Friday, May 3, 2013

သီလဝါမဟာဗျူစီမံချက် အများပြည်သူကို သုံးကြိမ် အသိပေးပြသမည်


The Voice Weekly ရန်ကုန်၊ မေ ၁

မြန်မာ-ဂျပန်နှစ်နိုင်ငံ ပူးပေါင်း အကောင်အထည်ဖော်မည့် သီလဝါ အထူးစီးပွားရေး စီမံကိန်း၏ မဟာဗျူဟာ စီမံချက် (Master Plan) ကို လုပ်ငန်း သဘောအရ အသေးစိတ်ဖော်ပြရန် မဖြစ် နိုင်သော်လည်း အများပြည်သူ သိရှိရန် လိုအပ်သော အချက်အလက်များကိုမူ
သုံးကြိမ် အသိပေး ပြသသွားမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က The Voice သို့ ပြောကြားသည်။

အဆိုပါစီမံကိန်း Master Plan ကို စီမံကိန်းမစတင်မီ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေး သက်ရောက်မှု လေ့လာဆန်း စစ်ချက် (EIA နှင့် SIA) မပြုလုပ်မီ၊ ပြုလုပ်စဉ် ကာလအလယ်နှင့် ပြုလုပ်အပြီးတွင် အများပြည်သူကို အသိပေးသွားမည် ဖြစ်ကြောင်း ဦးဆက်အောင် က ပြောကြားသည်။

ယင်းစီမံချက်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကျောက်တန်းမြို့နယ် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန ရုံးတွင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ရန်ကုန် တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းနှင့် တာဝန်ရှိသူများက ဒေသခံရွာခြောက်ခုမှ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကြောင်း အဆိုပါ ပွဲသို့ တက်ရောက်သည့် အလွမ်းဆွတ်ရွာ ရပ်မိရပ်ဖ ဦးမြလှိုင်က ဆိုသည်။

"စီမံကိန်းလုပ်မယ်ဆိုတာ ပြောပြီး နေရာက ဖယ်ခိုင်းတာပါ။ ဒီနေရာမှာ ဘာတွေလုပ်မယ်၊ ဘာတွေတည်ဆောက်မယ်ဆိုတာတော့ ဘာမှ မပြောပါဘူး"ဟု ၄င်းက ဆိုသည်။

လတ်တလောတွင် EIA နှင့် SIA ပြုလုပ်ရန် ကုမ္ပဏီ ရှစ်ခုခန့် လျှောက်လွှာ တင်ထားရာ ယင်းကုမ္ပဏီများအနက် Nippon Koei ဂျပန်ကုမ္ပဏီနှင့် မြန်မာ ကုမ္ပဏီတစ်ခုခန့် EIA နှင့် SIA စမ်းသပ် ပြုလုပ်မှုများရှိပြီး မေလ ပထမပတ်တွင် EIA နှင့် SIA ပြုလုပ်မည့် ကုမ္ပဏီကို ရွေးချယ် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

အဆိုပါ သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ အတွင်းရှိ ကျေးရွာ ခြောက်ရွာတွင် လယ်မြေဧက ၃၅၅၀ ဒသမ ၃၉ ဧက၊ အိမ်ထောင်စုပေါင်း ၁၀၃၃ စု၊ အိမ်ခြေပေါင်း ၉၂၁ နှင့် လူဦးရေ ၃၈၉၈ ဦး ရှိပြီး ဒေသခံများ၏ လက်ရှိ ဘဝအခြေ အနေထက် မလျော့ကျသည့် အနေအထား မျိုး ပြန်လည်ဖန်တီး ပေးသွားမည်ဖြစ် ကြောင်း ဦးဆက်အောင်က ပြောကြား သည်။

သီလဝါ အထူးစီးပွားရေးဇုန် အတွင်းပိုင်းတွင် လိုအပ်သည့် လမ်း၊ တံတားနှင့် အခြေခံ အဆောက်အဦများ ကို အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် နှစ် ၄၀ ပေး ဆပ်ရမည့် ဂျပန်ချေးငွေ ယန်းဘီလီယံ ၂၀ (အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်)မှ ထုတ်ယူ သုံးစွဲကာ တည်ဆောက်သွား မည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

မြေဟက်တာ ၂၄၀၀ အကျယ် အဝန်းရှိသော အမေရိကန်ဒေါ်လာ တစ် ဘီလီယံ ကုန်ကျမည့် အဆိုပါသီလဝါအထူး စီးပွားရေးဇုန် စီမံကိန်းကို EIA နှင့် SIA ပြုလုပ်အပြီး သြဂုတ်လကုန်တွင် စတင် တည်ဆောက်မည် ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် လုပ်ငန်းများ စတင်နိုင်မည် ဖြစ်သည်။

0 ကွန်မန့်ရေးရန်:

Post a Comment