခွင့် ပေးထားကြောင်း သိရသည်။

“ဒီအတွက် စမ်းသပ်မှုတွေ ပြုလုပ်ထား ပြီးသွားပါပြီ။ ငွေကြေးညှိနှိုင်းမှုတွေ ကျန်နေသေးတဲ့ အတွက် မရရှိသေးတာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် နိုင်ငံတကာ Roaming စနစ် ရရှိရန်အတွက် ပြည်ပမိုဘိုင်း အော်ပရေတာများ ဖိတ်ခေါ်ထားရာ အာရှနိုင်ငံများအပြင် ဥရောပနိုင်ငံများမှ အော်ပရေတာများကိုပါ ကမ်းလှမ်းထားကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မြန်မာGSMမိုဘိုင်းဖုန်းလိုင်းများအား နိုင်ငံတကာ Roamingသယ်ဆောင်အသုံးပြုခွင့်ရရှိရန် ၂၀၁၁ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့သော်လည်း Inbound Roaming စနစ်သာ ၂၀၁၂ နှစ်လယ်ပိုင်းတွင် လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ Outbound Roaming စနစ်ကိုမူ ယနေ့အချိန်အထိ မည်သည့် နိုင်ငံမျှ ရရှိခြင်း မရှိသေးကြောင်းကိုလည်း သိရသည်။

“နိုင်ငံတကာကို အခုလို အပြန်အလှန် ပြောဆိုလို့ ရမယ်ဆိုရင်တော့ ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းရှင်တွေ အားလုံးအတွက် အဆင်ပြေသွားနိုင်ပါတယ်” ဟု ပြည်တွင်းမှ လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

Myit Makha Mediagroup

You might also like:http://wlovestory.blogspot.com/2013/01/gsm.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FDbNmmg+%28%E1%80%A7%E1%80%92%E1%80%84%E1%80%B9%E1%80%A1%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%95%E1%80%B6%E1%80%AF%E1%81%BF%E1%80%95%E1%80%84%E1%80%B9%29

0 ကွန်မန့်ရေးရန်:

Post a Comment