Friday, December 7, 2012

ဒေါ်အောင်ဆန်းစုကြည် နှင့် အင်တာဗျူး - ၂

Liked · about an hour ago

"Beyond the Women"
https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-prn1/31631_462011610506938_797050896_n.jpg


Yati Magazine

မေး။ ။ လက်ရှိတက္ကသိုလ် ပညာရေးကိုရော ဘယ်လိုပြင်ဆင်ဖို့ ရည်ရွယ်ထားပါသလဲ ခင်ဗျာ။

ဖြေ။ ။ ဒါကတော့ အမေတစ်ယောက်တည်း ပြင်ဆင်မှာလည်း မဟုတ်ဘူး၊ ဒါအားလုံး ကျွမ်းကျင်တဲ့ သူတွေ၊ တကယ်စိတ်ပါဝင်စားတဲ့ သူတွေနဲ့ ဆွေးနွေးပြီး လုပ်ရမယ့် ကိစ္စပါ။
အဓိကကတော့ တက္ကသိုလ်ပညာရေးဆိုတာက ကျယ်ပြန့်ရမယ်၊ နက်နဲရမယ်၊ တက္ကသိုလ် ပညာရေးဆိုတာ ဒီ လူငယ်တွေကို ဘဝ စိန်ခေါ်ချက်တွေကို ရင်ဆိုင်နိုင်အောင်လို့ သင်ပေးတာပဲ ဖြစ်ရမယ်၊ ဒီလိုဘွဲ့တံဆိပ်လေး ရရုံနဲ့ မရဘူး၊ ဒါကြောင့်မို့ အမေ့တို့ အနေနဲ့ ဒီတက္ကသိုလ်ဘဝ ရှင်သန်ရေးပေါ့နော်၊ campus Life ပေါ့၊ အဲဒါ သိပ်အရေးကြီးတယ်၊

ဘာလို့လဲဆိုတော့ အဲဒီလိုနေရာမှာ ဒီလိုဘဝ စိန်ခေါ်မှုတွေ ဘယ်လို ရင်ဆိုင်ရမယ်ဆိုတာ တတ်လာမယ် ၊နောက်ပြီးတော့ Social Skill လူမှုရေး ကျွမ်းကျင်မှုတွေလည်း ရလာတာပေါ့၊ Lecture တွေကိုလည်း အခန်းထဲမှ မဟုတ်ဘူး၊ ကျောင်းခန်းထဲမှ ရတာမဟုတ်ဘူး၊ ကျောင်းပြင် ကလည်းရတာ၊ အဲဒီအတွက် ဦးတည်ပြီးတော့ တက္ကသိုလ်ပညာရေးကို ပြန်ပြီး ထူထောင်ရမှာပါ၊

မေး။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ်လူငယ် တွေကြားထဲမှာ အားရကျေနပ်မှု ရှိပါသလား၊ မြင်ရတာရော၊ ကြားရတာရောတွေ့ရ တာရောပေါ့။

ဖြေ။ ။ အားရကျေနပ်မှု ရှိပါတယ်၊ အမေတို့ ဒီကြားဖြတ်ရွေးကောက်ပွဲ အတွက် စည်းရုံးတဲ့အခါ လူငယ်တွေ တက်ကြွစွာပါဝင်လာကြတယ်၊ လူငယ်တွေမှာ အန္တရာယ်တော့ ရှိတာပေါ့နော်၊ လူငယ်ဆိုတော့ စိတ်က နုသေးတာပေါ့၊ စိတ်ကနုတဲ့ အခါကျတော့ တစ်ခါတစ်ခါ ဆွဲဆောင်ရာကို ပါသွားတတ်ကြတယ်။

အဲဒါကတော့ လူငယ်တွေ မပြောပါနဲ့ လူကြီးတွေတောင် စိတ်ကခိုင်မာတာ မဟုတ်ဘူး။ အဲဒီတော့ လူငယ်တွေမှာ အပြစ်ကြီးတယ်လို့တော့ အမေမမြင်ဘူး၊ ဒါပေမဲ့ ဒါကို ထိန်းကွပ်ဖို့တော့ အရေးကြီးတာပေါ့၊

မေး။ ။ အရှေ့တောင်အာရှ နိုင်ငံတွေမှာ မြန်မာနိုင်ငံက ယောက်ျား မိန်းမ ခွဲခြားဆက်ဆံမှု နည်းတယ်လို့ပြောကြတယ်၊ အဲဒါမှာ အမေ့အနေနဲ့ ဘယ်လို သုံးသပ်ထားတာ ရှိပါသလဲ၊ အဲဒါလေး ပြောပေးပါ။

ဖြေ။ ။ နည်းတယ်ဆိုပေမယ့်လည်း ရှိတော့ရှိသေးတာပဲ ၊ယောက်ျား မိန်းမ ခွဲခြားမှုဟာ ရှိသေးတာပဲ၊ အမြဲပဲပြောတယ်၊ ဟို … သားကို သခင်၊ လင်ကိုဘုရား.. ဆိုတာဒါ ဘယ်လိုအဆိုလဲ (ပြုံးလျက်) လုံးဝ လက်မခံနိုင်ဘူး။

ဒါလက်ခံနိုင်တဲ့ဟာမဟုတ်ဘူး။ အဲဒါဆိုရင် ခွဲခြားမှု ရှိတယ်ဆိုတာတွေပဲ၊ နောက်ပြီးတော့ ကျန်းမာရေးအရ လေ့လာလိုက်တဲ့အခါ ဆိုရင်. . ချို့တဲ့တဲ့ မိသားစုတွေထဲမှာ အာဟာရဓာတ် မပြည့်ဆုံးက အဲဒီ အမျိုးသမီးတွေ ဖြစ်တယ်ဆိုတာ တွေ့ရတယ်၊ သူ့ရဲ့ သားသမီးတွေ၊ သူ့ရဲ့ ခင်ပွန်းသည်အတွက် အမြဲပဲ ဦးစားပေးတယ်၊ သူက အကျန်လေးတွေကို စားတယ်၊ အသားနှစ်တုံး သုံးတုံးရှိတယ်ဆိုလို့ ရှိရင်လည်း သူက မစားဘူး။ ကျန်တဲ့ မိသားစုတွေ ကျွေးတယ်။

စသဖြင့် နောက်ပြီးတော့ မိသားစုတော်တော်များများမှာလည်း သားယောက်ျားလေးတွေကို မျက်နှာသာပေးတာ ခုထက်ထိ ရှိနေပါတယ်။ နောက်ဆေးတက္ကသိုလ်ကိစ္စ အမေ ခဏခဏ ပြောတာလေ။ အမှတ် . .မိန်းကလေးတွေဆို အမှတ်ပိုများဖို့လိုတယ်ဆိုတာ၊ ဒါလည်း မိန်းမ ယောက်ျားခွဲခြားဆက်ဆံမှုပဲ။

မေး။ ။ နိုင်ငံအတွက်တာဝန်ကျေတဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဟာ သူ့ရဲ့ မိသားစုအပေါ်မှာ တာဝန်ကျေဖို့ ရာနှုန်းအားဖြင့် ဘယ်လောက် ရှိမယ်လို့ အမေ ယူဆပါသလဲ။

ဖြေ။ ။ ဒါကတော့ ကိုယ်က ဆုံးဖြတ်ရမှာပေါ့။ တိုင်းပြည်တာဝန်ကို ယူမှာလား၊ ကိုယ့်မိသားစုတာဝန်ကို ယူမှာလား၊ ကံကောင်းတဲ့ နိုင်ငံတွေမှာက ဒီဟာကိုရွေးစရာ မလိုဘူး။ ကိုယ်ကလည်း ကိုယ့် နိုင်ငံရဲ့ တာဝန်ကိုယူရင်းနဲ့ မိသားစုတာဝန်ကို ယူသွားလို့ ရတယ်၊ ဒါပေမဲ့ အင်မတန်မှ ခက်ခဲတဲ့အခြေအနေမှာဆိုရင် ဒီနှစ်ခုတည်းက တစ်ခုကို ရွေးရတာပဲ။ ရွေးတဲ့အခါ ပြတ်ပြတ်သားသား ရွေးပေါ့။ ကိုယ်က အိမ်ထောင်ဦးစီးအနေနဲ့ပဲနေမှာလား၊ နိုင်ငံရေးသမားတစ်ယောက် အနေနဲ့ နေမှာလား၊ နိုင်ငံရေးသမားတစ်ယောက် အနေနဲ့ နေမယ်ဆိုရင် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရပ်တည်မယ် ဆိုလို့ရှိရင်တော့ နိုင်ငံကိုပဲ ရွေးရမှာပဲ။

မေး။ ။ မြန်မာအမျိုးသမီးတွေက မညံ့ကြပေမယ့် ထိပ်တန်းနေရာတွေ ရောက်တဲ့နေရာမှာ နည်းနည်းမရှိသလောက် နည်းတယ်လို့ ယူဆရတဲ့အတွက် ဘယ်လိုပြုပြင် ထိန်းသိမ်းမှုတွေနဲ့ ကြိုးစားအားထုတ်မှုတွေ လိုအပ်မယ်လို့ ထင်ပါသလဲ ခင်ဗျ။

ဖြေ။ ။ အဲဒါကလေ လူမှုရေးတွေနဲ့ ဆိုင်တာပေါ့နော်၊ လူမှုရေးစံနှုန်း ထားတွေနဲ့ ဆိုင်တာပေါ့၊ နောက်ပြီး ဥပဒေတွေနဲ့ ဆိုင်တယ်လို့ အမေထင်တယ်။
ဘာလို့လဲဆိုတော့ အခု တချို့နိုင်ငံတွေ တော်တော်များများမှာ အမျိုးသမီးတွေ လွှတ်တော်အတွင်း ပါဝင်ရေးအတွက် လုပ်ထားတာ ကာလအတိုင်းအတာတစ်ခုအထိ လိုတယ်။ တစ်ခါတလေ အမျိုးသမီး တစ်ယောက်အနေနဲ့ တိုးတယ်ဆိုလို့ ရှိရင် တိုးတယ်လို့ မြင်တယ်၊ အမျိုးသားတစ်ယောက်အနေနဲ့ကျလို့ရှိရင်တော့ လုပ်ရဲကိုင်ရဲတယ်လို့ မြင်ကြတယ်၊ တာဝန်ယူရဲတယ်။ အမျိုးသမီးကျတော့ တွန်းတယ်၊ တိုးတယ်၊ နေရာယူတယ်။ ဒါပေမဲ့ နေရာယူတဲ့နေရာမှာ အမျိုးသားတွေကတော့ ဇော်ပဲ။ (ရယ်လျက်)

မေး။ ။ အမေ့အနေနဲ့ တစ်ယောက်တည်း နေခဲ့ရစဉ်အတွင်းမှာ သားတွေအပေါ် လွမ်းဆွတ်မှု အတိုင်းအတာ ဘယ်လောက်ရှိခဲ့ပါသလဲ။

ဖြေ။ ။အမေက ကိုယ့်ကိုယ်ကိုယ် မလွမ်းအောင်နေတတ်တယ်။၊ ဒါ ငယ်ငယ်တည်းကပါ။ လွမ်းတယ်ဆိုတဲ့အလုပ် မလုပ်ဘူးလို့ ဆုံးဖြတ်ထားတယ်။

မေး။ ။ စိတ်ခွန်အားနဲ့ ဥာဏ်စွမ်းအားမှာ ဘယ်အရာက အမေ့အတွက် အလိုအပ်ဆုံးလို့ ယူဆပါသလဲ ခင်ဗျ။

ဖြေ။ ။ စိတ်ခွန်အားကတော့ အခြေခံဖြစ်ရမှာပဲ၊ ပညာက အလွဲသုံးစား လုပ်လို့ရတယ်။ မမှန်ကန်တဲ့ စိတ်ရှိတဲ့ ပညာရှိဆိုရင် အင်မတန် အန္တရာယ်များတယ်။ အဲဒီတော့ စိတ်ဓာတ်က အဓိကလို့ ထင်ပါတယ်။

မေး။ ။ THE LADY ဇာတ်ကားဟာ အမေ့ရဲ့ ဘဝပုံရိပ်ကို ဖော်ပြပေးနိုင်မယ်လို့ ထင်ပါသလား၊ အစစ်အမှန် အငွေ့အသက်လေး ပါသလားခင်ဗျ။

ဖြေ။ ။ မသိဘူး၊ လုံးဝလည်းမကြည့်ဘူး၊ ကြည့်ဖို့လည်း ရည်ရွယ်ချက် မရှိဘူး၊

မေး။ ။ ဗိုလ်ချုပ်ရဲ့ ဇာတ်ကားကိုရိုက်တဲ့အခါ အမေ ဘယ်လို အခန်းကဏ္ဍကနေပြီး ပါဝင်မယ်လို့ ယူဆထားပါသလဲ၊ ဇာတ်ကား ဖန်တီးမှုပီပြင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ရော ရှိပါသလားခင်ဗျ။

ဖြေ။ ။ အဲဒါကတော့ ပီပြင်ပါ့မလားဆိုတဲ့ အတွေးလေးက အတိုင်းအတာတစ်ခုထိ ရှိတာပေါ့၊
ဒါပေမဲ့လည်းတော်တဲ့ အနုပညာရှင်တွေကို အားကိုးနေတယ်ဆိုတော့ ဒါကိုဖြစ်မြောက်မယ်လို့ ထင်တယ်။ တခြားနိုင်ငံတကာကလည်း ကူညီချင်တဲ့ စိတ်တွေရှိတဲ့ အခါကျတော့ဒါ အောင်မြင်မယ်လို့ မျှော်လင့်ပါတယ်။

ဒါပေမဲ့ အမေ့အနေနဲ့ အနုပညာရှင်တွေ အလုပ်ကို ဝင်ပြီးတော့ နှောင့်ယှက်တာမျိုး မလုပ်ပါဘူး၊ ဝင်ပြီတော့ ချုပ်ချယ်တာမျိုး မလုပ်ပါဘူး၊

ဒါပေမဲ့လည်း တချို့နေရာတွေမှာ အမေ့ကိုလည်း အကြံဥာဏ် တောင်းတာတွေတော့ ရှိမှာပေါ့၊ အဲဒီအခါကျလို့ ရှိရင်တော့လည်း အမေမြင်တာတွေ ပြောပြမှာပေါ့။

မေး။ ။ ဒီအသက်အရွယ်မှာ အမြဲတမ်းလန်းဆန်းပြီး သွက်သွက်လက်လက် နေထိုင်နိုင်အောင် ဘယ်လိုများ ကျင့်ကြံနေထိုင်ပါသလဲ ခင်ဗျ။

ဖြေ။ ။ စည်းကမ်းနဲ့နေတယ် (ရယ်လျက်)။ နောက်ဆုံး ဒါပါပဲ။ စည်းကမ်း ရှိရှိနေလို့ရှိရင် ကျန်းမာရေးကောင်းပါတယ်။

မေး။ ။ အခု အမေရေးတဲ့ စာတွေကို စာဖတ်ပရိသတ်က သဘောကျ တာတွေများတယ်ဆိုတော့ စာအုပ်တွေ ဘာတွေရော ထွက်ဖို့ရှိပါသလား ခင်ဗျ၊

ဖြေ။ ။ စာအုပ်.. ခု သတ်သတ် လုံချင်းစာအုပ်ထုတ်ဖို့တော့ အချိန်လည်း မရှိဘူး၊ အဲဒီတော့ အစီအစဉ်လည်း မရှိသေးပါဘူး၊

မေး။ ။ အမြဲပဲကျင့်သုံးနေထိုင်တဲ့ ဘဝနေနည်းလေးတစ်ခု၊ အဲဒီနည်းလေး တစ်ခုကို စာဖတ်ပရိသတ်အတွက် မျှဝေပေးနိုင်မလားခင်ဗျ။

ဖြေ။ ။ ဘဝနေနည်း… ဘဝနေနည်းဆိုတော့ ပြောရတော့ ခက်တယ်၊ ဒါပေမဲ့ တစ်ခုတော့ရှိတယ်နော်။ အမေကတော့အဖြစ်ကို အဖြစ်အတိုင်း ရင်ဆိုင်မယ်လို့ပဲ စိတ်ထဲမှာထားတယ်၊ အဖြစ်ကို အဖြစ်အတိုင်း မရင်ဆိုင်ဘဲနဲ့ ရှောင်လို့ရှိရင် ဘဝမှာ တိုးတက်မှု မရှိနိုင်ဘူး၊ ရှင်သန်ဖို့လည်း မရှိနိုင်ဘူး၊

အဲဒီတော့ ဘာမဆိုရင်ဆိုင်ရဲရမယ်၊ အဲလို ရင်ဆိုင်တဲ့ အခါကျလို့ရှိရင် ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချ၊ ဒီဆုံးဖြတ်ချက်အတွက် ကိုယ်တိုင်တာဝန်ယူ ရမယ်၊ ဟိုလူ့ကို လွှဲချ ဒီလူ့ကိုလွှဲချ ဒီလို မလုပ်ရဘူး။ တာဝန်ယူတဲ့ တာဝန်ယူစိတ် ရှိရမယ်။

မေး။ ။ နိုင်ငံတော်သမ္မတကြီးက ပြီးခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ၊ သူ့အနေနဲ့ သမ္မတ ဒုတိယ သက်တမ်းကို ပြည်သူ့ဆန္ဒရှိရင် သူက အရွေးချယ် ခံမယ်လို့ ပြောထားတာကြောင့် အမေ့ရဲ့ အမြင်သဘောထားလေး တစ်ချက်လောက်တော့ သိပါရစေ။

ဖြေ။ ။ အဲဒါ နောက်သက်တမ်းမှာ အရွေးချယ်ခံချင်တဲ့ဘယ်သူမဆို အားလုံးကနေပြီးတော့ မျှမျှတတအခြေခံပေါ်ကနေပြီးတော့ အရွေးချယ် ခံနိုင်အောင်လို့ ကြိုးစားပေးသင့်တယ်။

အခုပြိုင်ရမှာပဲ၊ အခုဒီဖွဲ့စည်းပုံအခြေခံဥပဒေက တရားမှ မတရားတာ၊ တရားမမျှတတဲ့ ဥပဒေအရတော့ ခေါင်းဆောင်လုပ်ချင်တဲ့စိတ် မရှိသင့်ဘူးလို့ ဒီလိုပဲမြင်ပါတယ်။

အောင်ထက် (NYK)

0 ကွန်မန့်ရေးရန်:

Post a Comment