Wednesday, November 21, 2012

ဗုံးအတုဖြင့် စိတ်ဒုက္ခဖန်တီးခဲ့သူအား သြစတြေးလျက ထောင် ၁၀ နှစ်ထက်မနည်း ချမှတ်မည်


(ဗုံးအတု လည်ပင်းတွင် ချိတ်ဆွဲခံခဲ့ရသည့် မက်ဒယ်လင်း ပူလ်ဗာ)
 အသက်(၅၂)နှစ်ရှိ ပေါလ်ဒေါက်ဂလက်စ် ပီတာစ်အား ဆယ်ကျော်သက် မိန်းကလေးငယ် တစ်ဦးကို စိတ်ပိုင်းဆိုင်ရာ ရက်စက်စွာ ပြုမူညှင်းပန်းမှုအတွက် ဆစ်ဒနီ တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အမျိုးသမီးငယ် တစ်ဦးအား ဗုံးအတုကို လည်ပင်းတွင် ချိတ်ဆွဲကာ ဆိုးရွားသော စိတ်ဒုက္ခမျိုး ဖန်တီးခဲ့သူအား ထောင်ဒဏ် (၁၀)နှစ်ထက်မနည်း ချမှတ်ရန် ဩစတြေးလျ တရားရုံး တစ်ခုက ဆုံးဖြတ်လိုက်သည်။ အသက်(၅၂)နှစ်ရှိ ပေါလ်ဒေါက်ဂလက်စ် ပီတာစ်အား ဆယ်ကျော်သက် မိန်းကလေးငယ် တစ်ဦးကို စိတ်ပိုင်းဆိုင်ရာ ရက်စက်စွာ ပြုမူညှင်းပန်းမှုအတွက် ဆစ်ဒနီ တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ 

ထိုဖြစ်စဉ်တွင် ကိုယ်တိုင်ကိုယ်ကျ သားကောင်ဖြစ်ခဲ့ပြီး ယခုအခါ အသက်(၁၈)နှစ်အရွယ် ရှိပြီဖြစ်သော မိန်းကလေး မက်ဒယ်လင်း ပူလ်ဗာက အဆိုပါ တရားရုံး ပြစ်ဒဏ်အတွက် ကျေနပ်ကြောင်း ဆိုသည်။ ပေါလ်သည် (၁၀)နှစ်မှ (၁၃)နှစ်ခွဲအတွင်း ထောင်ဒဏ်ကို ကျခံရန် တရားရုံးက စီရင်သတ်မှတ်ခဲ့သည်။

မက်ဒယ်လင်းသည် အလွန်ထိတ်လန့် တုန်လှုပ်ဖွယ်ရာ ဆိုးရွားသော အချိန်ကာလ (၁၀)နာရီကျော်ကို ဖြတ်သန်းခဲ့ရသည်။ သူမအား ပေါလ်က လည်ပင်းတွင် သတ္တုသေတ္တာ တစ်လုံးကို စက်ဘီးချည်သည့် သံကြိုးဖြင့် ခတ်ကာ ဗုံးဟု ပြောဆိုသွားခဲ့သည်။ ပြီးခဲ့သည့် ဩဂုတ်လက ဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့မှ ဗုံးရှင်းလင်းရေး ကျွမ်းကျင်သူများသည် ယင်းသေတ္တာကို (၁၀)နာရီကျော် အချိန်ယူပြီး ဖြုတ်ထုတ် ဖယ်ရှားခဲ့ရသည်။ သို့သော်လည်း နောက်ပိုင်းတွင် ဗုံးမှာ အတုသာဖြစ်ကြောင်း ဖော်ထုတ်လာနိုင်ခဲ့သည်။

တရားရုံး စီရင်ချက် ပြစ်ဒဏ်ကို ကြားသိရချိန်တွင် မက်ဒယ်လင်းနှင့် မိသားစုသည် ပျော်ရွှင်မှုကြောင့် မျက်ရည်ပင် ကျခဲ့သေးသည်။ "ကျွန်မ ပျော်ရွှင်မိတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ်။ ကိစ္စအားလုံး ပြီးပြတ်သလောက် ဖြစ်ခဲ့ပါပြီ။ ကျွန်မ ကြုံတွေ့ခဲ့တာတွေက အရမ်းခြောက်ခြားဖို့ ကောင်းခဲ့တာပါ"ဟု မက်ဒယ်လင်းက သတင်းထောက်များအား ပြောကြားခဲ့သည်။ တရားရုံးက တရားခံသည် ပြစ်မှုကျူးလွန်ချိန်တွင် စိတ်ဝေဒနာ တစ်စုံတစ်ရာ လွှမ်းမိုးဖိနှိပ်မှု ခံထားရခြင်း မရှိဟု ဆုံးဖြတ်ခဲ့သည်။

တရားသူကြီး ပီတာဇာဟာရာက "ဒီပြစ်မှုရဲ့ ကြီးလေးတဲ့ ရည်ရွယ်ချက်ကို ဂျူရီလူကြီး အားလုံး သဘောပေါက်ပါတယ်။ တရားလိုအပေါ် သူဘယ်လို ထိခိုက် နာကျင်စေခဲ့တယ်ဆိုတာ ခံစားနိုင်ပါတယ်။ သူ့စိတ်အခြေအနေက သာမန်ထက် နည်းနည်းလောက် တည်ငြိမ်မှု ပျက်ပြားနေတယ် ဆိုရင်တောင် မိန်းကလေး အနေနဲ့ ဘယ်လောက် ကြောက်ရွံ့ တုန်လှုပ်နေခဲ့သလဲ ဆိုတာကို တရားခံက ကောင်းကောင်း သိနေတာပါ။ အဲဒီ အကြောက်တရားကို ဖော်ပြဖို့တောင် ခက်ခဲပါလိမ့်မယ်"ဟု ပြောဆိုခဲ့သည်။

တရားခံသည် ထိုကိစ္စအတွက် အစစ်ဆေးခံစဉ် မိမိ၏ ငွေရေးကြေးရေး အကျပ်အတည်းနှင့် ကျရှုံးခဲ့သော အိမ်ထောင်ရေးတို့ကြောင့် ယခုကဲ့သို့ စိတ်ရူးပေါက်သော လုပ်ရပ်မျိုး ကျူးလွန်မိခဲ့ကြောင်း တရားသူကြီးများထံ ငိုကြွေး လျှောက်လှဲခဲ့သေးသည်။ ၎င်းသည် မက်ဒယ်လင်း တစ်ဦးတည်း ရှိနေစဉ် အိမ်ထဲသို့ ချဉ်းနင်းဝင်ရောက်ကာ ယခုပြစ်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ ပေါလ်အား ရက်ပိုင်းအတွင်း အမေရိကန်တွင် ဖမ်းဆီးမိခဲ့ပြီးနောက် တရားစွဲဆိုခဲ့ခြင်းဟု သိရှိရသည်။  ဧဒင်မှ

0 ကွန်မန့်ရေးရန်:

Post a Comment