Saturday, May 4, 2013

ငွေစက္ကူအတုများရဲ့ လမ်းကြောင်း

အမှန် တရား shared အစိမ်းရောင် လွင်ပြင်'s photo.
ငွေစက္ကူအတုများရဲ့ လမ်းကြောင်း
***********************
မြန်မာနိုင်ငံရဲ့ ငွေကြေးသုံးစွဲမှုနဲ့ ငွေစက္ကူထုတ်လုပ်မှုအရ ၅ဝဝဝတန် တစ်သောင်းတန် စတဲ့ တန်ဖိုးမြင့်တဲ့ ငွေစက္ကူတွေ ပေါ်ထွက် လာပြီးတဲ့နောက်မှာ ၅ဝဝဝတန် အတု တစ်သောင်းတန် အတု တွေလည်း ဟိုနေရာ ဒီနေရာက ပေါ်ထွက်လာတဲ့ သတင်းတွေ မကြာခဏ ကြားလာရပါတယ်။ ဒီ ခုနောက်ပိုင်းမှာ ဖမ်းမိတဲ့ ငွေစက္ကူတော်တော်များများဟာ ကချင်ပြည်နယ်တစ်ဝိုက်မှာ ပိုများလာတာကိုလည်း သတိထားမိ ရပါတယ်။ ငွေစက္ကူ အတုတွေ ဘယ်က ထုတ်သလဲ ဘာ ရည်ရွယ်ချက်တွေနဲ့ ထုတ်တာလဲ ဆိုတာကိုလည်း စိတ်ဝင်စားလာမိပါတယ်။ ဒီလိုနဲ့ တရုတ်ပြည်နယ်စပ် ခရီးတစ်ခုမှာ သိလာရတဲ့ အချက်အလက်တစ်ချို့ကို အခြေခံပြီး ငွေစက္ကူအတုကို ဘယ်သူတွေက ဘာကြောင့် ထုတ်နေတယ်ဆိုတာ လေ့လာမိသလောက် ရေးချင်ပါတယ်။ 

ငွေစက္ကူအတုတွေကို အဓိက ထွက်လာရာ လမ်းကြောင်းက တရုတ်ပြည် နယ်စပ် တစ်လျှောက်မှာပါ။ တရုတ်ကုန်သည်တွေဟာ မြန်မာပြည်ကနေ ကျောက်စိမ်းကဲ့သို့သော တန်ဖိုးကြီး ကျောက်မျက် ရတနာတွေ၊ မြန်မာပြည်ထွက် ရွှေတွေကို ဝယ်ယူကြရာမှာ ထိုက်သင့်တဲ့ တန်ဖိုးကို လျော့နည်းပြီး ပေးနိုင်ဖို့အတွက် ငွေစက္ကူအစစ်နဲ့ အတုတွေရောပြီး ပေးကြပါတယ်။ ဒါကြောင့် မြန်မာပြည်က အဖိုးတန် ကျောက်မျက် ရတနာနဲ့ ရွှေတွေကို အလကား ပဲတင်းနီးပါးနဲ့ ဝယ်ယူဖို့ ရည်ရွယ်ချက်တွေနဲ့ မြန်မာငွေစက္ကူ အတုတွေ ထုတ်လုပ်ပါတယ်။ အဲဒီအတုတွေကို တရုတ်ကုန်သည် ( အချို့က) သုံးစွဲကြပါတယ်။ မသိတဲ့ မြန်မာပြည်သားတွေကတော့ တရုတ်တွေ ပေးတဲ့ ငွေအတုတွေကို ပြည်တွင်းထဲမှာ လည်ပတ် သုံးစွဲကြပြန် ပါတယ်။ 

နောက်တစ်နေရာကတော့ တစ်နေ့တစ်နေ့ကို ကားကြီးပေါင်း ရာနဲ့ချီအောင် တရုတ်ပြည်ထဲကို ခိုးသွင်းနေတဲ့ မြန်မာ့တန်ဖိုးကြီး အဖိုးတန် သစ်လုံးများပါ။ အဲဒီသစ်လုံးတွေကို ဝယ်ယူဖို့ တရုတ် သစ်ကုန်သည်တွေဟာ မြန်မာပြည်ရဲ့ တောတောင်ထဲကို နည်းလမ်း အမျိုးမျိုးနဲ့ ဝင်ရောက်ကြပါတယ်။ ဝင်ရောက်ဖို့ လမ်းကြောင်းတွေ လည်း ရှိပါတယ်။ အဲဒီလို ဝင်ရောက် ပြီးတာနဲ့ သစ်လုံးတွေကို ဒေသခံတွေဆီက ဝယ်ယူတာရှိသလို ဒေသခံ အလုပ်သမားတွေကို အသုံးပြုပြီး စိတ်ကြိုက် သစ်ပင်တွေကို ခုတ်လှဲတာမျိုးလဲ ရှိပါတယ်။ ဝယ်ယူသည်ဖြစ်စေ၊ အလုပ်သမားအဖြစ် အသုံးပြုသည်ဖြစ်စေ ဒေသခံတွေကို ငွေကြေး ပေးချေ ရပါတယ်။ အဲဒီလို ငွေကြေး ပေးချေရာမှာ အသုံးပြုတဲ့ငွေက မြန်မာငွေ ဖြစ်ပါတယ်။ ဒီတော့ တရုတ်ကုန်သည်တွေဟာ သစ်လုံးတွေကို ဈေးပေါပေါနဲ့ ဝယ်ယူရုံမက မြန်မာငွေနဲ့ ပေးချေရာမှာ ငွေအစစ်တစ်ချို့နဲ့အတူ ငွေစက္ကူ အတုတွေကို ရောပြီးပေးတဲ့အခါ မြန်မာ့သစ်တွေဟာ အလကားနီးပါး တရုတ်တွေ ရယူသွားကြပါတယ်။ တစ်ခါ ဖြတ်သန်းလာတဲ့ လမ်းကြောင်း တစ်လျှောက်မှာ ငွေကြေး ပေးရတာတွေ ဘာတွေရှိခဲ့ရင် အဲဒီလို ငွေစက္ကူအတုတွေကို ပေးကြပြန်ပါတယ်။
 
တရုတ်ပြည် နယ်စပ်တစ်လျှောက်မှာ မြန်မာပြည်ကထွက်တဲ့ သစ်လုံးပေါင်းများစွာ သိန်းသန်းမက အပုံလိုက် အပုံလိုက် ရှိပါတယ်။ မြန်မာပြည်က ကျောက်စိမ်းတွေလဲ တရုတ်ပြည်ထဲမှာ လက်ညိုးထိုး မလွဲနိုင်အောင် ရှိပါတယ်။ တရုတ်ပြည်က ကျောက်ကုန်သည် သစ်ကုန်သည် ရာပေါင်းများစွာထဲမှာ ကုန်သည်တိုင်း ငွေစက္ကူအတုကို သုံးစွဲတယ်လို့ မဆိုလိုပေမဲ့ ကုန်သည် ၁ဝဦးလောက်က ငွေစက္ကူ အတုတွေ ပုံမှန်သုံးစွဲနေတယ်ဆိုရင်တောင် မြန်မာပြည်ထဲကို ငွေစက္ကူအတု စီးဆင်းမှု တော်တော် များနေလောက်ပါပြီ။ ဒီတော့ ကျွန်မတို့နိုင်ငံအနေနဲ့ ငွေစက္ကူအတုတွေ ငွေကြေး လည်ပတ်မှု ဈေးကွက်ထဲ ရောက်မလာအောင် ဘယ်လိုတားဆီးကြမလဲ။ သေချာတာကတော့ တရုတ်ပြည်ထဲမှာ ထုတ်နေတဲ့ ငွေစက္ကူအတု လုပ်တဲ့သူတွေကို ဖမ်းမိဖို့ဆိုတာ  ကိုယ့်ပြည်တွင်းမှာ မဟုတ်လို့ မြန်မာအစိုးရနေနဲ့ ခက်ခဲနိုင်ပါတယ်။ တရုတ် အစိုးရနဲ့ပူးပေါင်းပြီး ငွေစက္ကူ အတု ထုတ်လုပ်ရာ လမ်းကြောင်းကို ရှာဖွေဖမ်းဆီးမယ် ဆိုရင်တော့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
 
ပြီးတော့လည်း ငွေစက္ကူ အတုတွေကို မသိနားမလည်သူတွေ လက်မခံမိကြဖို့အတွက် တောရော မြို့ပါ ငွေစက္ကူ အတုအစစ် ခွဲခြားနည်းတွေကို ပညာပေး များများလုပ်ဖို့ လိုပါလိမ့်မယ်။ အစိုးရနဲ့အတူ ပြည်သူတွေပါ ပါဝင်ပူးပေါင်းဖို့ လိုတယ်လို့ ထင်ပါတယ်။ တီဗီကနေ ငွေအတုအစစ် ကွာခြားချက်တွေ ဖော်ပြတာရှိပေမဲ့ တီဗီမကြည့်နိုင်တဲ့ အရပ်ဒေသမျိုးတွေမှာ နေထိုင်တဲ့သူတွေ သိနိုင်ဖို့ သတင်းစာလို ဂျာနယ်လို နေရာမျိုးကနေလဲ ၅ဝဝဝတန် တစ်သောင်းတန် အတုအစစ် ခွဲခြားနည်းတွေ များများဖော်ပြပေးသင့်ပါတယ်။ ဒါ့အပြင် ဂျာနယ် သတင်းစာ မရောက်နိုင်ပြန်တဲ့ အရပ်တွေမှာတော့ လက်ကမ်း စာစောင်တို့လို စာရွက်မျိုးလေးတွေကိုလည်း ဝေငှနိုင်ရင် ကောင်းမယ် ထင်ပါတယ်။ (ဒါကတော့ နည်းနည်းတော့ စိတ်ကူးယဉ် ဆန်မိပါတယ် လုပ်မဲ့သူ ရှားပါလိမ့်မယ်)။ ဖြစ်နိုင်ရင်တော့ ကိုယ်နဲ့မဆိုင်ဘူးလို့ မနေကြဘဲ နားလည်သိကျွမ်းတဲ့ လူတိုင်းဟာ မိမိပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေကို တတ်နိုင်သလောက် ပညာပေးလေးတွေ လုပ်ကြမယ် ပါဝင်ကြမယ် ဆိုရင်တော့လည်း အလွန်ကောင်းမှာပါ။
 
မြန်မာပြည်မှာ ပုဂ္ဂလိကဘဏ်တွေ မြို့တိုင်းမှာ မရှိပေမဲ့ မြန်မာ့ စီးပွားရေးဘဏ်တွေတော့ မြို့တိုင်းလိုလိုမှာ ရှိတတ်တာကြောင့် မြန်မာ့စီးပွားရေးဘဏ်က တာဝန်ရှိသူများကလည်း ကိုယ့်ဒေသက ရပ်သူ ရွာသားတွေကို ငွေစက္ကူ အတုအစစ် ခွဲခြားနည်းလေးများ စေတနာနဲ့ ပြောပြကြမယ်ဆိုရင် ငွေစက္ကူအတုကို လူ တော်တော် များများက ခွဲခြားတတ်လာခဲ့ရင် အတုလက်ခံသုံးစွဲမှု လျော့ကျ သွားနိုင်မယ် လို့တော့ မျှော်လင့်ရပါတယ်။ သို့သော် သိန်းရာပေါင်းများစွာ ပေးချေကြတဲ့ လုပ်ငန်းကြီးတွေမှာတော့ ငွေစက္ကူပေါင်း မြောက်မြားစွာကြားမှာ ငွေအတုအစစ် ခွဲခြားဖို့ ခက်ခဲမှာပါ။ တော်တော်များများကတော့ ငွေထုတ်နဲ့ အစည်းကိုသာ ရေတွက်ကြပြီး အရွက်လိုက် ရေတွက်တာမျိုး နည်းပါတယ်။ ဘဏ်ရောက်မှသာ ငွေကို ရေတွက်ပြီး အတုတွေလည်း အဲဒီတော့မှ ထွက်လာတာမျိုး ရှိပါတယ်။

ကောင်းတာတော့ ငွေစက္ကူများများ ကိုင်တွယ်ရတဲ့ လုပ်ငန်းကြီး တွေမှာလည်း ငွေ စ လက်ခံတာနဲ့ မိမိတို့ နေရာမှာတင် အတုအစစ် ခွဲတဲ့စက်တွေနဲ့ ငွေကို ရေတွက်ကြရင် အကောင်းဆုံးဖြစ်မှာပါ။ တရုတ် ကုန်သည်တွေဆီကနေ ငွေလက်ခံရင်လည်း သေချာ စီစစ်ပြီး လက်ခံသင့် ကြပါတယ်။ အချို့သူတွေကတော့ မသမာ လောဘဇောနဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုပြီး သိသိကြီးနဲ့ အတုကို လက်ထဲထားပြီး သုံးစွဲတဲ့သူတွေ ရှိပါတယ်။ ကိုယ်နဲ့မဆိုင်သလို နေကြပြီး တစ်ချိန်ချိန်မှာ တစ်နည်းနည်းနဲ့ ငွေစက္ကူအတုတွေ မိမိလက်ထဲ မမျှော်လင့်ဘဲ ရောက်လာခဲ့ရင် ၊ ရဲတွေ မေးမြန်းတာ ဖြေရှင်းရ အဲဒီအတု မိမိဆီ ရောက်လာတဲ့ ကွင်းဆက်တွေ လိုက်ရနဲ့ အတော် အလုပ်ရှုပ်တာကို ကြုံဖူးသူများ သိကြမှာပါ။ ဒါကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ သော်လည်းကောင်း၊ တရုတ်ပြည်ကနေ ထုတ်နေတဲ့ ငွေစက္ကူ အတုများ ပြည်တွင်း ငွေကြေးဈေးကွက်မှာ ဆက်လက် မပြန့်ပွားလာအောင် သော်လည်းကောင်း လူတိုင်းက တတ်နိုင်သမျှ အသိစိတ်နဲ့ ပါဝင် သင့်ပါတယ်လို့။ 

ချော(အစိမ်းရောင်လွင်ပြင်)

0 ကွန်မန့်ရေးရန်:

Post a Comment