Sunday, April 22, 2012

လွှတ်တော်မတက်ဘူးလို့ မပြောဘူး။ သွားနိုင်မယ့် အချိန်ကို စောင့်နေတာပါ’ ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Inbox
x

ဦးဦး မှော်ဆရာ mrsorcerer9@gmail.com
8:24 PM (18 minutes ago)

to O
‘လွှတ်တော်မတက်ဘူးလို့ မပြောဘူး။ သွားနိုင်မယ့် အချိန်ကို စောင့်နေတာပါ’ ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က “လွှတ်တော်ကို မတက်ဘူးလို့ မပြောဘူး။ သွားနိုင်မယ့်အချိန်ကို စောင့်နေတာပါ” ဟု ဧပြီလ ၂၂ ရက်နေ့က ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်၌ပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရ ကိုယ်စားလှယ်များအား ပို့ချသည့် ဥပဒေသင်တန်း အပြီးတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ပါသည်။

၂၀၁၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ၃ နာရီ အထိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် ကြားဖြတ် ရွေးကောက်ပွဲ၌ အနိုင်ရကိုယ်စားလှယ်များကို ပထမပိုင်းတွင် ဦးမျိုးရန်နိုင်သိမ်းက ပဋိပက္ခများကို ဖြေရှင်းခြင်းနည်းလမ်း၊ ဒုတိယပိုင်းတွင် တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သူ ဦးအောင်ကြည်ညွန့်က အလုပ်သမားဥပဒေ၊ လယ်ယာဥပဒေ နှင့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေသင်တန်းများကို ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးအုန်းကြိုင်မှ “ လွှတ်တော်ထဲမှာ ပြဋ္ဌာန်းတဲ့ဥပဒေတွေ၊ မြေယာဥပဒေတို့၊ အလုပ်သမား သမဂ္ဂတို့၊ မြေလွတ် မြေရိုင်းဥပဒေ တို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေ တွေကို ကျွန်တော်တို့ ကိုယ်စားလှယ်တွေကို ကျွန်တော်တို့ထဲက ဥပဒေပညာ ရှင်တွေက သင်တန်းပို့ ချတာပါ။ လွှတ်တော်ကို ဒီနေ့ကတော့ သွားဖို့ အစီအစဉ်မရှိဘူး။ သင်တန်းလည်း ပြီးသွားပြီ။ ကိုယ့် အလုပ်တွေကို ကိုယ်လုပ်ပြီး ငွေကြေးကိစ္စတွေကို အပြီးသတ် လုပ်ထားဖို့နဲ့ အဲဒီငွေကြေးကိစ္စ တွေကို သက်ဆိုင်ရာ ခရိုင်ကော်မရှင်တွေမှာ ကျမ်းကျိန်တာတွေ လုပ်ရမယ်” ဟု ပြောပါသည်။

ထို့နောက် ဦးအုန်းကြိုင်မှ လွှတ်တော်မတက်ခြင်းနှင့် ပတ်သက်၍ ပြည်သူများက စိုးရိမ်နေမှုများနှင့် ပတ်သက်၍ မေးမြန်းမှုကို “ အဲဒါကတော့ ကျွန်တော်တို့ ဟိုနေ့က ပြောထားတဲ့ အတိုင်းပါပဲ။ ကျွန်တော် တို့ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာပါမယ် ဆိုတဲ့ စကားရပ်ကို ပြင်ဆင်ပေးဖို့ အကြံပြုချက် တင်ထားတယ်။ အဲဒီ အကြံပြုချက်တင်ထားတာကို ဟိုတစ်နေ့ကတော့ ဖွဲ့စည်းပုံဆိုင်ရာ ကော်မရှင်ရုံးက သူတို့ဘောင်ထဲမှာ မရှိဘူးတဲ့။ သူတို့လုပ်ရမှာ မဟုတ်ဘူးလို့ပြောတယ်။ အဲတော့ လုပ်ရမှာက ဘယ်သူလဲ။ အဲဒါကတော့ သူတို့ ဆက်ပြီးတော့ လက်တွဲပြီး တော့လုပ်ပေါ့။ ကျွန်တော်တို့ကတော့ အကြံပြုချက် တင်ထားပြီးပြီ။ လုပ်ခွင့်ရှိနိုင်တဲ့သူ၊ လုပ်နိုင်တဲ့သူ တွေက လုပ်နိုင်တဲ့အတိုင်း လုပ်သွား ပေါ့။ တကယ်တော့ ကျွန်တော် တစ်ယောက်တည်း သဘောပြောရရင် ဒီကိစ္စဟာ ပထမဖြစ်စဉ်ကိုက ကော်မရှင်ဥပဒေမှာ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက် ကာကွယ်ပါမယ်ဆိုတဲ့ စကားရပ်က ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီမကျလို့ မှတ်ပုံမတင်ခဲ့ဘူး။ ဦးသိန်းစိန်နဲ့ ကျွန်တော်တို့ဖက်က တွေ့ရာမှာ NLD ပါသင့်တယ်။ ကျွန် တော်တို့ကလည်း လက်ခံပါတယ်။ ဒါပေမယ့် ဒီအချက်ကိုတော့ ပြုပြင်ပေးမှဖြစ်မယ်။ ဒါပြုပြင်ပေးမယ် ပြောလိုက်တယ်။ ပြောလိုက် ပြီးရင် ဒါက ဥပဒေပဲ။ တစ်အိမ်လုံး မီးလင်းပြီး မီးဖိုချောင်လေးကျမှ တစ်နေတာ ကျွန်တော်တို့ မပြောတတ်ဘူး။ လေးစားလိုက်နာပါမယ် ဆိုတဲ့ စကားရပ်ကြောင့် ကျွန်တော်တို့ ရွေးကောက်ပွဲဝင်ခဲ့တယ်။ ပြီးရင် လွှတ်တော်ထဲ သွားမယ်။ လွှတ်တော် ထဲသွားတဲ့အခါ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဟာ ပုဒ်မ ၁၂၅ အရ ဇယား (၄) ပါစာသား ကို ဥက္ကဌရှေ့မှာ ကျမ်းကျိန်ရမယ်။ ဒါလည်းကျွန်တော်တို့ မငြင်းပါဘူး။ ဖိတ်ကြားစာတွေ ရောက်ထားပြီးသား။ ဒါပေမယ့် အဲဒီနေရာမှာ သူတို့ သတိလစ်နေတဲ့ အချက်တစ်ခုက အဲဒီစာသားကတော့ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ပါမယ် ဖြစ်နေတုန်းရှိသေးတယ်။ ဒါက ကျွန်တော်ခုနက ပြောသလို inline ပေါ်သွားရမယ်။ ဒီအဓိပ္ပါယ်အတိုင်း ဖြစ်သွားသင့်တယ်။ ဒါဟာ အခုထိတော့ မလုပ်ပေးဘူးလို့ ပြောတာမဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ သူတို့လုပ်ရမယ့် အလုပ်မဟုတ်ဘူးတဲ့။ ဒါဖြင့်လွှတ်တော်က လုပ်ရမယ့် အလုပ်လား။ ဒါကတော့ ကျန်တဲ့ ဌာနတွေက ဆက်စဉ်းစားဖို့ လိုပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။


သတင်းထောက် ။ ။ အန်ကယ် ပြည်သူတွေ ကစိုးရိမ်နေတာရှိတယ်။
NLD လွတ်တော်မတက်ဖြစ်ဘူးလားဆိုပြီး အဲဒါတွေနဲ့ ပတ်လို့ကော

ဦးဥာဏ်ဝင်း ။ ။ အဲဒါနဲ့ ပတ်လို့ ကျွန်တော်ပြောချင်တာက NLD လွတ်တော်တက်
ချင်လို့ ရွေးကောက်ပွဲကို ၀င်တာ ။ လွတ်တော်ကို တက်မှာပဲ ။ အခု ကိစ္စကလည်း
ပြေလည်နိုင်တဲ့  ဥပဒေအမြင်တွေရှိလို့ ကျွန်တော်တို့ ဒီဥပဒေအမြင်တွေနဲ့
ဆောင်ရွက်နေတာပါ

၂၂ ဧပြီ ၂၀၁၂
(Eleven Media Group)


အိန္ဒိယစစ်သံမှူး နေပြည်တော်မှာ တည်းခိုနေစဉ် ပစ္စည်းအခိုးခံရမှုသတင်း

Friday, 20 April 2012 00:56 Way Yan Nan Thandar Aung

(၂၀၁၂) ခုနှစ် ဧပြီလ (၉) ရက်တုန်းက အိန္ဒိယစစ်သံမှူးဖြစ်သူ Col-ragesh kumar ဟာ နေပြည်တော်ရှိ ရွှေနန်းတော် ဟိုတယ်မှာ တည်းခိုနေစဉ် အိပ်ခန်းထဲမှ သူ့ရဲ့ပစ္စည်းများ အခိုးခံလိုက်ရကြောင်း သတင်းရရှိပါတယ်။ အခိုးခံရတဲ့ ပစ္စည်းများထဲမှာ ပတ်စပို့နှင့် ဒေါ်လာငွေပေါင်းများစွာ ပါသွားတာကြောင့် နေပြည်တော်တဝိုက် ဂယက်ရိုက်သွားတယ်လို့ သိရပါတယ်။ ဘာလို့လည်းဆိုတော့ နေပြည်တော်ဟာ အစိုးရအဖွဲ့ ရုံးဆိုက်ရာ မြို့တော် ဖြစ်တဲ့အပြင် ဗိုလ်ချူပ်အများစုက နေပြည်တော်ကို ကြပ်ပြေးရယ်လို့ တောဇနပုဒ်မြို့လို အခေါ်မခံချင်တာကြောင့် တမင်သက်သက် စည်ကားဖွံ့ဖြိုးအောင် ငွေကုန်ကြေးကျ မြောက်များစွာ တည်ဆောက် နေခဲ့ပါတယ်။

ဒီကြားထဲ နေပြည်တော်မှာ နိုင်ငံခြားသား ပစ္စည်းခိုးခံရတဲ့ ဖြစ်စဉ်ဟာ ပထမဦးဆုံး အကြိမ်ဖြစ်ပြီး အဲဒီနိုင်ငံခြားသားကလည်း မြန်မာနိုင်ငံရဲ့အိမ်နီးချင်း အိန္ဒိယနိုင်ငံသား သံတမန်တစ်ဦး ဖြစ်နေတာကြောင့် နေပြည်တော် အစိုးရအဖို့ ဂုဏ်သိက္ခာ ကျဆင်းဖွယ် ဖြစ်နေပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနအဖို့ သူခိုးအား အမြန်ဖမ်းမိနိုင်ဖို့အတွက် အပူတပြင်း ကြိုးစား ရှာဖွေနေသလို ရဲတပ်ဖွဲ့ကြီးအား စိန်ခေါ်တဲ့ဖြစ်စဉ် ဖြစ်ပါကြောင်း နေပြည်တော်ရပ်ကွက် တချို့က သုံးသပ် ပြောဆိုနေကြပါတယ်။


www.photayokeking.com

Inline image 1

အိန္ဒိယ စစ်ဖက်အရာရှိကြီးများအား အစည်းအဝေးတစ်ခုတွင် တွေ့ရပုံ
facebook : Infinity Power

ယခင်အစိုးရ လက်ထက်က စီးပွားရေးလုပ်ငန်းကြီး အချို့ကို ပေးအပ်ထားသော မြေနေရာများ၊ စက်မှုဇုန်များနှင့် မြို့ပြစီမံကိန်းများ အပါအ၀င် လုပ်ပိုင်ခွင့်အချို့ကို ပြန်လည်စိစစ်ရန် လက်ရှိအစိုးရအဖွဲ့ ပြင်ဆင်နေ

ယခင်အစိုးရလက်ထက်က စီးပွားရေး လုပ်ငန်းကြီး အချို့ကို လုပ်ကိုင်ခွင့် ပေးအပ်ထားသော မြေနေရာများ၊ စက်မှုဇုန်များနှင့် မြို့ပြစီမံကိန်းများ အပါအ၀င် လုပ်ပိုင်ခွင့်အချို့ကို ပြန်လည်စိစစ် သုံးသပ်ပြီး သင့်လျော်သလို ပြင်ဆင်ဆောင်ရွက်သွားရန် လက်ရှိအစိုးရအဖွဲ့ စီစဉ်နေကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီး အချို့နှင့် ပညာရှင် အချို့ထံမှ စုံစမ်းသိရှိရပါသည်။

“အရင်လိုမရတော့ဘူး။ လက် သိပ်ထိုးလုပ်ဖို့၊ လက်ဝါးကြီးအုပ်ဖို့ သိပ်မလွယ်တော့ဘူး။ အရင်ပေးခဲ့ တဲ့၊လုပ်ငန်းရှင်ကြီးတချို့ရခဲ့တဲ့လုပ်ငန်း တချို့ကိုလည်းပြန်စိစစ်ပြီး သင့်တော်သလို ပြင်ဆင်ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သိရတယ်။ တစ်ဦးတစ်ယောက်တည်းလည်း လုပ်ချင်တာလုပ်လို့ မရတော့တာကြောင့် အရင်လို နီးရာလူပေးဖို့ မလွယ်တော့ဘူး”ဟု အစိုးရ အဖွဲ့နှင့် နီးစပ်သည့် လုပ်ငန်းရှင်ကြီး တစ်ဦးက ပြောကြားပါသည်။

ယခင်အစိုးရအဖွဲ့လက်ထက်က မြေနေရာများ၊ စက်မှုဇုန်များနှင့် မြို့ပြစီမံကိန်းများ အပါအ၀င် လုပ်ပိုင်ခွင့် အများအပြားကို စီးပွားရေး လုပ်ငန်းရှင်ကြီးများကို ပေးအပ်ခဲ့သော်လည်း ယခုဒီမိုကရေစီ အစိုးရ လက်ထက်တွင် ပေးအပ်ခြင်း မရှိတော့ကြောင်း၊ အကယ်၍ လုပ်ပိုင်ခွင့် ပေးအပ်ရမည်ဆိုပါကလည်း ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုရှိစေရန် အလေးထား သွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ နှင့် နီးကပ်စွာ ဆောင်ရွက်နေသည့် ပညာရှင်တစ်ဦးက ဆိုပါသည်။

အရင်လိုမရတော့ဘူး။ လက်သိပ်ထိုးလုပ်ဖို့၊ လက်ဝါးကြီးအုပ်ဖို့ သိပ်မလွယ်တော့ဘူး။ အရင်ပေးခဲ့တဲ့၊ လုပ်ငန်းရှင်ကြီး တချို့ရခဲ့တဲ့ လုပ်ငန်းတချို့ကိုလည်း ပြန်စိစစ်ပြီး သင့်တော်သလို ပြင်ဆင် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သိရတယ်။ တစ်ဦးတစ်ယောက်တည်းလည်း လုပ်ချင်တာလုပ်လို့ မရတော့တာကြောင့် အရင်လို နီးရာလူပေးဖို့ မလွယ်တော့ဘူး
“လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ဖို့အတွက် အစိုးရအဖွဲ့ဝင်တွေ၊ အဆင့်မြင့် အရာရှိကြီးတွေကအစ အကျင့်ပျက်ခြမစားဖို့ လိုတယ်။ လက်သိပ်ထိုးပေးတာ လက်ခံပြီးလာဘ်ပေးတဲ့လူ လုပ်ပိုင်ခွင့်ပေးတာမျိုးကို ထိထိရောက်ရောက် တားဆီးနှိမ်နင်းဖို့ ပြောထားပြီးသား။ အခု တော်တော်များများက အရင် အစိုးရလက်ထက်ကတည်းက ပေးထားတာကို ဆက်လုပ်နေတာ။ ဒီထဲက တချို့ကိုလည်း ပြန်စိစစ်နိုင်ဖို့ အကြံပြုထားတယ်”ဟု အဆိုပါပညာရှင်က ဆက်လက်ပြောကြားပါသည်။

ထိုသို့ ယခင်အစိုးရလက်ထက်က လုပ်ပိုင်ခွင့် ပေးအပ်ထားသော မြေနေရာများ၊ စက်မှုဇုန်များနှင့် မြို့ပြ စီမံကိန်းများကို ပြန်လည်စိစစ်ရာတွင် ဆက်လက် ဆောင်ရွက်နိုင်စွမ်းမရှိခြင်း၊ လုပ်ကိုင်နိုင်စွမ်း မရှိဘဲ လုပ်ပိုင်ခွင့်ရ ယူထားခြင်း၊ နိုင်ငံတကာ အဆင့်မီ ဆောင်ရွက်နိုင်မှုမရှိခြင်း စသည်တို့ စိစစ်တွေ့ရှိပါက လုပ်ပိုင်ခွင့်ပြန်လည် ရုပ်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်သွားဖွယ် ရှိကြောင်း သတင်းရရှိပါသည်။
(Eleven Media Group)


ပြည်တွင်းပြောင်းရွှေ့ သွားလာမှုစစ်တမ်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ယခုနှစ်အတွင်း ကောက်ယူသွားမည် ဖြစ်ကြောင်း သိရ

နိုင်ငံတော်၏ လုံခြုံရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များ အတွက် စီမံကိန်းများရေးဆွဲရာတွင် အထောက်အကူ ပြုစေမည့် ခိုင်မာတိကျသော လူဦးရေစာရင်းဇယားများ ရရှိရန်နှင့် ပြည်တွင်း ပြောင်းရွှေ့သွားလာမှု အခြေအနေ၊ ရွှေ့ပြောင်းသွားလာသည့်လူ ဦးရေအခြေအနေကို သိရှိနိုင်ရန်အတွက် ပြည်တွင်းပြောင်းရွှေ့သွားမှု စစ်တမ်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ယခုနှစ်အတွင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၁၂ ခုနှစ်တွင် ပြည်တွင်း ပြောင်းရွှေ့သွားလာမှု စစ်တမ်း ကောက်ယူရန်အတွက် မေးခွန်းပုံစံများပြုစုခြင်း၊ နမူနာကောက်ဘောင်များရေး ဆွဲခြင်း၊ နမူနာကောက်ကွက် ရွေးချယ်ခြင်းများနှင့် စစ်တမ်း ကောက်ယူရန်အတွက် မြေပုံရေးဆွဲရေး သင်တန်းဖွင့်လှစ်ခြင်း၊ ကွင်းဆင်းမြေပုံ ရေးဆွဲခြင်း၊ စာရင်းစစ်၊ စာရင်းကောက် သင်တန်းပေးခြင်း၊ ကွင်းဆင်း စာရင်းကောက်ယူခြင်း၊ စာရင်းဇယား ပြုစုခြင်း၊ ပင်မ အစီရင်ခံစာပြုစုခြင်း ထုတ်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ကောက်ယူခဲ့သော စစ်တမ်းများ ကို အခြေခံ၍ သက်ကြီးရွယ်အို လေ့လာမှု သုတေသနစာတမ်းနှင့် ပြည်တွင်းပြောင်းရွှေ့သွားလာမှု ၀ိသေသ လက္ခဏာများကို လေ့လာသော သုတေသန စာတမ်းများကို ထုတ်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းစမ်တမ်းများ ကောက်ယူခြင်းမှာနိုင်ငံ၏ လူဦးရေပျံ့နှံ့မှု၊ လူဦးရေစိမ့်ဝင်မှုစသည့် လူဦးရေဆိုင်ရာ အချက်အလက်များ ရရှိနိုင်ခြင်းကြောင့် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားရေးကိစ္စများကို စီမံဆောင်ရွက်ရာတွင် အထောက်အကူ ပြုနိုင်ကြောင်း၊ စီမံခန့်ခွဲရေးနှင့်လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် စီမံကိန်းများကို ရေးဆွဲချမှတ် အကောင်အထည် ဖော်ရာတွင်လည်း အရေးပါကြောင်း သိရှိရသည်။ ထို့ပြင် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေး ကဏ္ဍဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်၊ အနာဂတ်မြို့ပြ စီမံကိန်းများ၊ အိမ်ရာစီမံကိန်းများ ရေးဆွဲရာတွင်လည်း ယင်းအချက်အလက်များက အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
(Eleven Media Group)


ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၏ လုပ်ငန်း တာဝန်များကို နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲအပါအ၀င် ဖွဲ့ခွဲငါးခု ဖွဲ့စည်းဆောင်ရွက်သွားမည်

ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံရေးနှင့်လုံခြုံရေးဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ အပါအ၀င် ကော်မရှင်အဖွဲ့ငါးခုကို ဖွဲ့စည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ ကော်မရှင်သည် တည်ဆဲဥပဒေများအား လေ့လာဆန်းစစ် သုံးသပ်ပြီး ပြင်ဆင်ရေး၊ ပယ်ဖျက်ရေး၊ အသစ်ပြဋ္ဌာန်းနိုင်ရေးတို့ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော်သို့တင်ပြရန်၊ အထူးကိစ္စရပ်များ ပေါ်ပေါက်လာပါက ၎င်းကိစ္စရပ်များအား ဥပဒေအမြင်နှင့် ယှဉ်၍ လေ့လာဆန်းစစ် သုံးသပ်ပြီး လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ အစီရင်ခံ တင်ပြရန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ကာ လအတွင်း ပြီးစီးအောင်ဆောင်ရွက် ရန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကဏ္ဍအလိုက်သီးခြားသတ်မှတ်ပေး သည့် အထူးကိစ္စရပ်များအတွက် ကော်မရှင်အတွင်း တာဝန်ခွဲဝေ သတ်မှတ်ဆောင်ရွက်ရန်နှင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်အရ အကြံဥာဏ်တောင်းခံသည့်အခါ ကော်မရှင် အနေဖြင့် အကြံဥာဏ်ပေးရမည် ဖြစ်ကြောင်း သိရသည်။

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းမည့် ကော်မရှင် အဖွဲ့ခွဲငါးခုမှာ နိုင်ငံရေးနှင့်လုံခြုံရေး ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ၊ စီးပွားရေးဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ၊ နည်းပညာ၊ သိပ္ပံ၊ သုတေသန၊ ဆက်သွယ်ရေးနှင့် သတင်းနည်းပညာဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲနှင့် ဥပဒေရေးရာ ကော်မရှင်အဖွဲ့ခွဲတို့ဖြစ်ကြောင်း သိရှိရသည်။

ပြည်သူ့လွှတ်တော်သည် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၄/၂၀၁၁ ဖြင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကိုအဖွဲ့ဝင် ၁၅ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် အဖွဲ့ဝင်နှစ်ဦးကို ထပ်မံထည့်သွင်း ဖွဲ့စည်းခဲ့ကာ လုပ်ငန်း လိုအပ်ချက်အရ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် အဖွဲ့ဝင် ၃၀ ဦးအား ထပ်မံထည့်သွင်းဖွဲ့စည်းခဲ့သဖြင့် စုစုပေါင်း ၄၇ ဦးရှိပြီဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ထပ်မံထည့်သွင်း ဖွဲ့စည်းလိုက်သည့် အဖွဲ့ဝင် ၃၀ တွင် ဦးမြင့်ဆွေ (ကာကွယ်ရေး ဦးစီးချုပ်(လေ)(ငြိမ်း))၊ ဦခင်မောင်စိုး(အငြိမ်းစားသံအမတ် ကြီး)၊ ဦးနေ၀င်း(အငြိမ်းစားသံ အမတ်ကြီး)၊ ဦးဝင်းမြင့်(အငြိမ်းစားသံ အမတ်ကြီး)၊ဦးတိုးနိုင်မန်း၊ ဦးသိန်း ဦး(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်)၊ ဦးသန်းလွင်(ဒု-ဥက္ကဋ္ဌ(ငြိမ်း)၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ်) အစရှိသူများ ပါဝင်ကြောင်း သိရှိရသည်။

( Eleven Media group)


မဟာ ရန်ကုန်ဖွံ့ဖြိုး တိုးတက်ရေး ဂျပန်ကကူညီမည်

မဟာ ရန်ကုန်ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများအတွက် ဂျပန်နိုင်ငံက အကူအညီများပေးရန် အဆိုပြုထားကြောင်း ဂျပန်အစိုးရက တရားဝင်ထုတ်ဖော်လိုက်သည်။ ဂျပန်ဝန်ကြီးချုပ်က တိုကျိုတွင် ကျင်းပပြီးစီးသည့် မဲခေါင်-ဂျပန် ထိပ်သီး အစည်း အဝေး အပြီး သတင်းစာရှင်းလင်း ပွဲတွင် မဲခေါင်ဒေသ၏ အခြေခံ အဆောက်အအုံ စီမံကိန်း ၅၇ ခုအတွက် ကူညီရန် ဂျပန်က အဆိုပြုထားကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။

ထိုစီမံကိန်း ၅၇ တွင် မြန်မာအတွက် စီမံကိန်း(၁၂) ခုပါဝင်ရာ ရန်ကုန်မြို့တော် (မဟာရန်ကုန်) ဖွံ့ဖြိုးရေး အစီအစဉ်၊ ရန်ကုန်တိုင်းဒေသကြီး ရေပေးဝေရေးနှင့် ရေဆိုးစွန့်စနစ် စီမံကိန်း၊ ရန်ကုန်ရှိ လျှပ်စစ်ဓာတ်အားခွဲရုံများ နှင့် ဓာတ်အား ဖြန့်ဖြူး ကွန်ယက် များပြန်လည် ပြုပြင် တည်ဆောက်ခြင်း တို့ပါဝင်သည်။

ဂျပန်သည် မြန်မာ အပါအဝင် မဲခေါင်နိုင်ငံ(၅) နိုင်ငံများအား သုံးနှစ်တာအတွက် ပင်လယ်ရပ်ခြား ဖွံ့ဖြိုးတိုးတက်မှုအထောက်အပံ့ (ODA ) ယန်းငွေ ဘီလျံ ၆၀ဝ ပေးအပ်ရန် ယနေ့ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးတွင် ဂျပန် ဝန်ကြီး ချုပ် က ကတိကဝတ်ပြုခဲ့သည်။
(the yangon times)


မြန်မာ့ အင်တာနက် ဖွံ့ဖြိုးရေး ဂျပန်က အကူအညီပေးမည်

မြန်မာနိုင်ငံ၏ အင်တာနက် အသုံးပြုမှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် တယ်လီဖုန်း ဆက်သွယ်မှုကွန်ရက် တိုးတက်ရေး စီမံကိန်းများတွင် ဂျပန်နိုင်ငံက အကူအညီပေးရန် ရှိကြောင်းသိရသည်။

တိုကျိုမြိုတွင် ဧပြီင်၂၁ရက်က ကျင်းပသည့် မဲခေါင်-ဂျပန် ထိပ်သီး အစည်းအဝေးတွင် ဂျပန်က ညွှန်းဆိုပြသသည့် မဲခေါင်ဒေသ တွင်းနိုင်ငံ(၅) နိုင်ငံ၏ ဖွံ့ဖြိုးရေး စီမံကိန်းများတွင် အဆိုပါ စီမံကိန်းနှစ်ခုအား ရေးဆွဲထည့်သွင်းထား ခြင်းဖြစ် သည်။ ထိုဖွံ့ဖြိုရေး စီမံကိန်းများတွင် မြန်မာနိုင်ငံက (၁၂)ခု။ ကမ္ဘောဒီးယားက (၈)ခု၊ လာအိုက (၇)ခု၊ထိုင်းက (၄)ခု၊ ဗီယက်နမ်က (၂၆)ခု တို့ဖြစ်ကြသည်။

ထိပ်သီး အစည်းအဝေးတွင် အခြေခံ အဆောက်အဦ စီမံကိန်း (၅၇)ခုကို မိမိတို့အဆိုပြု တင်ပြခဲ့ပါကြောင်း ဂျပန်ဝန်ကြီးချုပ် ရိုရှီဟီကိုနိုဒ က ထုတ်ဖော်ပြော ကြားခဲ့သည်။

ရန်ကုန်နှင့် မန္တလေး စတော့အိပ်ချိန်း တည်ထောင်ရန် တိုကျို စတော့အိပ်ချိန်းနှင့် သဘောတူညီချက် ရရှိခဲ့ပြီး တာဝန်ရှိသူများ မေလတွင် တွေ့ဆုံမည်
မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော စတော့အိပ်ချိန်းများ ဖြစ်လာမည့် ရန်ကုန်နှင့် မန္တလေး စတော့အိပ်ချိန်းများ တည်ထောင်နိုင်ရန် ဂျပန်-မြန်မာ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို လာမည့် မေလအတွင်း ကျင်းပသွားရန် ရှိကြောင်း ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိသည်။

ဧပြီလ ၁၁ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ Tokyo Stock Exchange Group Inc. နှင့် Daiwa Securities Group Inc. တို့အကြား သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ပြီး လာမည့်မေလတွင် နားလည်မှု စာချွန်လွှာ ရေးထိုးသွားမည် ဖြစ်သည်။

Daiwa Institute of Research ဥက္ကဋ္ဌ Takashi Fukai က “လွန်ခဲ့တဲ့ ၁၅ နှစ် ကျော်ကတည်းက ကူညီ ဆောင်ရွက်ပေးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အရင်းအနှီး ဈေးကွက်တည်ထောင်မှုကို အဆင့်သစ် တိုးမြှင့်နိုင်ဖို့အတွက် တိုကျို စတော့အိပ်ချိန်းနဲ့အတူ အားတက်သရော ကူညီသွားမှာပါ”ဟု ပြောကြားခဲ့သည်။

တိုကျိုစတော့အိပ်ချိန်းဥက္ကဋ္ဌ နှင့် စီအီးအိုဖြစ်သူ Atsushi Saito ကလည်း “မြန်မာနိုင်ငံရဲ့ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးလာဖို့အပြင် နိုင်ငံရဲ့ကဏ္ဍစုံ တိုးတက်လာဖို့ကိုပါ ကူညီဆောင်ရွက် ပေးသွားမှာပါ”ဟု ဆိုပါသည်။

Daiwa Institute of Research အနေဖြင့် မြန်မာနိုင်ငံတွင် အရင်းအနှီးဈေးကွက် ဖော်ဆောင်ပေးနိုင်ရန် အဓိကပံ့ပိုး ကူညီပေးလျက်ရှိပြီး ခေတ်မီဘဏ္ဍာရေးစနစ်နှင့် အိုင်တီနည်းပညာများ အသုံးပြုနိုင်ရန် ကူညီ ဆောင်ရွက်ပေးနေကာ တိုကျိုစတော့ အိပ်ချိန်းမှ မြန်မာနိုင်ငံတွင် စတော့အိပ်ချိန်း နိုင်ငံတကာအဆင့်မီ လည်ပတ်နိုင်ရန် နည်းပညာ အကူအညီနှင့် အတွေ့အကြုံများ ကူညီ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူး ဦးမောင်မောင်က ငွေချေးစာချုပ် ဈေးကွက် ဖြစ်ထွန်းစေရေးအတွက် ငွေချေး သက်သေခံ လက်မှတ်ရောင်းဝယ်ရေး ဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရန် ပြင်ဆင်နေကြောင်း၊ လိုအပ်သည့် အမိန့်ကြော်ငြာစာများ နှင့် ညွှန်ကြားချက်များကိုလည်း ထုတ် ပြန်သွားမည် ဖြစ်ကြောင်းနှင့် ထို့ပြင် ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စတော့အိပ်ချိန်း ထူထောင်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံနှင့် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲသွားမည်ဖြစ်ပြီး ကြားခံ အကျိုးဆောင်အသင်းများ၊ ပြည်တွင်းနှင့် နိုင်ငံခြား Fund Management ကုမ္ပဏီများ ဖွဲ့စည်းခွင့်ပြုသွားမည် ဖြစ်ကြောင်း မတ်လ ၂၂ ရက်တွင်ပြုလုပ်သော မြန်မာ့အရင်းအနှီး ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။
(the yangon times)

0 ကွန်မန့်ရေးရန်:

Post a Comment