Saturday, December 28, 2013

သားအမိနှစ်ဦး လည်လှီးအသတ်ခံရမှု တရားခံဖော်ထုတ်နိုင်ရန် ရဲက ပြည်သူကို အကူအညီတောင်းခံ ...................

Friday, December 27, 2013

ဇော်ဇော်ထွေး

မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သားအမိနှစ်ဦးလည်လှီးအသတ်ခံရမှုတွင် ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်နိုင်ရန် လူသတ်မှုဖြစ်ပွားခဲ့ပြီး တစ်လကျော်အချိန် တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ပြည်သူကို ဒီဇင်ဘာ ၂၃ ရက်၌ အကူအညီတောင်းခံလိုက်သည်။

နိုဝင်ဘာ ၁၉ နံနက် ၁ နာရီခန့်က ဖြစ်ပွားခဲ့သော အဆိုပါလူသတ်မှုတွင် မွန်လေးဟူသည့် အမျိုးသား တစ်ဦးကို ရဲတပ်ဖွဲ့က သံသယရှိထားပြီး ၎င်းကိုတွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးခြင်းဖြင့် ကူညီပေးရန် မေတ္တာရပ်ခံထားခြင်းလည်း ဖြစ်သည်။

“လူသတ်မှုမှာ သံသယရှိနေတဲ့ မွန်လေးဆိုတာ ဘောဂလမ်း၊ ဘောဂဘုန်းကြီးကျောင်းမှ ကိုရင်ဝတ်ပြီး နေသွားခဲ့တဲ့သူပါ၊ သူအခု ပုန်းရှောင်နေတဲ့နေရာကို သိရင်တော့ ကျွန်တော်တို့လည်း ကူညီဖော်ထုတ် ပေးသွားမှာပါ” ဟု လူသတ်မှုဖြစ်ပွားခဲ့သည့် ပလရ ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး သက်ဇော်မင်းက ပြောသည်။

အဆိုပါ လူသတ်မှုသည် မင်္ဂလာဒုံမြို့နယ် ပလရရပ်ကွက်အတွင်းရှိ ဘောဂ(၂)လမ်းတွင် တန်ဆောင်မုန်းလ သူခိုးကြီးညက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းလမ်းအတွင်းရှိ ဂျိုးဖြူရေပိုက်လိုင်းအနီးတွင် အမျိုးသမီးတစ်ဦး လဲနေသည်ကို ရပ်ကွက်အတွင်းရှိ ကလေးများမှ စတင်တွေ့ရှိပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ် ချုပ်ရေးပိုင်းမှ သူများထံသို့ အကြောင်းကြားပေးခဲ့ခြင်း လည်း ဖြစ်သည်။

ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများနှင့် ရဲများက စစ်ဆေးရာတွင် ယင်းလမ်းတွင် နေ ထိုင်သည့် အမျိုးသမီးတစ်ဦးကို သေဆုံးလျက်တွေ့ရှိခဲ့ရ ခြင်းဖြစ်သည်။ ယင်းအပြင် တာဝန်ရှိသူများက အမျိုးသမီးနေထိုင်ရာ အိမ်အတွင်းသို့ သွားရောက်စစ်ဆေးရာတွင်လည်း ၎င်း၏သမီးငယ်ဖြစ်သူကို ခြင်ထောင်အတွင်းတွင် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် အသတ်ခံထားရသည်ကိုပါ တွေ့ရှိခဲ့သည်။

ယင်းဖြစ်စဉ်တွင် သေဆုံးသူသည် မမြတ်မြတ်စန်း (၃၆)နှစ်ဆိုသူဖြစ်ပြီး ၎င်းကို နေအိမ်ရှေ့ ၀ဲဘက် မျက်စောင်းထိုးဂျိုးဖြူပိုက်လုံးဘေး လမ်းပေါ်တွင် လည်ပင်းပြတ်ရှဒဏ်ရာ တစ်ချက်၊ မေးစေ့ပြတ်ရှ ဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

ထို့ပြင် ယင်း၏ သမီးဖြစ်သူ မနှင်းဝေ (၉) နှစ်၊ စတုတ္ထတန်းကျောင်းသူကိုလည်း နေအိမ်ရှိ ခြင်ထောင် အတွင်း အိပ်ရာပေါ်တွင် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေလျက် တွေ့ရှိခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ လူသတ်မှုကို မင်္ဂလာဒုံမြို့နယ် ရဲစခန်းက (ပ)၇၂၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် တရားခံ ဖမ်းဆီး ရမိရေး စုံစမ်းဖော်ထုတ်နေသော အမှုလည်း ဖြစ်သည်။

ယင်းလူသတ်မှုကို ကျူးလွန်ခဲ့သူသည် အသက် (၂၅)နှစ်ရှိ မွန်လေး၊ (ဘ)ဦးအုန်း ရွှေ၊ ၁၀/မဒန (နိုင်) ၁၁၀၃၇၄ ဖြစ်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထား သည်။

၎င်းသည် မွန်ပြည်နယ်၊ မုဒုံမြို့ ကော့ ပရံကျေးရွာနေသူဖြစ်ကြောင်းနှင့် ၎င်းင်းနှင့် ပတ်သက်၍ ဖုန်း ၀၁-၂၃၀၀၇၄၇ (ကွပ် ကဲမှုခန်းမ)၊ ၀၉-၅၂၄၀၁၁၂ (ရဲမှူး ဦးစီး)၊ ၀၉-၈၆၀၂၃၆၃ (ရဲမှူး၊ မှုခင်း)၊ ၀၉- ၈၆၀၂၃၈၆ (မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ မှူးရုံး)၊ ၀၁-၆၃၅၁၄၈ (မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး)၊ ၀၁-၆၃၅၀၇၄ (မင်္ဂလာဒုံမြို့နယ် ရဲစခန်း)တို့ကို ဆက်သွယ်ပြီး ကူညီသတင်းပေးကြရန် အကူအညီ တောင်းခံထားခြင်းဖြစ်သည်။

0 ကွန်မန့်ရေးရန်:

Post a Comment