Tuesday, October 16, 2012

ကမ္ဘာကျော် အမျိုးသမီးတို့ရဲ့ အသက် ၁၅ နှစ်အရွယ် အတ္တ ဖွင့်ဟချက်







by Lu Cifer on Sunday, October 14, 2012 at 6:25am 

ကမ္ဘာတလွှား မိန်းကလေးငယ်တွေကို အတင်းအကျပ် အိမ်ထောင်ချထားမှု ပပျောက်ရေးနဲ့ မိန်းကလေးတွေကို အန္တရာယ်ပြုမှုမှ ကာကွယ်ဖို့ အကောင်းဆုံးနည်းအဖြစ် မိန်းကလေးတွေကို ပညာသင်ကြားပေးနိုင်ရေး တို့အတွက် ကုလသမဂ္ဂက အောက်တိုဘာ ၁၁ ရက်နေ့ကို နိုင်ငံတကာ မိန်းကလေးငယ်နေ့ (International Day of the Girl Child) လို့ စတင် သတ်မှတ်ခဲ့ပါတယ်။

အဲဒီနေ့ကို ကြိုဆိုသောအားဖြင့် စီအင်အင် သတင်းဌာနကလည်း နိုင်ငံရေး၊ စီးပွားရေး၊ မီဒီယာ၊ သိပံနဲ့ အားကစား နယ်ပယ်တို့မှ ထင်ရှားကျော်ကြား အမျိုးသမီးတွေကို သူတို့ရဲ့ အသက် ၁၅ နှစ်အရွယ်က စိတ်ကူးအိပ်မက်တွေ အတ္တတွေကို မေးမြန်း ထားပါတယ်။ အဲဒီကမ္ဘာကျော် အမျိုးသမီးအချို့ရဲ့သူတို့ငယ်ဘ၀ အတ္တ အိပ်မက်တွေအကြောင်း ပြောဆိုချက်ကို မောက္ခမှာ တင်ပြလိုက်ရပါတယ်။
Melinda Gates
(အများအကျိုး ဆောင်ရွက်သူ)
သူဌေးကြီး ဘီလ်ဂိတ် ရဲ့ ဇနီး မီလင်ဒါဂိတ် ဟာ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သလို၊ ပရဟိတ လုပ်ငန်းတွေ လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။ Bill & Melinda Gates Foundation ကို ပူးတွဲ တည်ထောင်သူလည်း ဖြစ်ပါတယ်။ သူမက ကမ္ဘာတလွှားအမျိုးသမီးငယ်တွေကို အောက်ပါစကား လက်ဆောင်ပေးပါတယ်။
"သင်ကိုယ်တိုင်အကြောင်းနဲ့ ပတ်သက်ပြီး အခု သင် သိနေတဲ့ ဟာကို ဆက်ပြီး ယုံကြည်မှုရှိစမ်းပါ။ သင်ယုံကြည်တဲ့ဟာအတိုင်း အမှန်အကန် ဆက်ရှိနေပါ"
 
Oprah Winfrey
(သရုပ်ဆောင်၊ တီဗီအစီစဉ်များ တင်ဆက်သူ၊ လူမှုရေးဆောင်ရွက်သူ)
Oprah Winfrey က ကမ္ဘာတလွှားမှ အမျိုးသမီးငယ်တွေအတွက် အားအင် ခွန်အားတွေ ပေးစွမ်းနိုင်သူပါ။ ကလေးငယ်ဘ၀မှာ အဓမ္မပြုကျင့်မှု ခံရမှုကြောင့် စိတ်ဒဏ်ရာ ရခဲ့ဖူးပါတယ်။ ၂၀၀၇ ခုနှစ်မှာ မိန်းကလေးတွေအတွက် Leadership Academy ကျောင်းကို စထူထောင်ခဲ့ပါတယ်။ သူမရဲ့ အသက် ၁၅ နှစ်အရွယ်က အတ္တကို အောက်ပါအတိုင်း ပြောထားပါတယ်။
"အခြားသူတွေ ကျေနပ်စေဖို့နဲ့ သူတို့ သင့်ကို အလိုရှိတဲ့ဟာ ဖြစ်စေဖို့ ကြိုးစားပြရင်း သင်ဟာ ရက်တွေ နှစ်တွေ အများကြီး ကုန်လွန်ခဲ့ရတယ်။ သင့်ရဲ့ အတိတ်က ဒဏ်ရာတွေ (အဓမ္မပြုကျင့်ခံရတာ၊ ဗလက်ကာရလုပ်ခံရတာ၊ ကြာပွတ်နဲ့ရိုက်ခံရတာတွေ) ကနေ ပြန်ပြီးသင်ခန်းစားယူဖို့ လိုလိမ့်မယ်။ ဒေါသတွေ ငိုကြွေးတာတွေကို ထပ်ပြီး ခွင့်မပြုပါနဲ့တော့။ အဲဒါက သင်ရဲ့ မိမိကိုယ်ကို တန်ဖိုးထားမှု (self-esteem) ကို ထိခိုက်ပျက်စီးစေတယ်။ ဒါတွေထားပြီး ရှေ့ဆက်သွားဖို့က ဘုရားသခင်ကို သင် ယုံကြည်ဖို့နဲ့ ဘုရားသခင်က သင့်ကို ယုံကြည်အားထားတယ်ဆိုတာ စွဲမြဲလက်ခံထားဖို့ ဖြစ်တယ်"
Christiane Amanpour
(ဂျာနယ်လစ်)
စီအင်အင် သတင်းဌာနမှာ အောက်ခြေသတင်းလိုက်ဘ၀ကနေစတင်ခဲ့ပြီး ကနေ့ chief international correspondent အထိ ဖြစ်လာသူပါ။
"ကျမရဲ့ ၁၅ နှစ်အရွယ်က ကျမရဲ့ အတ္တကို အောက်ပါ လေးချက်နဲ့ ပြောပါတယ်။
၁။ သင်ဟာ အမျိုးသမီးတစ်ဦးဖြစ်တာကြောင့် ဘယ်အရာတွေကိုတော့ဖြင့် မလုပ်နိုင်ဘူးလို့ ဘယ်တော့မှ မတွေးပါနဲ့။ မိန်းကလေး တစ်ယောက်အတွက် အရာရာတိုင်း လမ်းဖွင့်ထားတယ်။ အနာဂတ်ဟာ သင့်အတွက် ဖြစ်တယ်။
၂။ အိပ်မက်၊ ပန်းတိုင်နဲ့ အမြင်ရှိပါ။ အလုပ်လုပ်တဲ့အခါ ပရောဖက်ရှင် ဖြစ်ဖို့တင်မကဘူး၊ အသွေးအသားထဲက အလုပ် ဖြစ်နေပါစေ။
၃။ မိသားစုဟာ အလွန်အရေးကြီးတယ်။ သင့်ရည်မှန်းချက်တွေ အားလုံးကိုသွားဖို့ မိသားစုရဲ့ အနီးကပ် ပံ့ပိုးအားပေးမှုက ရေရှည်မှာ အရေးကြီးတယ်။ အောင်မြင်မှုလှေခါးကို တက်လှမ်းရာမှာ ကြုံရမယ့် အခက်ခဲဒုက္ခပေါင်းစုံကို ၀ိုင်းဖေးမပေးနိုင်တယ်။
၎။ နောက် အရေးကြီးဆုံး အချက်က သင်ရဲ့ ရှုံးနိမ့်မှုတွေနဲ့ အမှားတွေကြောင့် သင့်ကိုယ်သင် ဘယ်တော့မှ မြောင်းထဲ လွှင့်မပစ်လိုက်ပါနဲ့။ ဖြစ်ပျက်နေတဲ့ အရာရာတိုင်းနဲ့ တစ်ခုချင်းစီတိုင်းမှာ ဘ၀အတွက် သင်ယူစရာတွေ နည်းနာတွေ ရှိပါတယ်။ သင့်ရဲ့ ကျရှုံးမှုတွေနဲ့ အမှားတွေကနေ ဘယ်လို သင်ခန်းစာယူမလဲဆိုတာ သိမှာသာလျှင် သင် အမှန်တကယ် အောင်မြင်မှုကို ရရှိပါလိမ့်မယ်။ ဒါဟာ အသက်တမျှ အရေးကြီးပါတယ်"
Queen Rania of Jordan
(ဂျော်ဒန်ဘုရင် အဒူလာ၂ ရဲ့ မိဘုရား၊ ဂျော်ဒန်နိုင်ငံ ပညာရေးကို ဦးဆောင်အားပေးနေသူ)
"လူတွေမှာ မတူခြားနားမှုတွေ ရှိကြသလို အလုပ်တွေကလည်း ကွဲပြားခြားနားကြတယ်။ ဒါကို လက်ခံပါ။ သင့်ရှေ့က လူတွေ လျှောက်ခဲ့တဲ့လမ်းကို လေ့လာသင်ယူပြီး ကိုယ့်လမ်းကိုယ်ဖောက်ပါ။ ကိုယ့်လမ်းဟာ ခြားနားမှုရှိပါစေ၊ အကွေ့အကောက်တွေ အချိုးအကွေ့တွေမှာ မကြခဏ ချော်လဲတဲ့အခါ မကြောက်ပါနဲ့။ ခရီးတစ်ခုမှာ ကြုံရမယ့် အစိတ်အပိုင်းတွေအဖြစ် လက်ခံထားပါ"
Fabiola Fianotti
(ရူပဗေဒပညာရှင်)
"ဆုံးဖြတ်ချက်တွေ စေ့စော်မှုတွေနဲ့အတူ သင်ရဲ့ အိပ်မက်တွေနဲ့ အိုင်ဒီယာတွေကို ယုံကြည်ပါ၊ အဲဒီနောက်ကို စွဲစွဲမြဲမြဲလိုက်ပါ။ အခြားသူတွေအတွက် တစ်စုံတရာလုပ်ဖို့ အချိန်အမြဲရှာဖွေပါ။ တကယ်တော့ ဘ၀မှာ တစ်စုံတစ်ဦးကို လုပ်ပေးလိုက်လို့ ရတဲ့ ပျော်ရွှင်မှုထက် ဘယ်ဆုလာဒ်ကမှ မပိုပါဘူး"
Melanne Verveer
(ကမ္ဘာ့ အမျိုးသမီးများအရေးဆိုင်ရာ အမေရိကန် သံတမန်)
"ကျမ အမှတ်ရမိသမျှတော့ ကျမ ငယ်ငယ်ကတည်းက နိုင်ငံရေးနဲ့ ကမ္ဘာ့အရေးကို စိတ်ဝင်စားခဲ့တယ်။ ကျောင်းစာကြည့်တိုက်ကို အမြဲသွားပြီး နယူးယော့ခ်တိုင်း သတင်းစာ ဖတ်တယ်။ ကုလသမဂ္ဂရုံးကိုသွားပြီး အများပြည်သူ ၀င်နားထောင်လို့ရတဲ့ ဒီဘိတ်ပွဲတွေကို အမြဲနားထောင်ခဲ့တယ်။ အသက် ၁၅ နှစ်မှာ ကျမကိုယ်ကျမ ပြောလေ့ရှိတာက 'စွဲစွဲမြဲမြဲ ဆက်လျှောက်ပါ၊ ကိုယ့်ရဲ့ စိတ်ထက်သန်ပြင်းပြမှုနောက် လိုက်ပါ။ ကမ္ဘာကြီးနဲ့ အမြဲထိတွေ့နေပါ။ ကိုယ့်ကိုယ်ကို အမှန်ကန်ဆုံးနေပါ' ဆိုတာပါပဲ"
Cherie Blair
(ဗြိတိသျှ နာမည်ကြီး ၀တ်လုံတော်ရရှေ့နေ)
ဗြိတိသျှ ၀န်ကြီးချုပ်ဟောင်း တိုနီဘလဲ ရဲ့ ဇနီးဖြစ်ပါတယ်။ အများပြည်သူဆိုင်ရာ ဥပဒေ၊ လူ့အခွင့်အရေး ဥပဒေနဲ့ အလုပ်အကိုင် ဥပဒေနဲ့ ဥရောပ ကွန်မြူနတီ ဥပဒေ တို့ကို ကျွမ်းကျင်သူဖြစ်ပြီး၊ အမျိုးသမီးတွေအတွက် Cherie Blair ဖောင်ဒေးရှင်းကို တည်ထောင်ထားသူလည်း ဖြစ်ပါတယ်။
"သင့်အတွက် လမ်းပြပေးနိုင်မယ့် စံထားစရာပုဂ္ဂိုလ် အလုံအလောက်မရှိရင်တောင် စိတ်မပျက်ပါနဲ့။ သင် အလိုရှိရာ အနာဂတ်ကို စိတ်ကူးကြည့်ပါ။ သင်အောင်မြင်လာပါလိမ့်မယ်"
Victoria Azarenka
(ကမ္ဘာ့ နံပါတ် ၁ အမျိုးသမီး တင်းနစ်မယ်)
"သင့်ရဲ့ အိပ်မက်တွေနောက် အမြဲလိုက်ပါ။ သင့်ကိုယ်သင် အစစ်အမှန်ဖြစ်ကြောင်း ပြသဖို့ ဘယ်တော့မှ မကြောက်ပါနဲ့။ ပစုပ္ပန်မှာ နေဖို့ အမြဲကြိုးစားပါ"
Maria Sharvoria
( ကမ္ဘာ့ နံပါတ် ၂ အမျိုးသမီး တင်းနစ်မယ်)
"အသက် ၁၅ နှစ်မှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချစရာတွေ အများကြီးရှိတယ်လို့ ကျမ မိဘတွေက အမြဲပြောခဲ့တယ်။ ဒါပေမဲ့ ရှေ့မှာ ကိုယ့်ဘ၀ကို အပြောင်းလဲတွေ ဖြစ်စေမယ့် နှစ်တွေ အများကြီး ရှိနေတယ်ဆိုတာ လက်ခံထားတယ်။ ဒါကြောင့် သင့်ကိုယ်သင်လည်း အရမ်း ဖိအား မပေးပါနဲ့။ တိုးတက်ဖို့အတွက် အခန်းကဏ္ဍတွေ အမြဲတမ်းရှိနေတတ်ပါတယ်။
Vanessa Mae
(ကမ္ဘာကျော် တယောပညာရှင်)
"ဂီတမှာရော သင်ရဲ့ ဘ၀ နှစ်ခုစလုံးမှာပါ ပင်ကိုယ်သဘောဆောင်မှုနဲ့  ရှိတဲ့အခြေအနေမှာ ရရာနဲ့ ဖန်တီးနိုင်စွမ်း ရှိပါစေ"
 ရည်ညွှန်း CNN
ဝင့်ထန်း
မောက္ခနိုင်ငံတကာသတင်း

0 ကွန်မန့်ရေးရန်:

Post a Comment