Monday, November 19, 2012

အိုဘားမားကို စိန်ခေါ်နေတဲ့နိုင်ငံများ



by General Knowledge on Saturday, November 17, 2012 at 5:11pm ·

2012-11-15
            နိုင်ငံအားလုံး၌ လေးနှစ်တစ်ကြိမ်ဖြစ်စေ၊ ငါးနှစ်တစ်ကြိမ် ဖြစ်စေ၊ သမ္မတအပြောင်းအလဲ၊ ဝန်ကြီးချုပ်အပြောင်းအလဲ ရှိစမြဲ ဖြစ်သည်။ ယင်းအပြောင်းအလဲများ၌အများအားဖြင့် ရွေးကောက်ပွဲနိုင်သူ(သို့မဟုတ်)လူအများ၏ ဆန္ဒပြုရွေးချယ်ခံရသူသည် နိုင်ငံ့ခေါင်းဆောင်
ဖြစ်လေ့ရှိသည်။

          အဆိုပါ ရွေးချယ်ပွဲအားလုံးထဲတွင် တစ်ကမ္ဘာလုံးက စိတ်ဝင်အစားဆုံး ရွေးကောက်ပွဲမှာ အမေရိကန်နိုင်ငံ၏ သမ္မတရွေးပွဲဟု ဆိုရပါမည်။ မိမိတို့နိုင်ငံ၏ ခေါင်းဆောင်မဟုတ်ပါဘဲ အဘယ့်ကြောင့်စိတ်ဝင်စားကြသနည်းဟု မေးခွန်းကို မိမိကိုယ်တိုင် ပြန်မေးကြည့်ပါက လွယ်လင့်တကူ အဖြေရမည် မဟုတ်ပေ။
          မေးခွန်းတိုင်း၌ အဖြေရှိ နိုင်ပါသည်။ သို့သော် ထိုအဖြေသည် မှန်သည်၊ မမှန်သည်အပထား။ ဖြေဆိုသူ၏ စိတ်ဆန္ဒအပေါ်၌ မူတည်ပါ၏။ အမေရိကန်နိုင်ငံ၏ သမ္မတသည်လေးနှစ်တစ်ကြိမ်ဆိုသော်လည်း သမ္မတတစ်ဦးသည်နှစ်ကြိမ် အရွေးခံခွင့်ရှိ၍ အမေရိကန် သမ္မတအများအပြားသည် ဒုတိယသက်တမ်းတစ်ကြိမ် ပြန်အရွေးခံရတတ်သည်က များသည်။
          ဥပမာအားဖြင့် ဒီမိုကရက်တစ်ပါတီက ပထမတစ်ကြိမ်၌ သမ္မတအဖြစ် အရွေးခံရပြီးလျှင် ဒုတိယလေးနှစ်သက်တမ်းတွင် ယင်းပါတီ သမ္မတပင် အရွေးခံရသည်ကများသည်။ ရီပတ်ဘလီကန်ပါတီက သမ္မတသည်လည်း ထိုနည်းအတိုင်းပင်။
         သမ္မတတစ်ဦးက နှစ်ကြိမ်တာဝန်ထမ်းဆောင်ပြီးသည်နှင့် ထိုသမ္မတရွေးကောက်ပွဲသည် သူနိုင်၊ ကိုယ်နိုင် ပြိုင်ရသည့် ရွေးကောက်ပွဲ ဖြစ်လေ့ရှိပါ၏။ ပါတီနှစ်ခုလုံးက အားကုန်ပြိုင်ကြရသည်။ သို့သော် လက်ရှိအာဏာရပါတီကမူ လူကြိုက်နည်းလေ့ ရှိသည်။ သို့ဖြစ်၍ အမေရိကန်နိုင်ငံ၏ နိုင်ငံရေးတွင် ဒီမိုကရက်နှင့် ရီပတ်ဘလီကန် ပါတီနှစ်ခုတို့ သည် တစ်ပါတီလျှင် ၈ နှစ် အလှည့်ကျ တာဝန်ယူသည်ဟု အကြမ်းအားဖြင့် ခန့်မှန်း၍ ရနိုင်ပါသည်။
          ယခုနှစ်တွင် ကျင်းပသည့် သမ္မတရွေးချယ်ပွဲသည် ဒီမိုကရက်တစ်ပါတီမှ ဘားရက်အိုဘားမား၏ ဒုတိယသမ္မတ သက်တမ်းဖြစ်၍ လက်ရှိသမ္မတက အနိုင်ရရိုး ထုံးတမ်းစဉ်လာ ဖြစ်ရိုးဖြစ်စဉ်အတိုင်းပင် သမ္မတ အိုဘားမားက အနိုင်ရရှိခဲ့ပါသည်။
လက်ရှိ သမ္မတ၏ ဒုတိယလေးနှစ်သက်တမ်း၌ မည်သို့ ဖြစ်ရပ်မျိုး ရှိလာနိုင်သနည်းဆိုသည့် အကြောင်းအရာနှင့် ပတ်သက်၍ သတင်းသုံးသပ်သူ အများအပြား၏ ခန့်မှန်းချက်များ ထွက်လာလေ့ ရှိပါ၏။ BBC သတင်းဌာန၏ သံတမန်ဆိုင်ရာ သတင်းသမား   Jonathan Marcus က သမ္မတအိုဘားမားကို စိန်ခေါ်နေသည့် နိုင်ငံတကာဖြစ်ရပ်များဟု ဆိုသည်။
          သမ္မတအိုဘားမားအနေနှင့် သူရုံးစိုက်ရာ ဝါရှင်တန်မြို့မှနေ၍ ကမ္ဘာကြီးကို ကြည့်သည်။ အရှေ့အလယ်ပိုင်း ပဋိပက္ခ၊ အာရှဒေသမှ ထွက်ပေါ်နေသော သတိပေးခေါင်းလောင်းထိုးသံ၊ တရုတ်နိုင်ငံ၏နိုး ထလာမှုသည် မရေမရာ၊ သိသာထင်ရှားမှု မရှိ။ မိတ်ဆွေဟောင်းလည်းဖြစ်၊ တစ်ချိန်က သြဇာကြီးခဲ့သောဥရောပတိုက် ကိုယ်တိုင်ကပင် သူတို့ ဒေသ သူတို့ယုံကြည်မှု ကင်းမဲ့လာနေသည့်အတွက် သမ္မတအိုဘားမားအပေါ် အရှုပ်အထွေးများက အပိုင်းပိုင်းအစစ ပြန့်ကြဲနေသည့်အတွက် သမ္မတ အိုဘားမားအနေနှင့် အပြောင်းအလဲလုပ်ရန် မရှိနိုင်ဟု ယုံကြည်ရသည်။
          အမေရိကန်နိုင်ငံအနေနှင့်လည်း နိုင်ငံတကာအလယ်၌ မည်သည့်နေရာက ရပ်ရမည်ဆိုခြင်းကို ရှာဖွေနေရသည်။ ယင်း ကိစ္စရပ်အပေါ် အပြန်အလှန် အငြင်းပွားဖွယ်ရာက ရှိပါသည်။ အမေရိကန်နိုင်ငံသည်ပင် လျှောဆင်းနေသည်လား။  အားအင်ချည့်နဲ့နေပြီလား။ မိတ်ဆွေများ၊ မိတ်ဆွေ မဟုတ်သူများအပေါ် သြဇာမရှိတော့ပြီလား ... ဆိုသည့် မေးခွန်းများက ပေါ်နေပြီ ဖြစ်သည်။
          အောက်ဖော်ပြပါအချက် များသည် အသစ်စက်စက်ရွေးချယ်ခံရသည့် သမ္မတအတွက် နိုင်ငံခြားရေးဆိုင်ရာ မူဝါဒအပေါ် စိန်ခေါ်မှုများ ဖြစ်သည်ဟု မားကတ် Marcus က ဆို၏။
၁။ အာဖဂန်နစ္စတန်
          အာဖဂန်ပြည်သူများ၏ ဆန္ဒမှာ အမေရိကန်နိုင်ငံအနေနှင့် မည်သို့သော ထူးခြားသည့်အခြေအနေ၊ မည်သို့သော အကျိုးအကြောင်းနှင့်ဖြစ်စေ အာဖဂန်နစ္စတန်နိုင်ငံ၌ အမေရိကန်တပ်များရှိ မနေစေလိုပါ။
         အိုဘားမား၏ ပထမ သမ္မတသက်တမ်းကာလ၌ အမေရိကန်တပ်ဖွဲ့ဝင်အများအပြား တိုးလာသည်ဟု သတင်းများက နေရာယူထားသည်။ ယခု ဒုတိယသက်တမ်း၌ အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင်အားလုံး ၂ဝ၁၄ ခုနှစ်အကုန်တွင် အာဖဂန်နိုင်ငံမှ ထွက်ခွာပေးရမည်။ အထက်ပါ အချက်အလက်များသည် ကိန်းဂဏန်းအရ မည်မျှရှုပ်ထွေးသော်လည်း အလောတကြီးနှင့် မလွဲမသွေ ဖြေရှင်းရမည့်ကိစ္စရပ် ဖြစ်သည်။ အမှန်တကယ်လည်း  မည်သည့်ပမာဏအထိ ထိုနေရာမှ ဆုတ်ခွာပေးနိုင်မည်နည်း။
          ယခုလောလောဆယ် အစီအစဉ်အရ အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင် တချို့တစ်ဝက်က ထိုနေရာ၌ရှိနေကာ အာဖဂန်တပ်ဖွဲ့ဝင်များကို သင်တန်းပေးနေရမည်ဆို၏။ အီရတ်နိုင်ငံ၌လည်း ယင်းအစီအစဉ်က ရှိခဲ့ဖူးသည်။ ယခုတော့ ထိုအစီအစဉ်သည် လေထဲ လွင့်မျောသွားခဲ့ချေပြီ။ အီရတ်အစိုးရသစ်က အမေရိကန်တို့ကို ထိုနေရာ၌ ရှိနေမှုကိုပင် လိုလားဟန် မပြတော့။
          အာဖဂန်နိုင်ငံကလည်း သူတို့၏ သဘောထားကို ထူးခြားစွာ ပြသခဲ့ပြီးဖြစ်သည်။ မကြာသေးမီက ရင်ဆိုင်ခဲ့ရသော တိုက်ဆိုင်မှုတစ်ခု၌ နေတိုးတပ်ဖွဲ့ဝင်များကို အာဖဂန်မိတ်ဆွေများကပင် လက်သင့်မခံသည့် တိုက်ခိုက်မှုမျိုး တွေ့လာခဲ့ရသည်။
မည်သို့ပင်ဆိုဆို အမေရိကန်ပြည်သူများက ထိုအရပ်ဒေသ၌ အမေရိကန်တပ်ဖွဲ့ဝင်များ ကြာရှည်လေးမြင့် ရှိနေခြင်းကို သဘောမတူကြတော့ပေ။
၂။ ပါကစ္စတန်
          အကယ်၍ အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန် ထွက်ခွာလိုက်သည်နှင့် ပါကစ္စတန်နိုင်ငံနှင့် ဆက်ဆံရေးကမူ ဆက်လက်၍ အခက်အခဲနှင့် ရင်ဆိုင်နေရဦးမည် ဖြစ်သည်။ ကုန်လွန်ခဲ့သည့် နှစ်ကာလများမှ ယခုအချိန်ထိ အမေရိကန်နှင့် ပါကစ္စတန်နိုင်ငံတို့ကြား ဆက်ဆံရေးကမူ အတက်အကျရှိရာမှ ပို၍ ပို၍ ဆိုးရွားလာခဲ့သည်။ ယခုထက်တိုင် ပုံသဏ္ဌာန်အမျိုးမျိုးနှင့် ဆက်ဆံနေရသည် မှာ ဝါရှင်တန်အစိုးရ အသုံးအနှုန်းအရ အကြမ်းဖက်နှိမ်နင်းရေးစစ်ဟူ၍ ဖြစ်၏။ အမေရိကန်နိုင်ငံရှိ ခွဲခြမ်းစိတ်ဖြာသုံးသပ်သူတို့၏ အမြင်၌ ပါကစ္စတန်နိုင်ငံသည် ကျဆုံးပျက်စီးနေသော နိုင်ငံဖြစ်နေ၏။ သို့သော် ပြိုကျပျက်ပြုန်းသွားမည့် အနေအထားလည်း မဟုတ်။ သို့သော် ဒေသတိုင်း၌ တည်ငြိမ်အေးချမ်းမှုမရှိစေသည့် အလွန်အင်အားကြီးသည့် ရင်းမြစ်တစ်ခုက တွယ်မိနေကာ အစိုးရအဖွဲ့အနေနှင့် လုံးဝလှုပ်ရှား၍ မရစေရန် ဖြစ်နေစေ၏။ မည်သို့ပင်ဖြစ်စေ သမ္မတ အိုဘားမားသည် ပါကစ္စတန်နိုင်ငံနှင့် ဆက်ဆံရေးမဖြစ်မနေ ကြိုးပမ်းအားထုတ်မည်က သေချာ၏။
          တစ်ဖက်ကလည်း အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့ နှစ်နိုင်ငံတည်း ဆက်ဆံရေးဖြစ်သည်။ ယခုနှစ်ကာလအတွင်း အမေရိကန်တို့က ခွန်အားစိုက်၍ အိန္ဒိယနိုင်ငံနှင့်ဆက်ဆံရန် ကြိုးပမ်းခဲ့သည်။ သို့သော် အမေရိကန်တို့ ဆန္ဒရှိသလောက် မဟာဗျူဟာမြှောက်သည့် မိတ်ဖက်နိုင်ငံဖြစ်ရေးအထိ ဖြစ်မလာခဲ့ပေ။
၃။ အီရန်
          အစ္စရေးနိုင်ငံက အီရန်ခိုက်မှု နှောင့်နှေးနေခြင်းကြောင့် အိုဘားမားအစိုးရအဖွဲ့က အီရန်နိုင်ငံအား စီးပွားရေးဖြင့်ပိတ်ဆို့ အရေးယူခြင်းသည် အောင်မြင်သည်ဟု ဆိုနိုင်ပါ၏။ ဤနေရာ၌ အခြားထိ ခိုက်ခဲ့မှုများကလည်း ရှိနေပါ၏။ အီရန်နိုင်ငံ၏ စီးပွားရေးအကျပ်အတည်းသည် ပိတ်ဆို့အရေးယူမှုကြောင့် မည်မျှအထိ ထိခိုက်သွားသနည်း။ အီရန်နိုင်ငံ အစိုးရ စီမံအုပ်ချုပ်မှုမည်မျှ ချွတ်ချော်သွားသနည်းတို့ကိုလည်း သိရှိခဲ့ရသည်။
          သမ္မတရွေးကောက်ပွဲမတိုင်မီ အီရန်နိုင်ငံက အမေရိကန်နိုင်ငံနှင့် တိုက်ရိုက်ဆက်သွယ်ကာ စကားပြောလိုကြောင်း အရိပ်လက္ခဏာများ အထင်အရှားပြသခဲ့သည်။ ယင်းသို့သော ဖြစ်ရပ်၏နောက်ကွယ်၌ အီရန်နိုင်ငံသည် ပိတ်ဆို့အရေးယူမှုကို အခြားနည်းလမ်းတစ်ခုနှင့် ဖောက်ထွက်ရန် ကြိုးစားခြင်း ဖြစ်နိုင်သည်။ အစ္စရေးနိုင်ငံ၌လည်း ဇန်နဝါရီလ၌ ရွေးကောက်ပွဲက ရှိနေသည်။ အီရန်နိုင်ငံကို တိုက်ခိုက်ရန် ခိုင်မာသောဆုံးဖြတ်ချက်ချသည့် အစိုးရသစ်တက်လာနိုင်သည်။ အမေရိကန်ရှိ အစ္စရေးတို့ ဆက်ဆံရေး ပို၍ကောင်းမွန်လာမည်။ ပိတ်ဆို့ အရေးယူမှုက လည်း မအောင်မမြင် ဖြစ်မည်။ သို့မဟုတ် အီရန်နိုင်ငံ၏ ဆုံးဖြတ်ချက်က မှားယွင်းသွားမည်ဆိုပါက သမ္မတအိုဘားမားသည် မလွှဲမရှောင်သာဘဲ အီရန်နိုင်ငံသို့ စစ် ရေးအရ အရေးယူရတော့မည်။
၎။ တရုတ်နိုင်ငံ
          တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံအတွက် ယှဉ်ပြိုင်ဘက် နိုင်ငံလား၊ အမြဲလက်တွဲထားရမည့် မိတ်ဖက်နိုင်ငံလားဆိုသည့် မေးခွန်းက အဓိကဖြစ်သည်။ နှစ်နိုင်ငံလုံးသည် မဟာဗျူဟာကျ ယှဉ်ပြိုင်မှုကို မည်သို့ပြင်ဆင်ကြမည်နည်း။ နှစ်နိုင်ငံလုံး စီးပွားရေးအရ အနီးကပ်ဆက်ဆံကြမည်လား၊ အင်အားကြီးနှစ်ခု ပူးပေါင်း၍ နှစ်နိုင်ငံလုံးအကျိုးရှိရေးကိုသာ ဦးတည်ကြမည်လား။
          အသစ်တက်လာမည့် နိုင်ငံခေါင်းဆောင်များသည် နိုင်ငံခြားရေး မူဝါဒကို မည်သို့ချမှတ် မည်နည်း။ တရုတ်နိုင်ငံသည် ဂျပန်၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့၌ ရေမြေပိုင်နက် အငြင်းပွားမှုအပေါ် အလွန်အလေးထားသည်။ သူကိုယ်သူလည်း ယုံကြည်မှုအပြည့် ရှိနေသည်။ အမေရိကန်နိုင်ငံသည် အာရှဒေသ၏ ဖြစ်ရပ်အလုံးစုံ အင်အားချိန်ခွင်လျှာ ညှိပေးနိုင် မည်လား။
          သို့သော် ယင်းဖြစ်ရပ်သည် အန္တရာယ်ရှိနိုင်ပါ၏။ ထိုဖြစ် ရပ်မှစ၍ အမေရိကန်နှင့်တရုတ် နှစ်နိုင်ငံအကြား ယှဉ်ပြိုင်မှု တင်းကျပ်လာပြီး ထိခိုက်နိုင်သည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံမှ ကျွမ်းကျင်သူ ပညာရှင်များက ခန့်မှန်းထားသည်မှာ အမေရိကန်နိုင်ငံ၏ မဟာဗျူဟာကျသော ရည်မှန်းချက်သည် တရုတ်နိုင်ငံ ပြုမူလာမှုအပေါ် မူတည်သည်ဟု ဆိုကြသည်။ အမေရိကန်နိုင်ငံမှ ကျွမ်းကျင်သူများက ခန့်မှန်းသည်မှာ အမေရိကန်သည် တရုတ်နိုင်ငံ ပြုမူမှုအပေါ် မူတည်၍ သူ့မဟာမိတ်နိုင်ငံများကို ပံ့ပိုးကူညီပေးမည် ဟု ဆိုသည်။
          သို့သော် တစ်ဦးတည်းသောပညာရှင်က “အာရှဒေသ၌ ထိုသို့ ဖြစ်ရပ်မျိုးပေါ်လာပါက အမေရိကန်နိုင်ငံသည် နောက်ကွယ်မှနေမည့် သဘောထား ရှိပုံ မရ”  ဟု ဆိုသည်။
၅။ မြောက်ကိုရီးယားနိုင်ငံ
          မြောက်ကိုရီးယားနိုင်ငံသည် မည်သို့မျှခန့်မှန်း တွက်ဆ၍ မရသောနိုင်ငံ ဖြစ်သည်။ ပြဿနာများ၊ အကျပ်အတည်းများ အစဉ်ရှိနေ တတ်သည့်နေရာလည်း ဖြစ်သည်။ တစ်ချိန်တည်းတွင် တောင်ကိုရီးယားနိုင်ငံ ပိုင်နက်ကိုလည်း အစဉ်ခြိမ်းခြောက်နေတတ် ပြီး နျူလက်နက် စမ်းသပ်ရန် အစီအစဉ်က အစဉ်ရှိနေတတ်သည်။ ယင်းနိုင်ငံ၏ နျူလက်နက်ပြဿနာအပေါ် နိုင်ငံတကာ သံတမန် နယ်ပယ်၌ ကြိုးပမ်းအားထုတ်ခဲ့ကြသော်လည်း အနည်းငယ်ခန့်သာ ဆွေးနွေးညှိနှိုင်း၍ ရသေးသည်။ မြောက်ကိုရီးယားနိုင်ငံ၌ ခေါင်းဆောင်သစ်တက်လာပြီးနောက် နယ်မြေမအေးချမ်းမှု ဖြစ်ပေါ်လာခဲ့သည်။ သံတမန်ဆက်ဆံမှု အလျော့အတင်း၌ ဖြေလျှော့ပေးစရာ လိုလာမည်လား။  သမ္မတအိုဘားမားက ကိုရီးယားကျွန်းဆွယ် ပြဿနာကို ဖြေရှင်းမည်ဟု ကြံစည်လိုက်မည့် အချိန်သည် ...
၆။ ရုရှားနိုင်ငံ
          ပြီးခဲ့သည့် ရွေးကောက်ပွဲ မဲဆွယ်ပွဲ၌ ရီပတ်ဘလီကန်ပါတီမှ သမ္မတလောင်း မစ်ရွမ်းနီ Mitt Romney က မော်စကိုအစိုးရသည် အမေရိကန်နိုင်ငံအတွက် အကြီးမားဆုံးသော ပထဝီဝင်နိုင်ငံရေး ခြိမ်းခြောက်မှုဟု သတ်မှတ်ခဲ့သည်။ သူပြောလိုသော အဓိပ္ပာယ်မှာ ဆီရီးယားနိုင်ငံ သမ္မတ အာဆတ်အစိုးရကို ကျောထောက်နောက်ခံပြုနေခြင်းဖြင့် ကမ္ဘာ့ဇာတ်ခုံပေါ်၌ ထင်ထင်ပေါ်ပေါ် ကပြနေခြင်းကြောင့်ဖြစ်နိုင်သည်။ ရုရှားနိုင်ငံသည် စစ်အေးကာလမှစ၍ ယခုတိုင် စစ်အင်အားက ရှိနေသေးသည်။ ဤသည်ပင် ဒေသတစ်ခုအတွက် အင်အားတစ်ခု ဖြစ်နေပါသေး၏။ ယခု ဒုတိယသမ္မတသက်တမ်းတွင် အိုဘားမားသည် ရုရှားနိုင်ငံနှင့် လက်တွေ့အလုပ်ဖြစ်သော ချဉ်းကပ်နည်းဖြင့် သဘောတူညီမှု ရရှိစေရန် ကြိုးစားရမည်။
စိုးမင်းဦး
Source : Jonathan Morcus. BBC.

0 ကွန်မန့်ရေးရန်:

Post a Comment