Saturday, March 2, 2013

စင်တော်ဖွင့်အမီ


.

ကြည့်စမ်းပလေ
မြို့ကလေးပေါ်
ချယ်ရီတွေ ကြွေကျ .. လှနေလိုက်တာများ
ကော်ဇောနီခင်းထားတဲ့ မင်းခမ်းမင်းနားအတိုင်း
 .

ကြည့်စမ်းပလေ
နေရောင်ခြည်က တိမ်အထုထုကို ထိုးဖေါက်
အနူးညံ့ဆုံး ပြိုကျနေလိုက်တာများ
မြို့ကလေးဟာ ၀င်းရှင်းတောက်ပ
ရွှေရည်နဲ့ သ ထားတဲ့အတိုင်း
 .

ကြည့်စမ်းပလေ
ကြယ်လေးတွေ တစ်စင်းပြီးတစ်စင်း ခုန်ချ
ပင်လယ်မှာ စံပယ်တွေ ပွင့်ပွင့်နေလိုက်တာများ
ရင်ထဲ ဒုတ်ဒုတ်ထိ မွှေးတော့မယ့်အတိုင်း
 .

ကျွန်တော့် စိတ်ကူးထဲက ဒီမြို့ကလေး
ကျွန်တော့် ညီအစ်ကိုတွေဆီထိ
ကောင်းကင်ယံကို ချဉ်းနင်းထိုးဖေါက်
လက်ဆောင်ထုပ်အဖြစ် ရောက်သွားစေချင်လိုက်တာ
 .

သူတို့  … ကျောင်းမတက်ရဘူးတဲ့
သူတို့ … အစား မှန်မှန်မစားရဘူးတဲ့
သူတို့ … မကျန်းမာလည်း ဆေးမရှိဘူးတဲ့
.

မေမေရယ်
လောကကြီးတစ်ခုလုံး
ရွှေဖြစ်အောင် မပြုံးနိုင်တဲ့အဆုံး
နေလုံး မကွယ်အောင်လေးတော့ ကြိုးစားပေးသင့်တယ်မဟုတ်လား။

.
.

ကိုကြည်နိုင် (၁. ၃. ၂၀၁၃)
.

0 ကွန်မန့်ရေးရန်:

Post a Comment