Tuesday, July 31, 2012

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ရခိုင်ပြည်နယ်အရေးနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်လျက်ရှိရာ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအ၀န်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသည့်အချိန်တွင် အေးချမ်းမှုနှင့် လုံခြုံရေးကို ထိပါးစေမည့် အဖြစ်အပျက်နှစ်ရပ် ရခိုင် ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည်။ ယင်းအဖြစ်အပျက်များမှာ မေလ ၂၈ ရက်တွင် ရမ်းဗြဲမြို့နယ်၌ အမျိုးသမီးငယ်တစ်ဦးအား လူငယ်သုံးဦးက လုယက်၊ အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့ခြင်းနှင့်ဆက်စပ်၍ ဇွန်လ ၃ ရက်တွင် တောင်ကုတ်မြို့နယ်အတွင်း ခရီးသည်တင်ဘတ်စ်ကားပေါ်မှ ခရီးသည် ၁၀ ဦးအား သတ်ဖြတ်ခဲ့မှုတို့ပင် ဖြစ်ပါသည်။

ဤဖြစ်ရပ်နှစ်ခုတွင် ပထမအမှု၌ သေဆုံးခဲ့ရသည်မှာ ဗုဒ္ဓဘာသာဝင် ရခိုင်အမျိုးသမီးတစ်ဦးဖြစ်ပြီး ဒုတိယအမှုတွင် သေဆုံးသူများမှာ မွတ်ဆလင်အမျိုးသားများ ဖြစ်ကြသည်။ ဤအဖြစ်အပျက်နှစ်ရပ် ဖြစ်ပွားပြီးနောက် စစ်တွေ၊ မောင်တောနှင့် ဘူးသီးတောင်မြို့များတွင် ဆူပူအကြမ်းဖက်မှုများ ဖြစ် ပွားခဲ့ပြီး အကြမ်းဖက်သူများက နေအိမ်များ၊ ဈေးဆိုင်များနှင့် တည်းခိုခန်းများကို မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်ခဲ့ကြသည်။ အဆိုပါ အကြမ်းဖက်မှုများကြောင့် နှစ်ဘက်စလုံး မှ ၇၇ ဦး သေဆုံးပြီး ၁၀၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စုစုပေါင်း လူနေအိမ် ၄၈၂၂ လုံး၊ ဗလီ ၁၇ လုံး၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ၁၅ လုံးနှင့် စာသင်ကျောင်း ၃ ကျောင်း မီးလောင်ပျက်စီးခဲ့သည်။

ယင်းသို့ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ စတင်ဖြစ်ပွားချိန်မှာပင် ဆူပူမှုဖြစ်ပွားရာ နေရာများ၌ တည်ငြိမ်မှုရရှိရေးအတွက် နိုင်ငံတော်အစိုးရအ နေဖြင့် ချက်ချင်းအရေးယူ ဆောင်ရွက်ပေးခဲ့သည်။ အလားတူ အကြမ်းဖက်မှုများ မပြန့်ပွားစေရန်နှင့် တည်ငြိမ်အေးချမ်းမှု ရရှိစေရန်အတွက်လည်း လိုအပ်သည်များကို စီမံဆောင်ရွက်ခဲ့သည်။ အခြေအနေအရပ်ရပ်ကို ပြည်သူများ သိရှိနိုင်ရေးအတွက်လည်း ပွင့်လင်းမြင်သာစွာ အသိပေးထုတ် ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း အဖြစ်မှန် ဖော်ထုတ်ရေးနှင့် ဥပဒေမဲ့စွာ မင်းမဲ့စရိုက်ဖြင့် ပြစ်မှုကျူးလွန်သူများကို အရေးယူနိုင်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဆောင်သော အဖွဲ့ဝင် ၁၆ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မတီကို ၂၀၁၂ ခုနှစ် ဇွန်လ ၆ ရက်တွင် ဖွဲ့စည်းခဲ့သည်။

ဇွန်လ ၁၁ ရက်တွင် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြည်သူများသို့ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။ ထိုသို့ မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော်သမ္မတက ပြည်သူလူထုအနေဖြင့် နိုင်ငံတော်အစိုးရနှင့် လက်တွဲ၍ ပူးပေါင်းဆောင်ရွက်ကြရန် ပန်ကြားပြီး အခြေအနေအရပ်ရပ်ကို သည်းခံခြင်းတရားဖြင့် ဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံလျက် နိုင်ငံတော်အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးကို အထူးအလေးထားသွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင် တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတော်သမ္မတရုံးက ၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်တွင် အရေးပေါ်အခြေအနေကို ထုတ်ပြန်ကြေညာခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း အဖြစ်အပျက်များကို သုံးသပ်ကြည့်မယ်ဆိုပါက တစ်ဦးနှင့်တစ်ဦး ဘာသာရေးအယူအဆကွဲပြားခြင်းနှင့် အထင်အမြင်လွဲမှားခြင်း မှ မုန်းတီးမှုနှင့် လက်တုံ့ပြန်မှု၊ လက်စားခြေမှုများကြောင်း ဥပဒေမဲ့စရိုက်များ ပျံ့နှံ့သွားခဲ့ရခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ ယင်းသို့ အကြမ်းဖက်မှုများကြောင့် ထိခိုက်နစ်နာရသူများမှာ ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်အသိုင်းအ၀ိုင်း နှစ်ဖက်လုံးမှဖြစ်ကြောင်း တွေ့ရှိရရာ ဤအကြမ်းဖက်မှုများသည် ဘာသာ ရေးဖိနှိပ်ညှင်းပန်းမှုနှင့် ပတ်သက်မှုမရှိကြောင်း ထင်ရှားသည်။ မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနှင့် ဖွဲ့စည်းထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်လျက် ကွဲပြားခြားနားသော ယုံကြည်မှုအမျိုးမျိုးရှိကြသည့် ပြည်သူအားလုံး ငြိမ်းချမ်းစွာ အတူတကွနေထိုင်လျက်ရှိကြသည်။

ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုအသင်းအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များသည် အခင်းဖြစ်ပွားရာဒေသများသို့ သွားရောက်ခဲ့ကြပြီး ကယ်ဆယ်ရေးစခန်းရှိ ဒုက္ခသည်များအား ကယ်ဆယ်ရေးပစ္စည်းများ ဝေငှခြင်း၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြသည်။

နိုင်ငံတော်အစိုးရက အဆိုပါမြို့နယ်များတွင် အကြမ်းဖက်မှုကြောင့် ဒုက္ခရောက်သူ ရခိုင်အမျိုးသား ၁၄၃၂၈ ဦးနှင့် မွတ်ဆလင်ဘာသာဝင် ၃၀၇၄၀ ဦးတို့အတွက် ကယ်ဆယ်ရေးစခန်း ၈၉ ခု တည်ဆောက်ပေးခဲ့သည်။ ယခုအခါ ရခိုင်ပြည်နယ်အတွင်း ဥပဒေစိုးမိုးရေး အခြေအနေ ပြည်လည်ကောင်းမွန်လာပြီး ဖြစ်သဖြင့် အဆိုပါ ကယ်ဆယ်ရေးစခန်းများမှ မိသားစုများသည် မိမိတို့၏ နေရပ်ဒေသများသို့ ပြန်လည်ရွှေ့ပြောင်းလျက်ရှိနေကြပြီ ဖြစ် သည်။

မောင်တောမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ မီးလောင်ပျက်စီးသွားသည့် နေအိမ်များ ပြန်လည်တည်ဆောက်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက နေအိမ် ၂၀၂ လုံးကိုလည်းကောင်း၊ ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံးက နေအိမ် ၂၂၂ လုံးကိုလည်းကောင်း၊ အစိုးရမဟုတ်သည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သော CARE Myanmar က နေအိမ် ၁၂၈ လုံးကိုလည်းကောင်း အသီးသီးတည်ဆောက်ပေးသွားမည်ဖြစ်သည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မောင်တောမြို့နယ်အတွင်း ဒုက္ခသည်များအတွက် ယာယီတဲအလုံး ၄၀၀ ကို ပေးအပ်ခဲ့ပြီး ဖြစ်သည်။ စစ်တွေမြို့နှင့် မြို့နယ်အတွင်းရှိ ဒုက္ခသည်များ ခိုလှုံနိုင်ရန် ရခိုင်ပြည်နယ်အစိုးရက ယာယီတဲအလုံး ၁၇၀ နှင့် ကုလသမဂ္ဂမဟာမင်းကြီးရုံးမှ ဦးဆောင်၍ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက ယာယီတဲအလုံး ၆၀၀ ကို တည်ဆောက်ပေးရန် ကတိပြုခဲ့ကြသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း ဒုက္ခသည် စခန်းများအတွက် စားနပ်ရိက္ခာထောက်ပံ့ရန် အမေရိကန်ဒေါ်လာ ၆ သိန်းခန့်ကို အသုံးပြုခဲ့ပြီး စားနပ်ရိက္ခာ ၁၅၁၅ တန်ကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။ WFP ၏ သိုလှောင်ရုံများတွင် ရိက္ခာတန် ၂၁၀၀ ကို သိုလှောင်ထားရှိပြီးဖြစ်သည်။

ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံးနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက မီးဖိုချောင်အသုံးအဆောင် အမျိုးမျိုး ၆၈၁၈ စုံနှင့် မိုးရေကာ ဖျင်အချပ်ပေါင်း ၂၄၁၂ ကို ရခိုင် ပြည်နယ်အတွင်းရှိ ဒုက္ခသည်များ အတွက် ပံ့ပိုးခဲ့ပြီးဖြစ်သည်။ ထို့အပြင် နှစ်ဖက်စလုံးမှ ဒုက္ခသည်များ၏ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများအတွက် ပြည်တွင်းပြည်ပစေ တနာရှင်များထံမှ ကျပ်သန်းပေါင်း သုံးသောင်းကျော်တန်ဖိုးရှိ ငွေသားနှင့် ပစ္စည်းများကိုလည်း လက်ခံရရှိပြီးဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း အဆိုပါ ဒေသများတွင် တရားဥပဒေစိုးမိုးမှု ပြန်လည်တည်ဆောက်ရေးအတွက် ဆောင်ရွက်ရာတွင် အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့သည်။ ဖြစ်ပေါ်နေသော အခြေအနေကို ဖြေရှင်းရာ၌ အာဏာပိုင်များက မလိုအပ်ဘဲ အင်အားအလွန်အကျွံ အသုံးပြုမှုများရှိကြောင်း၊ အချို့အသိုင်းအ၀ိုင်းမှ စွပ်စွဲမှုများကို မြန်မာနိုင်ငံအနေဖြင့် အခိုင်အမာငြင်းဆိုသည်။

အထက်ပါအဖြစ်အပျက်များမှာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အနည်းငယ်တွင် ပေါ်ပေါက်ခဲ့သည့် အုပ်စုချင်း အကြမ်းဖက်မှုများသာ ဖြစ်သည်။ သို့ ဖြစ်ရာ ဖြစ်ရပ်မှန်အခြေအနေများကို ထောက်ရှု၍ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့်ကိစ္စရပ်အား အချို့အသိုင်းအ၀ိုင်းမှ ဘာသာရေးပြဿနာတစ်ရပ်အဖြစ် နိုင်ငံရေးအသွင်နှင့် နိုင်ငံတကာကိစ္စရပ်အသွင် ဖြစ်ပေါ်စေရန် ကြိုးပမ်းမှုများကို မြန်မာနိုင်ငံက လုံးဝပယ်ချသည်။

ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် မရှိမဖြစ် လိုအပ်ချက်တစ်ရပ်ဖြစ်သည်။ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် တိုင်းရင်းသားလူမျိုးများအကြား သဟဇာတရှိမှုသည် ပြည်ထောင်စုတည်တံ့ခိုင် မြဲရေးအတွက် အရေးကြီးလှပေသည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များ၊ မွတ်ဆလင်နှင့် ဟိန္ဒူဘာသာဝင်များ ရာစုနှစ်ပေါင်း များစွာ ချစ်ကြည်ရင်းနှီးစွာဖြင့် အတူတကွ ယှဉ်တွဲနေထိုင်ခဲ့ကြသည့် ဘာသာစုံနိုင်ငံတစ်နိုင်ငံဖြစ်သည်။ သို့ဖြစ်ရာ မကြာမီက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများသည် ဘာသာရေးဖိ နှိပ်ခွဲခြားဆက်ဆံမှုကြောင့် ပေါ်ပေါက်လာခြင်း မဟုတ်ပေ။

အာဏာပိုင်များအနေဖြင့် စိတ်ရှည်သည်းခံမှုဖြင့် သတိကြီးစွာထားလျက် လိုအပ်သည်များကို အရေးယူဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရက ယခုကိစ္စရပ်အား ဖြေရှင်းနိုင်ရေးအတွက် ဘာသာရေးခေါင်းဆောင်များ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ အခြေအနေအရပ်ရပ်မှာ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။

နေပြည်တော် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်

0 ကွန်မန့်ရေးရန်:

Post a Comment