Sunday, September 9, 2012

ကွန်ပြူတာ ဝန်ဆောင်မှု သတိပြုစေလို


အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အယ်ဒီတာခင်ဗျား …

သတင်းစာ၊ ဂျာနယ်တွေမှာ ကြော်ငြာနေတဲ့ အိမ်တိုင်ရာရောက် ကွန်ပြူတာ ဝန်ဆောင်မှုလုပ်ငန်းတွေထဲက တချို့ဟာ လိမ်လည်မှုတွေ ဖြစ်နေတာကို တွေ့ရပါတယ်။

ပျက်နေတဲ့ ကွန်ပြူတာအတွက် ခေါ်ယူပြုပြင်ရာမှာ အလိမ်လည်ခံခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူ ရန်ကုန်ဒေသခံတွေဆီကနေ စုံစမ်းသိရတာပါ။

ကမာရွတ်မြို့နယ်မှ မအေးသီရိက “ကျမအိမ်မှာ သုံးနေတဲ့ ကွန်ပြူတာပျက်လို့ ခေါ်လိုက်တယ်။ ကြေညာထားတဲ့အတိုင်း ကျပ် ၅ ထောင်ပဲ ထင်လို့ ခေါ်လိုက်တာ။ ပြင်တဲ့သူက ရောက်ရောက်ချင်း စက်ကို နည်းနည်းပါးပါး စစ်ပြီး၊ ဂိမ်းဆော့လိုက်သေးတယ်။ ပြီးတော့ မားသားဘုတ်ကို ဖွင့်ပြီး လျှောက်ကြည့်တယ်။ ပြီးတော့ စုတ်တံတချောင်းတောင်းပြီး ဖုန်တွေဘာတွေ ခါတယ်။ နောက်တော့ Graphic Card လဲရမယ်ပြောပြီး သူ့ဆီမှာ ပါလာတဲ့ ကတ်လေးတခုကို လဲလိုက်တယ်။ အားလုံးပြီးသွားတော့ ဝင်းဒိုးပြောင်းတင်ပြီး ပြန်သွားတယ်။ ပြင်ခနဲ့ လမ်းစရိတ်က ၈ ထောင်၊ Graphic Card က ၅ သောင်းကျပ်နဲ့ အားလုံးပေါင်း ကျပ် ၅ သောင်း ၈ ထောင် ကုန်သွားပါတယ်၊ ပြင်ပေးပြီး နောက်တနေ့ကျတော့ စက်က တန်းပြီး ပြန်ပျက်တာပဲ’’ လို့ သူ့ကိုယ်တွေ့ကို ပြောပြပါတယ်။

ကွန်ပြူတာပျက်လို့၊ ကိုယ်တိုင်နားမလည်လို့ တကယ်တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေကိုပဲ တိုင်ပင်ပြီး အကြံဥာဏ်တောင်းသင့်တယ်လို့ သူက ဆိုပါတယ်။ အခုအခါ ကွန်ပြူတာ ပြုပြင်ရေးနဲ့ အရောင်းစင်တာတွေ ဖွင့်ထားတာကြောင့် အဲဒီ ပြုပြင်ရေးဌာနတွေဆီ ပေးပို့ပြသသင့်တယ်လို့ပါ ပြောပါတယ်။

နောက်တချက်က အိမ်တိုင်ရာရောက် ကွန်ပြူတာ လာပြင်သူ အများစုဟာ လက်ကိုင်ဖုန်း နံပါတ်နဲ့ ကြော်ငြာပေမယ့် သူတို့ထည့်ရေးထားတဲ့ ရုံးခန်းနဲ့ ဆိုင်ခန်းတွေဟာ အတည်တကျ မရှိပါဘူး။

လိမ်တဲ့ လူတွေကို အပြန်လိုက်ပို့မယ် ပြောတော့ ဗိုလ်တထောင်ဘုရားရှေ့မှာ ရုံးခန်းရှိတယ်၊ Asia Plaza မှာ ရုံးခန်းရှိတယ်ပြောပြီး တကယ်လိုက်ပို့ရင် ရုံးကိုမပြန်သေးဘူးဆိုလို့ သူသွားချင်တဲ့ အလုံဘက်ကို လိုက်ပို့ခဲ့ရကြောင်း နောက်ထပ် တွေ့ကြုံခဲ့သူ တယောက်က ပြောပြပါတယ်။

အဲဒါကြောင့် သတင်းဂျာနယ်တွေ၊ သတင်းစာတွေမှာ ကြော်ငြာတယ်ဆိုပြီး အမှန်အကန်တွေ မထင်ပါနဲ့။ ဆိုင်လိပ်စာတွေဘာတွေပါလား သေချာကြည့်ပြီးမှ ဆက်သွယ်ကြပါ။ ကျမတို့လို နားမလည်တဲ့သူတွေ ထပ်ခံရမှာစိုးတယ်လို့ ပြောပါတယ်။


အသိပေးလိုသူ တဦး
ရန်ကုန်

0 ကွန်မန့်ရေးရန်:

Post a Comment