Thursday, August 30, 2012

တို့ဆေး


   တို့ဆေး  
မချွင်လေး(ပါရီ)
   ဟိုတလောက visiting card တွေမှာ BURUNDANGA ဆေးသုပ်ထားပြီး၊ အမျိုးသမီးတွေ ဓါတ်ဆီဆိုင်မှာ ဓါတ်ဆီထည့်နေတုန်းပေးပြီး၊ အဲဒီအမျိုးသမီးဆေးကြောင့် ကားမမောင်းနိုင်တဲ့ အခါနောက်ကလိုက်ပြီးဒုက္ခပေးတတ်ကြောင်းဖတ်လိုက်ရတော့ မြန်မာပြည်မှာခေတ်စားတဲ့ တို့ ဆေး ဆိုတာသတိရပြီး BURUNDANGA ဆေးအကြောင်းရှာကြည့်မိပါတယ်။
ရန်ကုန်မှာမကြာခဏဆိုသလို၊ တစိမ်းတစ်ယောက်ကလက်တို့ပြီး၊ ဝတ်ထားတဲ့ လက်ဝတ်လက်စားတွေ၊ ပိုက်ဆံတွေပေးခိုင်းတဲ့အခါ တဘက်လူရဲ့ ပြောစကားကိုမှင်သက်မိပြီး တစ်သွေမသိမ်းလိုက်နာကြပြီး၊ အဲ့ဒီလူထွက်သွားမှပြန်သတိလည်လာတယ်လို့ကြားရပါတယ်။ အထက်လမ်းနည်းလိုလို၊ အောက်လမ်းနည်းလိုလိုနဲ့ ဘာကြောင့်မှန်း သေသေချာချာမသိရလို့၊ ယုံရအခက်၊ မယုံရအခက်ဖြစ်ခဲ့ ပါတယ်။
  လက်စသတ်တော့ သူက ဆုပ်လည်းဆူး၊ စားလည်းရူး ဆိုတဲ့ ပဒိုင်းသီးအပင်ကရတဲ့ scopolamine ဆေးဖြစ်နေပါတယ်။ ဒီဆေးက အလွန်သေးငယ်တဲ့ ပမာဏနဲ့ အကျိုးသက် ရောက်စေတဲ့ ဆေးဖြစ်ပါတယ်။ ဒီဆေးကိုစားလို့၊ သောက်လို့ပဲဖြစ်ဖြစ်၊ အကြောထဲပဲထိုးထိုး၊ အရေပြား မှာ စက္ကူနဲ့ပဲကပ်ကပ်၊ မျက်စဉ်းပဲခပ်ခပ်၊ နှခေါင်းကပဲရူရူ၊ အစွမ်းပြတဲ့ ဆေးလည်း ဖြစ်ပါတယ်။ သူ့မှာ အရောင်အဆင်း၊ အနံ့ အရသာ မရှိပဲ၊ ရေမှာလွယ်ကူစွာပျော်ဝင်လို့ လည်း အစားအစာတွေမှာ အလွယ်တကူဆေးခပ်လို့ရပါတယ်။
ဒါကြောင့် ဆေးရည်ကိုလက်မှာသုပ်ပြီး၊ နှောက်ယှက်လိုသူရဲ့အသားကိုတို့ပြီး၊ ဒါမှ မဟုတ် ဆေးမှုံကိုမျက်နှာပေါ်မှုတ်ထုတ်ပြီး သူလိုတာခိုင်းခဲ့ တာကိုးလို့ သဘောပေါက် ပါ တော့တယ်။
ရွှေပေလွှာ (Chain letters) ဆိုတဲ့ ယခုရသောစာကို ဘယ်နှစ်စောင်ဝေပါ။ ဘယ်သူ ကလေို့ထီပေါက်သွားတာ၊ ဘယ်လို ကောင်းကျိုး ရသွားတာ၊ မဝေလို့ ဘယ်လိုဒုက္ခရောက် သွားတယ်ဆိုတဲ့ စာတွေ ရခဲ့ဖူးမှာပါ။ တကယ်က ရွှေပေလွှာတွေမဟုတ်ပါဘူး။ အဆိပ်
ပေလွှာ တွေပါ။ အဲ့ဒီစာတွေမှာလည်း ဒီဆေးကိုသုပ်လေ့ရှိတယ်လို့ဆိုပါတယ်။
၂၀ ရာစုနှစ်အစပိုင်းက ချက်ကိုစလိုဗက်နိုင်ငံတော်လုပ်ကြံမှုတွင် ဖြောင့်ချက်ရအောင် ဖမ်းမိသော သူလျှိုများမှာ ဒီဆေးကို အသုံးပြုပြီး စစ်ဆေးခဲ့ကြတယ်လို့သိရပါတယ်။
၂၀၁၁ နှစ်မှာ ယိုးဒယားနိုင်ငံကို ရောက်လာတဲ့ ကမ္ဘာလှည့်ဧည့်သည်တွေရဲ့ အစာထဲ မှာအဲ့ဒီဆေးထည့်ပြီး ၎င်းတို့ကိုလုယက်ခဲ့တယ်လို့ဆိုပါတယ်။
ဒီဆေးက ဥဏှောက်ရဲ့ ကိုယ်ပိုင်ဆန္ဒကိုဖယ်ပြစ်ပြီး၊ တပါးသူပြောသမျှကို ရုပ်သေး ရုပ်လို လိုက်လုပ်စေခြင်းဖြစ်ပါတယ်။ ကိုယ့်ကိုယ်နဲ့သူများ ဆန္ဒဖြစ်သွားတာပါ။
ဒီဆေးလွန်ရင်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီဆေးမှာကောင်းကျိုး တွေလည်းရှိပါတယ်။ သုံးတဲ့လူပေါ်မူတည်တာပါ။ ဒီဆေးကို-
၁။ ကားမူးတာ၊သင်္ဘော၊လေယဉ်မူးတာတွေမှာသုံးလို့ရပါတယ်။
၂။ ကိုကင်း၊နံပတ် 4 ဆွဲတဲ့သူတွေဆေးဖြတ်တဲ့နေရာများမှာလည်းသုံးနိုင်ပါတယ်။
၃။ Aquagenic pruritius ခေါ်ယားနာရောဂါ။
၎။ တံတွေးအဆမတန်ထွက်သော ALS ရောဂါ။
၅။ Depression စိတ်ဓါတ်ကျရောဂါများမှာလည်းအသုံးပြုနိုင်ပါတယ်။
အဲ့ဒီဆေးပင်မျိုး အမျိုးတူ ၅မျိုးရှိပြီး၊ ဥရောပနဲ့ အာရှမှာ ပေါက်ရောက်သော အမြဲစိမ်းလန်း အပင်မျိုးဖြစ်ပါတယ်။ အပွင့်တွေက အဖြူ၊ အ၀ါ၊ အညိုရောင်များဖြစ်ပြီး၊အသီးမှာဆူးများပါပါတယ်။ အချို့နေရာမှာ အလှစိုက်လေ့ရှိပါတယ်။ Columbia နိုင်ငံမှာတော့ လမ်းပေါ်မှ ဒုစရိုက်သမားများ အသုံးအများဆုံးသောဆေး ဖြစ်တယ်လို့ဆိုပါတယ်။
ကျမ်းကိုး
http://en.wikipedia.org/wiki/Scopolamine

0 ကွန်မန့်ရေးရန်:

Post a Comment