Saturday, September 1, 2012

ABSDF (မြောက်ပိုင်း) အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ကျောင်းသားဟောင်းများ ကြေညာချက်ထုတ်


ရန်ကုန်၊ သြဂုတ် ၃၁

စစ်အာဏာရှင် စနစ်ကို တွန်းလှန်ရန် အတွက် လက်နက်စွဲကိုင် တိုက်ပွဲဝင်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့သည့် ကျောင်းသား တပ်မတော် ABSDF (မြောက်ပိုင်း) ၌ တပ်ဖွဲ့ဝင် အချင်းချင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ လွတ်မြောက်လာသည့် ကျောင်းသား ရဲဘော်ဟောင်းများက ယနေ့ ရက်စွဲဖြင့် ကြေညာချက် တစ်စောင် ထုတ်ပြန်သည်။


၁၉၉၂ ခုနှစ်က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ပါဂျောင်ဒေသ၌ တပ်ဖွဲ့ဝင် အချင်းချင်း  ထောက်လှမ်းရေးဟု စွပ်စွဲ ဖမ်းဆီး ညှဉ်းပန်း သတ်ဖြတ်မှု အပေါ် တရားမျှတသော တရားစီရင်ရေး ရှေ့မှောက် ပို့ဆောင် ပေးခြင်းဖြင့် နိုင်ငံသားတိုင်း တရားမျှတသော ဥပဒေ ထိန်းသိမ်း စောင့်ရှောက်မှု ရရှိနိုင်မည် ယူဆကြောင်း ယင်းကြေညာချက်တွင် ဖော်ပြ ထားသည်။


အဆိုပါ ကာလက တစ်ပြိုင်နက်တည်း အသတ်ခံရသူ ၁၅ ဦး၊ စစ်ကြောရေး စခန်း၌ သေဆုံးသူ ၁၄ ဦး၊ တစ်ဦးချင်း အသတ်ခံရသူ ၉ ဦး ရှိပြီး ယင်းပါဂျောင် အချုပ်ထောင်မှ ၅၅ ဦးတစ်ပြိုင်နက်တည်းထွက်ပြေးလွ
တ်မြောက်ခဲ့ကြောင်း ABSDF ကျောင်းသားရဲဘော်ဟောင်းများ၏ စာရင်းများအရသိရသည်။

ယင်းအချိန်က ABSDF (မြောက်ပိုင်း) ဥက္ကဌမှာ ရော်နယ်အောင်နိုင်ဖြစ်ပြီး ဗဟိုဥက္ကဌမှာ ဒေါက်တာနိုင်အောင် ဖြစ်သဖြင့် အဆိုပါ သတ်ဖြတ်မှုများ အတွက် အပြည့်အဝ တာဝန်ယူရမည်ဖြစ်ကြောင်း သတ်ဖြတ်မှုမှ လွတ်မြောက်လာသူများ ကပြောကြားသည်။


ယနေ့မှာပင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည့် ဒေါက်တာနိုင်အောင်ကမူ အဆိုပါ သတ်ဖြတ်မှုများ ဖြစ်ပွားစဉ်က ၎င်းမှာ တောင်ပိုင်းတွင် ရှိနေပြီး မသိရှိကြောင်း ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် သတင်းထောက် များကို ပြောကြားသည်။

Photo News


 ဦးညိုအုန်းမြင့်၊ ဒေါက်တာသောင်းထွန်း နှင့် ABSDF ဥက္ကဋ္ဌ ဟောင်း ဒေါက်တာနိုင်အောင်တို့ ယနေ့  မွန်းလွဲနှစ်နာရီခန့် က ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည်ကို တွေ့မြင်ရစဉ်။

0 ကွန်မန့်ရေးရန်:

Post a Comment