Monday, December 17, 2012

မြိတ်မှ ရန်ကုန်သို့ ခရီးစဉ် ပျံသန်းစဉ် လေယာဉ်တစ်စီး အင်ဂျင်ချွတ်ယွင်းမှုဖြစ်ပေါ်၍ ထားဝယ်လေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရ


 
မြန်မာ့လေကြောင်းမှ ခရီးစဉ် အမှတ် XY-AGA, F-28 လေယာဉ် တစ်စီးသည် ဒီဇင်ဘာလ ၁၃ ရက် နေ့ နံနက်က ရန်ကုန်-မြိတ်-ရန်ကုန် ခရီးစဉ်အား ပျံသန်းပြေးဆွဲနေစဉ် မြိတ်မြို့မှ ရန်ကုန်သို့ အပြန်၌ လေယာဉ်၏ ညာဘက်အင်ဂျင် Vibrate (တုန်ခါမှု) ဖြစ်ပြီး ထားဝယ် လေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သတင်းရရှိသည်။ ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း ၇၉ ဦး လိုက်ပါလာသော အဆိုပါလေယာဉ်သည် မြိတ်မြို့မှ ရန်ကုန်သို့အပြန် နံနက် ၈ နာရီ ၂၃ မိနစ် တွင် အရေးပေါ် ဆင်းသက်ရန်အတွက် ထားဝယ်လေဆိပ်သို့ အကြောင်းကြားခဲ့ပြီး နံနက် ၈ နာရီ ၃၁ မိနစ်တွင် ထားဝယ်လေဆိပ်သို့ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း ထားဝယ်လေဆိပ်မျှော်စင်မှ
စုံစမ်းသိရှိရသည်။

''လေယာဉ်ကတော့ ပြင်လို့ မပြီးသေးပါဘူး။ အခုအချိန်ထိ ထားဝယ်လေဆိပ်မှာ ရှိနေတုန်းပါ။ အင်ဂျင်နီယာတွေကတော့ မနေ့ကတည်းက ရောက်နေပါတယ်။ အင်ဂျင်ဖြုတ်ပြီး အသစ်ပြန်လဲဖို့ ရန်ကုန်က လေယာဉ်မှာ ပါလာမယ့် အင်ဂျင်ကို စောင့်နေကြပါတယ်'' ဟု ထားဝယ်လေဆိပ်မျှော်စင်မှ တာဝန်ရှိသူတစ်ဦးက ၁၅ ရက်နေ့ မနက် ၈ နာရီတွင် ပြောကြားခဲ့သည်။

''အင်ဂျင်ကို အလုံးလိုက်လဲရပါမယ်။ အင်ဂျင်မှာ Vibrate ဖြစ်တယ်လို့ပဲသိတယ်။ ဘာဖြစ်လဲဆိုတာကတော့ စက်ပြင်အင်ဂျင်နီယာတွေကို မေးမှရပါမယ်။ ခရီးသည်တွေကိုတော့ မြန်မာ့လေကြောင်းက ATR-42 နဲ့ တစ်ခေါက်၊ Beech-1900D နဲ့ နှစ်ခေါက်လာပြီး ရန်ကုန်ကို ပို့ပေးခဲ့ပါတယ်'' ဟု မြန်မာ့လေကြောင်း ထားဝယ်ဌာနခွဲတာဝန်ခံ ဦးအောင်မြင့်က ပြောကြားခဲ့သည်။

မြန်မာ့လေကြောင်းတွင် ပျံသန်းလျက်ရှိသည့် လေယာဉ်အမျိုးအစား ၄ မျိုးဖြစ်သည့် F-28 သုံးစီး၊ ATR သုံးစီး၊ MA-60 သုံးစီး၊ Beech-1900D နှစ်စီး ရှိသည့်အနက် F-28 လေယာဉ်များသည် သက်တမ်း ရင့်လာပြီဖြစ်သဖြင့် ဘရာဇီးနိုင်ငံထုတ် ခရီးသည် ၁၀၀ ဆံ့ EMBRAER 190 လေယာဉ်သစ်များဖြင့် အစားထိုးပြေးဆွဲနိုင်ရန် လေယာဉ်နှစ်စီးအား အမေရိကန်နိုင်ငံ GE Capital Aviation Services ကုမ္ပဏီမှ အငှားဝယ်ယူသည့် စနစ်ဖြင့် မြန်မာ့လေကြောင်းမှ အငှားဝယ်ယူထားပြီး မှာယူထားသည့် နှစ်စီးအနက်တစ်စီးမှာ ဒီဇင်ဘာ ၁၀ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ မြန်မာ့လေကြောင်းလိုင်းမှ ပြေးဆွဲသည့် သက်တမ်းကြာမြင့်ပြီဖြစ်သည့် လေယာဉ်များနေရာတွင် လေယာဉ်အသစ်များဖြင့် အစားထိုးလဲလှယ် ပြေးဆွဲခဲ့ရာ ၂၀၁၀ ဒီဇင်ဘာလ ၁ ရက်နေ့က ဖော်ကာ F-27 လေယာဉ်များနေရာ၌ တရုတ်နိုင်ငံလုပ် MA-60 လေယာဉ်သုံးစင်းဖြင့် အစားထိုး ပြေးဆွဲခဲ့သည်။

ယခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကလည်း မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် UBA-663၊ F-28 ခရီးသည်တင်လေယာဉ်သည် ရန်ကုန်-နေပြည်တော်-မန္တလေး-ဟုမ္မလင်း-မုံရွာ ခရီးစဉ်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာခဲ့ရာ နေပြည်တော်လေဆိပ်သို့အရောက် စက်ချွတ်ယွင်းမှုကြောင့် ဆင်းသက်နိုင်ခြင်းမရှိသဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရကြောင်း သိရသည်။ အဆိုပါ လေယာဉ်အား မြန်မာ့လေကြောင်းမှ လေကြောင်းခရီးစဉ်ပြေးဆွဲခြင်းများမှ အပြီးအပိုင်ရပ်နားခဲ့ကြောင်း သိရှိရသည်။

သက်တမ်းနှစ် ၃၀ ကျော်နေပြီဖြစ်သည့် မြန်မာ့လေကြောင်း ပိုင် F-28 လေယာဉ် သုံးစီးရှိသည့်အနက် တစ်စီးမှာ ရပ်နားထားပြီးဖြစ်သဖြင့် ကျန်လေယာဉ်နှစ်စီးဖြင့် ခရီးစဉ်များကို ပြေးဆွဲနေခြင်းဖြစ်ပြီး ၎င်းလေယာဉ် နှစ်စီးကိုလည်း မကြာမီကာလတွင် ခရီးသည် ၁၀၀ ဆန် EMBRAER 190 လေယာဉ်သစ်များဖြင့် အစားထိုးပြေးဆွဲရန် မြန်မာ့လေကြောင်းမှ စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။


Eleven News

0 ကွန်မန့်ရေးရန်:

Post a Comment