Friday, January 4, 2013

ကျနော်တို့ လူမျိုးရှေ့မှာ ဒူးထောက်ပြီးပြီ /တိုင်းတစ်ပါး လူမျိုးအောက်မှာတော့ ဒူးထပ်မထောက်ချင်တော့ဘူး


by Sat Paing on Thursday, January 3, 2013 at 4:37am ·



ကျနော်တို့ facebook ပေါ်မှာအပါအ၀င် ၊ ပြည်တွင်းမီဒီယာဂျာနယ်များမှာပါ
အကျယ်တ၀င့် ခဏခဏ ပါရှိပြီး ကျော်ကြားလူသိများတဲ့ သတင်းတစ်ခုကတော့
လူကုန်ကူးမှုရယ် ပြည်ပမှာ ဗီဇာမရှိပဲ မတရားခိုင်းစေခံထားရမှုတွေရယ်
စသဖြင့် ထိုသို့သော သတင်းတွေနဲ့ ဆက်စပ်တဲ့ ကိစ္စအ၀၀ကို
နိုင်ငံတော်အစိုးရအပါအ၀င် သတင်းပေါ်က လူပုဂ္ဂိုလ်များအားလုံးလိုလို သိရှိပြီးဖြစ်ပါလိမ့်မယ်၊

ဆိုလိုတာက နိုင်ငံတော်အစိုးရက ရုပ်မြင်သံကြားတွေကနေမှတစ်ဆင့်
နိုင်ငံပိုင် သတင်းစာတွေကနေမှတစ်ဆင့် အမျိုးမျိုးသော ကြော်ငြာမှုတွေအနေနဲ့
လူကုန်ကူးမှုချက်ချင်းရပ် တို့ အသိပညာပေး စာပေတွေ စသဖြင့် အမျိုးမျိုးသော
လှူပ်ရှားမှုများ လုပ်နေပေမယ့်လဲ ခုချိန်ထိ ထိုထိုသော ဆိုးဝါးတဲ့ သတင်းတွေကတော့
ဆက်တိုက်ဆိုသလို ကြားနေရဆဲပဲဖြစ်ပါတယ် ၊

ဘာကြောင့် နှစ်ပေါင်းများစွာ ကြာနေပေမယ့်လဲ
ခုချိန်ထိ မြန်မာနိုင်ငံသူ/နိုင်ငံသားတွေဟာ
(အဓိက အမျိုးသမီးနှင့် ကလေးငယ်များ များပြား)ထိုသို့သော အဖြစ်မျိုးကို ကြုံဆုံနေရပါသလဲ

ရန်ကုန်လို မန္တလေးလို မြို့ကြီးတွေပေါ်ကခေတ်ပညာတတ်လူတွေသာ
ဒီဘက်ခေတ်မှာ အရမ်းနည်းပါးစွာ ကြုံတွေ့ခဲ့ကြတာဖြစ်ပြီး
ကျန်အခြားမြို့များစွာမှာတော့ ခုချိန်ထိ ပိုးစိုးပက်စက်ခံစားနေကြရဆဲပဲဖြစ်ပါတယ် ၊
အထူးသဖြင့် တိုင်းရင်းသူတွေ နယ်စပ်တွင် နေထိုင်သူတွေသာ အဖြစ်များနေတာကိုလဲ တွေ့ရပါတယ် ၊

သေချာတာက အားလုံးက မြန်မာနိုင်ငံသူ/နိုင်ငံသားတွေပဲ ဖြစ်ပါတယ်၊

အဲ့ဒီတော့ ဒီလိုတိုင်းတစ်ပါးသားတွေရဲ့ နည်းအမျိုးမျိုးနဲ့ဖမ်းဆီး သတ်ဖြတ် ညှင်းဆဲ ခိုင်းစေနေတာတွေကို
အစိုးရနှင့်တာဝန်ရှိသူတွေက ကိုယ့်လူမျိုးကို တိုင်းတစ်ပါးသားတွေက
 ခုလိုမျိုး ရက်ရက်စက်စက်ယုတ်ယုတ်မာမာလုပ်နေတာတွေကို ထိထိရောက်ရောက် ဘာကြောင့်
မကိုင်တွယ်သလဲဆိုတာကို အရမ်းစဉ်းစားရကြပ်နေပါတယ်၊
ခုလိုမျိုး ပိတ်ကားပေါ်ကနေ စာမျက်နှာတွေပေါ်ကနေပဲ ကြော်ငြာအသိပေးနေရုံနဲ့ ပျောက်မသွားနိုင်ပါ၊

ကိုယ်တိုင်ကိုယ်ကျ ထိထိရောက်ရောက် ထိုသို့သော အရပ်ဒေသများကို လူကိုယ်တိုင်
သွားရောက် အသိပေးသင့်တယ်လို့ထင်ပါတယ် ၊

အဓိက ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ ရန်သူကတော့ တရုတ်လူမျိုးနဲ့
ကျနော်တို့ မြန်မာတွေကို ခေတ်အဆက်ဆက် မျက်မုန်းကျိုးမုန်းတီးနေတဲ့
ထိုင်းလူမျိုးများသာ အဖြစ်များနေတာကို သတင်းတွေအရ သိရှိရပါတယ်၊

ဒီတော့ကော အစိုးရရဲ့ ကိုင်တွယ်ပုံက မထိရောက် မအောင်မြင်ဘူး အခုလက်ရှိ
အခြေအနေနဲ့ တိုးမပေါက်နိုင်ဘူးဆိုရင် နောက်တစ်မျိုးပြောင်းစဉ်းစားရမယ်ဆိုတာကို
အလိုလိုသိနေရပါလိမ့်မယ် ၊

တစ်ခုခုဆို လူမျိုးရေးကိစ္စတွေနဲ့ ပက်သက်လာရင် အဓိကနံပါတ်တစ်အချက်အနေနဲ့
တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ အစိုးရမှသာ တာဝန်ရှိတယ်ဆိုတာကို လက်ခံရပါမယ်၊

ကျနော်တို့ မြန်မာနိုင်ငံသူ/နိုင်ငံသားတွေဟာ ကိုယ့်လူမျိုးအချင်းချင်းရှေ့မှ
ဒူးထောက်နေရရုံနဲ့အားမရနိုင်ပဲ ခုလိုတိုင်းတစ်ပါးလူမျိုးတွေအောက်မှာပါ
ဒူးထောက်နေရတာကတော့ တစ်စိတ် အစိုးရ လွန်နေပြီလို့ ထင်ပါတယ် ၊

ကျနော်သိသလောက်တော့ အစိုးရအဖွဲ့အစည်းမှာလဲ ကြီးကြီးမားမား ကိုင်တွယ်ဖြေရှင်းနေရတဲ့
ပြသနာဟာ မရှိသလောက် ရှားပါတယ် ၊ အကယ်၍ ဖြစ်ပေါ်လာတဲ့ ပြသနာတိုင်းဟာလဲ
တခဏအတွင်း ပြီးစီးသွားတာကိုလဲ တွေ့ရပါတယ်
မီးကိစ္စ လမ်းကိစ္စ ဧရာဝတီကိစ္စ ဘာကိစ္စ ညာကိစ္စ စသဖြင့် အားလုံးဟာ
တခဏအတွင်းမှာတင် ပြီးစီးသွားပါတယ်၊ အချိန်ကြာမြင့်စွာ မပြီးစီးနိုင်သေးတာဆိုလို့
ပြည်တွင်းစစ်တစ်ခုတည်းသာ ဖြစ်နေပါတယ် ၊ ထားတော့
ပြည်တွင်းစစ်ဆိုပြန်တော့လဲ ဒီကိစ္စနဲ့ပက်သက်ပြီး
အဓိကတာဝန်ယူကိုင်တွယ်ဖြေရှင်းနေရတာဟာလဲ အစိုးရအဖွဲ့အစည်းတစ်ခုလုံးမဟုတ်ပဲ
စစ်တပ်သာ ဖြစ်ပါတယ် ၊ ဒီတော့ ကျနော်တင်ပြချင်တဲ့အချက်နဲ့ စစ်တပ်နဲ့ဟာ
 တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း ဆက်စပ်ချင်မှ ဆက်စပ်ပါလိမ့်မယ်
အကယ်၍ စစ်တပ်ပါဝင်မှသာ ဒီလိုမျိုးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းလို့ရမှာကတော့ မဟုတ်နိုင်ဘူးလို့ ထင်ပါတယ် ၊

ဒီတော့ လစ်ဟင်း လစ်ဟာနေတဲ့ တာဝန်ရှိသူတွေ အများကြီးပါ  . . . သူတို့ ဘာတွေလုပ်နေကြသလဲ ?

အဲ့ဒီမေးခွန်းက အရမ်းအရေးကြီးတယ် ၊ မြန်မာနိုင်ငံက ကျရာ နေရာအသီးသီးက ပုဂ္ဂိုလ်တွေဟာ ဘာတွေလုပ်နေကြသလဲ  . . .
ကျနော်တို့ ခင်ဗျားတို့ ဘယ်သူမှ မသိကြပါ ၊သူတို့ပြောသမျှလေးသာ သိခွင့်ရတဲ့ အခြေအနေတစ်ခုမှာ
ဘယ်ဟာအမှန် ဘယ်ဟာအမှားဆိုတာကို မျက်စိတ်ပိတ် နားပိတ်နဲ့သာ ရမ်းသမ်း အဖြေရှာနေကြတုန်းပဲ ဖြစ်ပါတယ် ၊

ပြန်စဉ်းစားကြည့်တော့ ဒါဟာ ကိုယ့်လူမျိုးအချင်းချင်း နှိပ်ကွပ်ရောင်းစားနေတယ်လို့တောင် စွတ်စွဲရပါတော့မယ် ၊
အစိုးရရဲ့ ထင်သာမြင်သာ ဖြစ်စေတဲ့ လုပ်ဆောင်ချက်တွေဟာ
သေချာတာက ဘယ်သူတွေအတွက် ကောင်းမွန်သွားလဲ မသိပေမယ့်
ကျနော်တစ်ဦးတည်းနဲ့ ကျနော်တို့ မိသားစုအတွက်တော့ ဘာတစ်ခုမှ မထူးခြားသွားပါ ၊
ဒီတော့ ကျနော်တို့က ဒီအစိုးရနဲ့ပက်သက်ပြီး ကောင်းမွေ ဆိုးမွေကို မခံစားရပေမယ့်
လက်ရှိအချိန်မှာတော့ အခြားလူပုဂ္ဂိုလ်များမှာတော့ ရောင်းစားခံရ နှိပ်စက်ခံရ
ဖမ်းဆီးခံရ သတ်ဖြတ်ခံရ စသဖြင့် အမျိုးမျိုးသော ဆင်းရဲဒုက္ခတွေကြားမှာကျင်လည်နေရတာကတော့ လုံးဝကို မဖြစ်သင့်ပါ၊

ဘာကြောင့် အစိုးရကို အပြစ်တင်ရသလဲ အစိုးရအပေါ် အားလုံးကို ပုံချရသလဲ?

အဖြေက ရှင်းပါတယ် ကျနော်တို့ ခင်ဗျားတို့အားလုံးရဲ့
အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာရောက်ရှိနေတဲ့ အတွက်
တပည့်မကောင်း ဆရာ့ခေါင်းဆိုသလို
သားသမီးမကောင်း မိဘခေါင်းဆိုသလို
တိုင်းသူပြည်သားများ ဒုက္ခရောက်ခြင်း မရောက်ခြင်းဟာလဲ
အစိုးရခေါင်းပါပဲ၊

ဒီတော့ ကျနော်တို့ တစ်ခုခုဆို အစိုးရကိုပဲ အပြစ်ပုံချရတာဖြစ်ပါတယ်၊
ဒီကိစ္စမျိုးတွေဟာ မြန်မာနိုင်ငံတစ်နိုင်ငံတည်း ဖြစ်နေတာလားဆိုပြန်တော့လဲ
မဟုတ်ပါဘူး ကမ္ဘာနိုင်ငံအတော်များများမှာ ဖြစ်လေ့ဖြစ်ထ ဖြစ်နေတာဆိုပေမယ့်လဲ
ဒီဘက်ခေတ် တိုးတက်လာသော ခေတ်ကြီးမှာတော့ အရမ်းကို နည်းပါးနေပြီပဲ ဖြစ်ပါတယ်၊

အဓိကပြသနာကတော့ ဆင်းရဲမွဲတေခြင်းကနေစပါတယ် ၊
ကျနော်တို့နိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ် တစ်ခုခုဆို သည်းခံကြတယ်
အားနာကြတယ် သနားတတ်ကြတယ် စသဖြင့် ဂုဏ်ပုဒ်တွေ တံဆိပ်တွေ ကပ်ထားကြတယ်
တကယ်က ဒါတွေအားလုံးဟာ တကယ့်လူနေမှုဘ၀မှာတော့ စောက်ရေးမပါတဲ့ ဂုဏ်ပုဒ်တွေပဲ ဖြစ်တယ် ၊
အမြဲတမ်း သည်းခံတာတွေ အမြဲတမ်း အားနာတာတွေ အမြဲတမ်း သနားတာတွေဟာ
 ကိုယ့်သေတွင်း ကိုယ်တူးတယ်လို့ သတ်မှတ်ရတော့တယ် ၊

ဖြစ်နေတာတွေ အများကြီးထဲမှာမှ ကျနော်ထုတ်နုတ်ကောက်ယူတင်ပြတာကတော့
ဒီအချက်ကလေးတစ်ချက်ပဲ ဖြစ်ပါတယ် ၊ အစိုးရရဲ့ ညံ့ဖျင်းမှုတွေ လိုအပ်မှုတွေကတော့
ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ ၊ တစ်ခုချင်းစီကို အစဆွဲထုတ်မယ်ဆိုရင်တော့
ကျနော်လဲပဲ ခုချိန်ဆို ထောင်ထဲကတောင် ထွက်နိုင်မည်မထင်ပါ ၊ ရှိစေ ၊


ဒီတော့ အစပြန်ကောက်ရမယ်ဆိုရင် လူကုန်ကူးခံရမှုတွေ အလိမ်အညာ ခံရမှုတွေရဲ့အစကတော့
ပညာမတတ်ခြင်းပဲ ဖြစ်တယ် ၊ မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီးတွေမှာတောင်
ပညာမတတ်တဲ့လူတွေ ရှိနေတာကို တွေ့ရတယ်
ဒီတော့ နယ်စွန်နယ်ဖျားက လူပုဂ္ဂိုလ် တောရွာတွေက လူပုဂ္ဂိုလ် ဘာသာစကားမတူညီသော
တိုင်းရင်းသား လူမျိုးနွယ်များ စသဖြင့် ပညာမတတ်တဲ့ လူတန်းစားဟာ
 ပညာတတ်တဲ့ လူတန်းစားထက်တောင် များပြားနေတယ်လို့ ကျနော်တော့ ထင်မြင်မိတယ်

အရေးကြီးတဲ့ အချက်တစ်ခုက စာတတ်တိုင်း ပညာတတ်တာမဟုတ်ဘူးဆိုတာပဲဖြစ်တယ်
ကျနော်တို့ ခင်ဗျားတို့အားလုံးနီးပါးဟာ စာတတ်မြောက်ကြပေမယ့် ပညာမတတ်ကြတာတွေများတယ်
ဒီတော့ စာတတ်တာတောင် ပညာမတတ်ဘူးဆိုရင် စာမတတ်တဲ့ ထိုထိုသောပုဂ္ဂိုလ်များဟာ
အဘယ်မှလာပြီး ပညာတတ်ပါတော့မလဲ  . . .

သူတို့လေးတွေကို စာသင်ပေးရမယ် ပညာသင်ပေးရမယ်
လူ့အဖွဲ့အစည်းအမျိုးမျိုးကနေ တစ်နိုင်တစ်ပိုင် ပညာရေးလှူဒါန်းမှုတွေ ရှိနေသေးပေမယ့်လဲ
အားနည်းနေသေးတယ် ဒါတောင် မသမာတဲ့ လှူဒါန်းမှုတွေ ရှိနေသေးတယ်
သတင်းအတိအကျရယ် သက်သေအခိုင်အမာမရတာရယ်ကြောင့်သာ တရားဝင် မဖော်ပြတာပဲ ဖြစ်တယ်
ဘုန်းတော်ကြီးပညာသင်ကျောင်းများရဲ့ မသမာမှုတွေကို တစ်ချိန်မှာတော့ ဖော်ထုတ်ဖြစ်မယ်လို့ ထင်ပါတယ် ၊

ပြည်သူလူထုရဲ့ တောင်းဆိုမှုတွေကို အစိုးရအသစ်လက်ထက်မှာ အများအပြားတွေ့ရမြင်ရတယ်
ဒါပေမဲ့ အားလုံးသော ပြည်သူလူထုတွေဟာ သူတို့တစ်ဦးတစ်ယောက်တည်းအတွက်သာ
တောင်းဆိုနေတာကို အံ့သြစွာတွေ့ရှိလိုက်ရတယ်
ဘယ်ပြည်သူတစ်ဦးတစ်ယောက်က လူကုန်ကူးခံရမှုတွေ ခုလိုအဖြစ်အပျက်မျိုးတွေနဲ့ပက်သက်ပြီး
ဆန္ဒပြတောင်းဆိုတာ မြင်ဖူးသလဲ . . ကျနော်တော့ မမြင်ဖူးပါ၊

လူတွေက ကိုယ့်ဒုက္ခသာ အကြီးဆုံးလို့ ထင်တတ်တာ သဘာဝပဲလို့တော့ ပြောကြလိမ့်မယ်၊
ဘယ်ဒုက္ခက လောကမှာအကြီးမားဆုံးလဲလို့ ကိုယ့်ကိုကိုယ်ပဲ ဖြစ်ဖြစ်
တစ်ပါးသူတစ်ဦးတစ်ယောက်ကိုပဲ ဖြစ်ဖြစ် မေးမြန်းဖူးကြသလား?

ကျနော်ထင်ထား သိထားတဲ့ ဒုက္ခကတော့ ကိုယ့်စိတ်ကို ကိုယ်မအောင်နိုင်ခြင်းသော
ဒုက္ခသာ လောကမှာ အကြီးမားဆုံး ဒုက္ခဖြစ်တယ် ၊

ကျနော်တို့စိတ်ကို ကျနော်တို့ နိုင်အောင်ထိန်းချုပ်ဖို့အတွက် ဘာတွေလိုအပ်မလဲ
ငွေကြေး ချစ်ခြင်းမေတ္တာ ဇိမ်ခံပစ္စည်းအမျိုးမျိုး မူးယစ်ဆေးဝါးအမျိုးမျိုး
စသဖြင့် ထိုထိုသော အရာတွေလိုအပ်မှာလား ?

မဟုတ်ပါဘူး ကျနော်တို့စိတ်ကို ကျနော်တို့ နိုင်အောင်ထိန်းချုပ်ဖို့အတွက်
တစ်ခုတည်းသော လိုအပ်ချက်ကတော့  (                       )
ဘာဖြစ်နိုင်သလဲဆိုတာကို ကိုယ့်ဟာကို အဖြေရှာစေချင်ပါတယ် ၊
ထားတော့ . .  .


ဒီတော့ ကျနော်တို့အစိုးရထံကနေ ဘာတွေတောင်းဆိုသင့်တယ်ဆိုတာကို သိရှိနားလည်ပြီလို့ ထင်ပါတယ်
 မကြာခင် လူမျိုးပြုတ်တော့မယ် ဘာသာတရားတွေ ကွယ်ပျောက်တော့မယ်
သာသနာတော် ပျက်စီးတော့မယ် စသဖြင့် တစ်ဆင့်ချင်းစီကြုံတွေ့ကြရမယ့် အန္တရာယ်တွေပါ
အစိုးရအပေါ်မှာသာ အားလုံးက မှီတည်နေတာကို သိထားရပါမယ် ၊

နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်မင်းလုပ်နေတဲ့ လူပုဂ္ဂိုလ်ရဲ့ တော်လွန်တတ်ကျွမ်းကျင်မှုအလိုက်
ညံ့ဖျင်းမိုက်မဲမှုအလိုက် နိုင်ငံရဲ့ လူမျိုးရေး ဘာသာရေး စီးပွားရေး စတာတွေအားလုံးဟာ
ပြောင်းလဲမှာပဲ ဖြစ်ပါတယ် ၊ ဒီတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာလဲ
အားရစရာတစ်ကွက်မှမရှိပါ နိုင်ငံရေးဟာလဲ ခုချိန်ထိ တည်ငြိမ်မှု ရှိမနေပါ ၊
ဘာသာရေးဟာလဲ လူးလူးလွန့်လွန့်ပါပဲ ဘာဆို ဘာတစ်ခုမှ ထူးခြားကောင်းမွန်မနေတဲ့အတွက်
ခုလက်ရှိ အုပ်ချုပ်မင်းလုပ်နေတဲ့ အစိုးရဟာ မည်သို့သော အစိုးရဖြစ်သည်ဆိုတာကို
သိရှိနားလည်ကြမယ်လို့ ထင်ပါတယ် ၊ ခေတ်အဆက်ဆက်က တိုင်းပြည်ကြီးဟာ
တိုးတက်စည်ပင်ဝပြောလိုက် ဆုတ်ယုတ်ပျက်စီးသွားလိုက်
ပြန်ကောင်းလာလိုက်နဲ့ လည်နေတဲ့ သံသရာဟာ မပြီးစီးနိုင်သေးပါ ၊
ဒါပေမဲ့ ခုလက်ရှိ ကျနော်တို့ခေတ်မှာတော့ ဒါဟာ ဆုတ်ယုတ်ပျက်စီးနေတဲ့ တိုင်းပြည်ထဲမှာ
လူလာဖြစ်တယ်လို့တောင် ထင်မှတ်မိပါတော့တယ်၊


ကျနော်တို့ လူမျိုးရှေ့မှာ ကျနော်တို့ ဒူးထောက်နေပြီးကြပါပြီ
နောက်ထပ် တိုင်းတစ်ပါးလူမျိုးခြားတွေအောက်မှာ
ဒူးထပ်မံမထောက်ကြရဖို့ ၀ိုင်းဝန်းဆောင်ရွက်ကြပါစို့။





မှတ်ချက် - စာမရေးတာ အတော်လေးကြာသွားပြီဖြစ်ပါတယ် ၊ စာမရေးဖြစ်ဘူးဆိုသလို
စာလဲ မဖတ်ဖြစ်ပါ ၊ ဒီနေ့မှ ဓါတ်ပုံလေးတစ်ပုံနဲ့ သတင်းတစ်ခုကို အမှတ်မထင်တွေ့ရှိသွားပြီး
ဒီပိုစ့်လေးကို ရေးဖြစ်သွားတာဖြစ်ပါတယ် ၊ စာလုံးပေါင်းသတ်ပုံတွေနဲ့တကွ
အခြားအမှားအယွင်းများစွာကို စာဖတ်သူများကပဲ ပြန်လည်ပြင်ဆင်သွားကြပါရန်။

နောက်တစ်ခုက ခင်ဗျားတို့အများစုက ကဗျာသမားတွေဖြစ်နေတော့
ကျနော့်ရဲ့ဒီစာကို tag ရတာ မ၀ံ့မရဲဖြစ်မိတယ် ၊ အကယ်၍ သဘောမကျသူများရှိပါက
အသိပေး၍သော်လည်းကောင်း ကိုယ့်ဟာကိုယ်သော်လည်းကောင်း tag စာရင်းကနေ
ဖြုတ်သွားနိုင်ပါတယ်း)။






 ဇာတိ(ဖျာပုံ)
၃..၁.၂၀၁၃
မနက် ၄ နာရီ ၁၁ မိနစ်
www.zartinaung.blogspot.com
ko pae Lay <kopaelay@gmail.com>
Jan 3 (1 day ago)

to zartipyapon
http://www.kopaelay.blogspot.com/  ( ကိုပဲလေး ဘလော့မှ ကြိုဆိုပါဧ။် )

0 ကွန်မန့်ရေးရန်:

Post a Comment