Monday, July 2, 2012

အပြုံး

Inbox
x

မာမာ marmarmyint1981@gmail.com





 အပြုံး-ဆိုတာ ရန်သူကိုတောင် အောင်နိုင်စေတဲ့ လက်နက်ကောင်းတခုပါ။ ဒါပေမယ့် စိတ်မထားတတ်ဘဲနဲ့တော့ ဟန်လုပ်ပြီး မပြုံးဖို့တော့ လိုပါတယ်။ စိတ်ထဲမှာကိုက ကြည်လင်ရှင်းသန့်နေရမယ်။ မြင်မြင်သမျှ ထိစပ်ဆက်နွယ်နေတဲ့သူမှန်သမျှကိုလည်း အကောင်းမြင်စိတ်ထားရမယ်။


မိမိကြည့်မရတဲ့သူ ဖြစ်နေရင်တောင်မှ မေတ္တာစိတ်ကလေး ဝင်နိုင်အောင် ကြိုးစားပြီး စိတ်မွေးရတယ်။ ဒီလိုစိတ်ထဲမှာ ပြတ်သားကြည်လင်စွာ ရှိပြီးမှ ပြုံးနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။

အပြုံးဆိုတာ လူနှစ်ဦးအကြား အရိုးသား အပွင့်လင်းဆုံး ပေါင်းကူးဆက်သွယ်မှုလို့ ဆိုကြပါတယ်။ မှန်ပါတယ်။ အပြုံးမှာ မေတ္တာဓာတ်တွေ၊ ချစ်ခင်လေးစားမှုတွေ၊ ရင်းနှီးပွင့်လင်းမှုတွေ ခိုအောင်းကပ်ငြိနေပါတယ်။ မျက်နှာကလေး အစဉ်ပြုံးရွှင်နေတဲ့သူက လူချစ် လူခင်ပေါရုံသာမကပါဘူး ကူညီစောင်မ,ချင်တဲ့သူတွေလည်း အလိုလိုရှိနေတတ်ပါတယ်။ ဒါ အပြုံးရဲ့စွမ်းအား တန်ခိုးသတ္တိတွေပါ။

ကလေးတို့ ပတ်ဝန်းကျင်မှာပဲ ကြည့်တော့၊ စကားကို ချိုချိုသာသာပြောပြီး မျက်နှာကလေး ပြုံးပြုံးရွှင်ရွှင်
နေတတ်တဲ့သူ၊ ဒေါသဖြစ်စရာ ကြုံလာရင်တောင်မှ စိတ်ကို မလွတ်စေဘဲ အပြုံးကလေးနဲ့ စဉ်းစားဖြေရှင်းတဲ့ သူတွေဟာ အလိုလိုနေရင်း လူချစ်လူခင်ပေါနေမှာပါ။ အဲဒီလို လူမျိုးကို ဆရာ-ဆရာမ တွေကလည်း ချစ်ကြ၊ မိဘဆွေမျိုး သူငယ်ချင်း အသိုင်းအဝိုင်းကလည်း ချစ်ကြနဲ့၊ ဘယ်လောက်ကျေနပ်ဖို့ကောင်းလဲ၊

ဒီလိုပတ်ဝန်းကျင်က မိမိကို လေးစားချစ်ခင်နေမှတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ တိုးလာမယ်။ စာကိုလည်း သည့်ထက်သည် ကြိုးစားချင်စိတ်တွေ ပေါ်လာမယ်။ မိဘဆရာသမားတွေရဲ့ ကျေးဇူးဂုဏ်တွေကိုလည်း မမေ့မလျော့ဘဲ သားကောင်း သမီးကောင်း တပည့်ကောင်းတွေဖြစ်အောင် ကြိုးစားချင်စိတ်တွေ ရှိလာမယ်။ ရလဒ်က အများကြီးပါ။

သူငယ်ချင်း အချင်းချင်းလည်း တယောက်နဲ့တယောက် ငြူစူစောင်းမြောင်းရန် ဖြစ်ဖို့အကြောင်းလည်း မရှိနိုင်တော့ဘူးပေါ့။ အမြဲတမ်း ချစ်ချစ်ခင်ခင်နဲ့ စည်းလုံးညီညွတ်စွာ နေထိုင်သွားနိုင်မယ်။

ဒါကြောင့် ညီ-ညီမငယ်တို့ကလည်း တတ်နိုင်သမျှ မကျေနပ်စိတ်တွေ၊ ဒေါသတွေ၊ ဝန်တိုမနာလိုခြင်းတွေကို
လျော့နည်းအောင်လုပ်ပြီး မျက်နှာကလေးပြုံးရွှင်စွာနဲ့ လောကကြီးကို ပျော်ပျော်ဖြတ်သန်းကြမယ်ဆိုရင် ကလေးတို့မှာ လူချစ်လူချင်များလာမယ်။ ကူညီ မ,စချင်တဲ့သူတွေ တိုးလာမယ်၊ အရာရာကို ရဲဝံ့စွာဆောင်ရွက်လာနိုင်မယ်၊ မိတ်ဆွေအချင်းချင်း ရင်းနှီးချစ်ခင်မှုတွေ ပိုလာမယ်၊ နောက်ဆုံး မိမိရဲ့ ရည်မှန်းချက်ပန်းတိုင် အောင်နိုင်ဖို့အထိ အကျိုးသက်ရောက်နိုင်တာမို့ ကဲ...ညီ..ညီမလေးတို့ရေ

ဒီနေ့ ဒီအချိန်ကစပြီး ဟန်ဆောင်မှုအကင်းဆုံး အပြုံး၊ အစစ်အမှန်ဆုံး အပြုံးတွေနဲ့ လောကကြီးကို ထိတွေ့ဆက်ဆံကြရအောင်လား။


--
အားလုံးပျော်ရွင်ပါစေ

0 ကွန်မန့်ရေးရန်:

Post a Comment