Tuesday, May 7, 2013

ပထမဆုံး စက်ရုပ်လက်တုနှင့် ဗြိတိန်ဆယ်ကျောက်သက်


ဗြိတိန်နိုင်ငံတွင် ဆယ်ကျော်သက် လူငယ်လေး တစ်ဦးအား ပထမဆုံးအကြိမ်အဖြစ် စက်ရုပ် လက်တုတစ်ခု အောင်မြင်စွာ တပ်ဆင်ပေးလိုက်ပြီ ဖြစ်သည်။ အဆိုပါ လက်တုမှာ အလွန်ခေတ်မီပြီး စမတ်ဖုန်း တစ်ခုကို အသုံးပြုပြီးလည်း ထိန်းချုပ်နိုင်စွမ်း ရှိသည်။ အသက်(၁၆)နှစ်သာ ရှိသေးသည့် ပက်ထရစ်ကိန်းသည် ကလေးဘဝ ကတည်းက ခြေတစ်ဖက်နှင့် လက်တစ်ဖက်ကို ဆုံးရှုံးခဲ့ရသူ ဖြစ်သည်။
ယခုအခါတွင်မူ i-limbဟု အမည်ပေးထားသည့် ခေတ်မီ စက်ရုပ်လက်တု တစ်ခုက ၎င်းအတွက် ဘဝသစ် တစ်ခုကို မွေးဖွားပေးနိုင်ခဲ့သည်။ အလွန်အနုစိတ်သော လုပ်ငန်းများကိုပါ ဆောင်ရွက်နိုင်အောင် စီစဉ်ထားသည့် လက်တုသည် အသုံးပြုသူကို ကိုယ်တိုင် ဖိနပ်ကြိုးချည်နိုင်သည်အထိ လုပ်ဆောင်စေနိုင်သည်။


"ခုဆိုရင် ကျွန်တော် ကိုယ်တိုင် လုပ်ချင်တာ အားလုံး လုပ်လို့ ရနေပြီ"ဟု ပက်ထရစ်က ဝမ်းသာအားရ ပြောဆိုခဲ့သည်။ iOSသုံး ကိရိယာများတွင် ထည့်သွင်းနိုင်သည့် Appဖြင့် ယင်းစက်ရုပ်လက်ကို အကောင်းဆုံး ထိန်းချုပ်နိုင်သလို ပက်ထရစ် ကိုယ်တိုင်ကလည်း အခြားလက်တစ်ဖက်၏ လှုပ်ရှားမှုများဖြင့် လက်တုကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။ ယခုတီထွင် တပ်ဆင်ထားသော အမျိုးအစားသည် စကော့တလန် အခြေစိုက် Touch Bionics ကုမ္ပဏီ၏ အကောင်းဆုံးနှင့် ခေတ်အမီဆုံး လက်ရာလည်း ဖြစ်နေသည်။

လန်ဒန်ဇာတိ ဖြစ်သော ပက်ထရစ်သည် (၉)လအရွယ်တွင် ပြင်းထန်သော ဦးနှောက် အမြှေးရောင် ရောဂါကြောင့် ဘယ်ဘက်လက်မှ လက်ချောင်းလေး အားလုံးကို ဖြတ်တောက်ခဲ့ရသည်။ ထို့အပြင် ညာဘက်ခြေထောက်ကိုလည်း ဒူးအောက်မှ ဖြတ်ပစ်ခဲ့ရသလို ညာလက်မှ လက်ချောင်း အစိတ်အပိုင်းလေး အချို့ကို ဖယ်ရှားခဲ့ရသည်။ ယခုအခါ i-limbကို ပိုင်ဆိုင်လာခြင်းကမူ ကံဆိုးခဲ့သော ပက်ထရစ်၏ ဘဝတွင် လက်ဆောင်မွန် တစ်ခုသဖွယ် ဖြစ်လာခဲ့သည်။ i-Limbသည် အသုံးပြုသူ၏ ဦးနှောက်လှိုင်းများကို အခြေခံကာ လှုပ်ရှားနိုင်စွမ်း ရှိပြီး ယင်းအပေါ်တွင် အရေပြားတုကို ဖုံးအပ် တပ်ဆင်နိုင်သည့် အခြေအနေလည်း ရှိနေသည်။

ref:planet

0 ကွန်မန့်ရေးရန်:

Post a Comment