Friday, June 1, 2012

ချင်းပြည်နယ် ဖွံ့ဖြိုးရေးဆွေးနွေးပွဲ မီဇိုရဲများ ဝင်ရောက်ဖမ်းဆီး


နေမျိုး

ချင်းပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွင် လူမှုအဖွဲ့အစည်းများ ပါဝင်သင့် သည့် အခန်းကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေး ပွဲ တခုကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့တွင် ကြာသပတေးနေ့က ကျင်းပနေစဉ် ဒေသခံ မီဇိုရဲများက ဝင်ရောက် ဖမ်းဆီး ကြောင်း သိရသည်။

Peace Process and Mega Development ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ချင်းပြည်နယ် ၉ မြို့နယ်မှ လူမှုအဖွဲ့အစည်း များနှင့် ဘာသာရေးခေါင်းဆောင် ၁၆ ဦးအား ဖမ်းဆီးကာ ပြည်နယ်ရဲဌာနချုပ်တွင် ချုပ်နှောင်ထားသည်။ ၎င်းတို့အား မြန်မာပြည်သို့ ပြန်ပို့ဖွယ်ရှိကြောင်း သိရသည်။

မြန်မာအစိုးရနှင့် ချင်းအမျိုးသားတပ်ဦး CNF တို့အကြား ထာဝရငြိမ်းချမ်းရေး ဆောင်ရွက်နေစဉ်အတွင်း ယခုလို ဖမ်းဆီးခြင်းသည် မဖြစ် သင့် ကြောင်း ဆွေးနွေးပွဲကို စီစဉ်ကျင်းပသည့် Chin public affairs committee မှ Co-ordinator ပူးထက်နီ က မဇ္စျိမကို ပြောသည်။

“အခု မီဇိုရမ်ရဲဌာနချုပ်ကို ကျနော်တို့ ရောက်နေတယ်။ ပို့တော့ ပို့မှာ။ ပြည်တွင်း ပြန်ပို့ရင်တော့ ခေါင်းဆောင်တွေ အတွက် အခက်အခဲ အများ ကြီးရှိတာပေါ့။ အခုလက်ရှိ ပြည်ထောင်စု အစိုးရ လုပ်နေတဲ့ ကိစ္စဟာ ယုံကြည်ရတဲ့ အဆင့် မရောက်သေးဘူး။ ဖမ်းချုပ်ပြီး အမှုဖွင့် ထောင်ချ မလား အဲလို ပုံစံနဲ့ ဖြစ်လာ နိုင်တဲ့ အကြောင်းအချက်တွေ ရှိနေတယ်။ ဒီလိုဖမ်းဆီးတာဟာ အိန္ဒိယ အစိုးရသော်လည်းကောင်း၊ မီဇိုရမ် အစိုးရ သော်လည်းကောင်း မလုပ်သင့်ဘူးလို့ ကျနော်ယူဆပါတယ်” ဟု ပြောသည်။

အဖမ်းခံရသည့် ခေါင်းဆောင်များတွင် ၁၅ ရက်တာ နယ်စပ်ဖြတ်သန်းသွားလာခွင့် လက်မှတ် ကိုင်ဆောင်ထားသူများ ရှိသလို လက်မှတ်မ ရှိ သူများလည်း ပါဝင်ကြောင်း သိရသည်။

လူဦးရေ ၅ဝ ခန့် တက်ရောက်သည့် သုံးရက်တာ ဆွေးနွေးပွဲ နောက်ဆုံးနေ့တွင် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်။

ဆွေးနွေးပွဲတွင် ချင်းပြည်နယ်အတွင်းရှိ မဏိပူ ရေကာတာ၊ လေးမြို့မြစ် ရေကာတာ၊ မြေအောက် သံယံဇာတ ကိစ္စရပ်များ အပါအဝင် လက်ရှိ အိန္ဒိယနှင့် မြန်မာ လုပ်ဆောင်နေသည့် ကုလားတန် ဘက်စုံစီမံကိန်း ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြသည်။

ပုံမှန်မဟုတ်သော်လည်း တခါတခါတွင် မြန်မာအတိုက်အခံများနှင့် CNF တို့ ကျင်းပပြုလုပ်လေ့ရှိသည့် သင်တန်းများဆွေးနွေးပွဲများအား မီဇို ရမ်ပြည်နယ် အာဏာပိုင်များမှ ဖမ်းဆီးမှုများ ရှိခဲ့ဖူးသည်။

ချင်းပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်မှာ ကီလိုမီတာ ၄ဝဝ ကျော် နယ်နိမိတ် ဆက်စပ်နေသည့်။

0 ကွန်မန့်ရေးရန်:

Post a Comment