Tuesday, July 31, 2012

ဗိုလ်တစ်ထောင် ဆိပ်ကမ်းအား မြစ်လယ်သို့ မြေဖို့ပြီး ဆိပ်ကမ်းမြေနေရာ တိုးချဲ့ကာ ရေပေါ်ဟိုတယ် ဧရိယာအဖြစ် တည်ဆောက်သွားမည်





ဗိုလ်တထောင် ဆိပ်ကမ်းအား မြစ်လယ်သို့ မြေဖို့ပြီး ဆိပ်ကမ်းမြေနေရာ တိုးချဲ့ကာ ရေပေါ်ဟိုတယ် ဧရိယာအဖြစ် တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

ဗိုလ်တထောင်ဆိပ်ကမ်းအား မြေနေရာတိုးချဲ့ရာတွင် ဗိုလ်တထောင် ဆိပ်ကမ်း အမှတ်(၃) ဘောတံတားမှ အမှတ်(၁)ကုန်းတွင်း ကုန်သေတ္တာစင်ထိပ်ထိ ကမ်းနားတစ်လျှောက်အား ရေကာ တံတိုင်းဆောက်လုပ်၍ မြေဖို့ပြီးမြေနေရာ တိုးချဲ့ခြင်းအား ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

“မူလရေကာတံတိုင်း အစွန်နေရာကနေ မြစ်လယ်ဘက်ကို ပေ ၁၀၀ ခန့် တိုးချဲ့ပြီး အရှည် ၂၄၄၀ ပေ ရှိတဲ့ ရေကာတံတိုင်း တည်ဆောက်သွားမှာပါ။ နောက်ခံဧရိယာကို သဲ ဖို့ပြီး မြေနေရာ ဖော်ထုတ်ပြီးတဲ့အခါ လက်ရှိထက် မြေဧက ၆ ဒသမ ၄ ဧက ထပ်မံပေါ်ထွန်းလာမှာဖြစ်ပါတယ်” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အင်ဂျင်နီယာချုပ် ဦးမြသန်းက ပြောကြားခဲ့သည်။

“ ဒီလိုဆိပ်ကမ်း မြေနေရာဟာ နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ တန်ဖိုးရှိတဲ့မြေနေရာဖြစ်တဲ့အတွက် ဒါကိုအသုံးချပြီး ၀င်ငွေတိုးအောင် လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း၊ မြေနေရာတိုးချဲ့ရေး ဆောင်ရွက်တဲ့နေရာမှာလည်း စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိ၊မရှိ ချိန်ဆပြီး အချိန်တိုအတွင်း ပြီးစီးအောင်နှင့် ရေပေါ်ဟိုတယ်တွေ၊ စားသောက်ဆိုင်တန်းတွေနဲ့ စည်ပင်လာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပို့ ဆောင်ရေး ၀န်ကြီးဌာနပြည်ထောင်စု ၀န်ကြီး ဦးဥာဏ်ထွန်းအောင်က ဇူလိုင်လ ၇ ရက်နေ့က အဆိုပါဆိပ် ကမ်းတိုးချဲ့မည့် နေရာသို့ရောက်ရှိစဉ်က ပြောကြား ခဲ့သည်။

လက်ရှိအချိန်တွင် ဗိုလ်တထောင်ဆိပ်ကမ်း၌ လှလှပပ ကုမ္ပဏီလီမိတက်မှ ရေပေါ်ဟိုတယ် တည်ဆောက်ရေးစီမံကိန်းအား စတင် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ယင်းကုမ္ပဏီမှ ပထမအဆင့်အနေဖြင့် ဗိုလ်တထောင်အမှတ် (၆) ဆိပ်ခံ တံတားအထက်နှင့်အောက် ပြုပြင်ခြင်းလုပ်ငန်းအား လုပ်ဆောင်လျက် ရှိသည်။

လှလှပပ ကုမ္ပဏီလီမိတက်မှ ရေပေါ်ဟိုတယ်အဖြစ် သင်္ဘောနှစ်စီး အသုံးပြုသွားမည်ဖြစ်ကာ အလျား ၂၂၈ ပေ၊ အနံပေ ၅၀ ရှိသော သင်္ဘောတစ်စီးနှင့် အလျား ၂၃၆ ပေ အနံပေ ၅၀ ရှိသော သင်္ဘောတစ်စီး ပါဝင်မည်ဖြစ်ပြီး သင်္ဘောတစ်စီးလျှင် အခန်းပေါင်း ၇၂ ခန်း ပါဝင်ပြီး နှစ်ယောက်ခန်းများဖြစ်သည့်အတွက် လူဦးရေ ၁၄၄ ယောက်အထိ တည်းခိုနိုင်မည်ဟု သိရသည်။

0 ကွန်မန့်ရေးရန်:

Post a Comment