Wednesday, August 14, 2013

မုန်တိုင်း UTOR-11W တရုတ်တောင်ပိုင်းကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်တော့မည်

Reference Website · 11,355 likes

By mmweather.ygn, on August 13th, 2013
http://blog.mmweather.com/2013/08/13/11w-utor-approaching-south-china-coast/

အချင်းမိုင် ၃ဝဝ ကျော်ရှိသော တိုင်ဖွန်းမုန်တိုင်း UTOR(11W)သည် သြဂုတ်လ ၁၃ ရက် မြန်မာစံတော်ချိန် ၁၉း၃ဝ နာရီတွင် တရုတ်(ပြည်မ) Guangdong ပြည်နယ်၊ Maoming မြို့ အရှေ့တောင်ဘက် မိုင် ၂၁ဝ ခန့်၊ မကာအိုမြို့ တောင်ဘက် ၁၉၅ မိုင်ခန့်၊ ဗီယက်နန်နိုင်ငံ ဟနွိုင်းမြို့ အရှေ့-အရှေ့တောင်ဘက် မိုင် ၅၅ဝ ခန့် တောင်တရုတ်ပင်လယ်ပြင်တွင် ဗဟိုပြုနေပါသည်။

မုန်တိုင်းသည် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီ မတိုင်မီ အနောက်မြောက်ဘက်(Heading 300˚)ဖြင့် ရွေ့လျားခဲ့ပြီး Heading 312.6˚(မြောက်ဘက်အနည်းငယ် ယွန်း၍) ဆက်လက်ရွေ့လျားကာ သြဂုတ်လ ၁၄ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆း၃ဝ နာရီ၌ Maoming မြို့ အရှေ့တောင်ဘက် မိုင် ၁၁ဝ ခန့်သို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားပါသည်။

မုန်တိုင်း၏ အပြင်ဘက် rain band များမှာ တရုတ်ပြည် Yunan နှင့် Guizhou ပြည်နယ်များ အထိ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့ရပြီး မုန်တိုင်းဗဟိုသည် သြဂုတ်လ ၁၄ ရက်၊ မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီမတိုင်မီ တရုတ်တောင်ဘက်ကမ်းခြေ Guangdong ပြည်နယ်ကမ်းခြေအား Maoming မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ကြောင်း၊ သြဂုတ်လ ၁၅ ရက်၊ ၁၈း၃ဝ နာရီ နောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအဆင့်သို့ လျော့ကျကာ အနောက်-အနောက်တောင်ဘက်(Heading 257˚)သို့ ချိုးကွေ့ပြီး ဆက်လက်ရွေ့လျားမည်ဖြစ်ကြောင်း ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်များတွင် တွေ့ရှိရပါသည်။

ဤသို့ ချိုးကွေ့ရွေ့လျားမှုကြောင့် မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များသည် ဗီယက်နန်နိုင်ငံမြောက်ပိုင်း၊ လာအိုနိုင်ငံမြောက်ပိုင်းတို့မှတစ်ဆင့် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများဆီသို့ ဆက်လက်ရွေ့လျားဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။ မြန်မာနိုင်ငံဒေသအနှံ့သို့ ဝင်ရောက်မည့် မုန်တိုင်းအကြွင်းအကျန်များကြောင့် သြဂုတ်လ ၁၅-၁၆ ရက် နောက်ပိုင်းတွင် မြန်မာနိုင်ငံတစ်ဝှမ်း၌ မိုးသည်းထန်မည့် အခြေအနေဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း အသိပေးတင်ပြလိုက်ရပါသည်။

တိုင်ဖွန်းမုန်တိုင်း 11W UTOR
13 Aug 2013 1200Z
Location: 19.2 113.5
Winds: 95 knots (Category 2)
Central Pressure: 952 hPa

0 ကွန်မန့်ရေးရန်:

Post a Comment