လုပ်ငန်းများတွင် တွေ့ ကြုံရသော အခက်အခဲများကို ကျော်လွှားနိုင်ရုံနှင့်လည်း လူဟူသည် ပြည့်စုံသည် မမည်သေး။ သစ္စာရှိဘို့ လည်း လိုသေး၏။
မြတ်စွာဘုရား အလောင်းတော်သည် လေးသင်္ချေနှင့် ကမ္ဘာတသိန်းတို့ ကာလပတ်လုံး မုသာဝါဒ သိက္ခာပုဒ်ကိုမူ မည်သည့်အခါမျှ မကျူးလွန်ခဲ့ချေ။ မုသာဝါဒ သိက္ခာပုဒ်သည် ထိုမျှလောက် အရေးကြီး၏။
မုသာဝါဒ သိက္ခာပုဒ် အရေးကြီးသည်နှင့်အမျှသစ္စာပါရမီသည်လည်း အရေးကြီး၏။ လူလူချင်းဆက်ဆံရာ၌ စကားကို အခိုင်အမာပြု၍ဆက်ဆံရသည်ဖြစ်လေရာ၊ တစ်ဦးစကားကိုမှ တစ်ဦးမယုံကြည်နိုင်ပါလျှင် ဤလောက၌ လူမှုဆက်ဆံရေးဟူ၍ မည်သို့ မျှရှိနိုင်တော့မည် မဟုတ်။
လူမှုဆက်ဆံရေး မရှိတော့လျှင် ဤလောကသည် ကမောက်ကမ ဖြစ်ရုံမှ တစ်ပါး အခြား ဘာမှ မဖြစ်နိုင်တော့။
ထို့ ကြောင့် ဤလောကသည် ကမောက်ကမ မဖြစ်ရလေအောင် လူသည် မှန်မှန်ကန်ကန် ပြောဘို့ လည်း လိုအပ်ပါ၏။ သို့ မှသာ တစ်ဦး၏ စကားကို တစ်ဦးက ယုံကြည်ပြီး အချင်းချင်းဆက်ဆံ၍ ရမည်ဖြစ်၏။
(ဆရာကြီးဦးရွှေအောင် ဘ၀အမြင်သစ်)
မုသာဝါဒ (၂)
ကိုယ် ၊နှုတ်၊ စိတ် ညီအောင် ကြိုးစားပါ။
မုသာဝါဒါ ဝေရမဏိ - မုသားပြောခြင်းမှ ရှောင်ကြဉ်ပါ၏
ဟူ၍ဆိုရာ၌ မုသားဆိုသည်မှာ လိမ်၍ ပြောခြင်းနှင့် ပြောသည့်အတိုင်း
မလုပ်ခြင်းပင် ဖြစ်သည်။ အမှန်အားဖြင့် လိမ်၍ ပြောခြင်းနှင့်
ပြောသည့်အတိုင်းမလုပ်ခြင်းသည် သူတစ်ဖက်သားကို အထင်မှားအောင် လှည့်စားခြင်း
ဖြစ်၏။ ထို့ကြောင့် လူတစ်ယောက်ကိုဖြစ်စေ၊ လူအများကိုဖြစ်စေ၊
အထင်မမှားရလေအောင် ကြွားဝါခြင်း မပြုဘဲ မှန်မှန်ကန်ကန် ပြောဆိုခြင်းနှင့်
ပြောသည့်အတိုင်း လုပ်ခြင်းသည် မုသာဝါဒါ ဝေရမဏိအရ မုသား ပြောဆိုခြင်းမှ
ရှောင်ကြဉ်သည်မည်၏။
ကုသိုလ်အရာတွင် သစ္စ၀ါစာသည် အင်အားကောင်း၍ အကုသိုလ်အရာတွင်
မုသာဝါဒါသည် အင်အားကောင်း၏။ မြတ်စွာဘုရားအလောင်းတော်အနေဖြင့် ငါးပါးသီလတွင်
ပါဏာတိပါတ စသော သိက္ခာပုဒ်များကို အကြောင်းအားလျော်စွာ
လွန်ကြူးနိုင်သော်လည်း မုသာဝါဒသိက္ခာပုဒ်ကိုကား သူတစ်ပါး
အကျိုးပျက်လောက်အောင် မည်သည့်အခါမှ လွန်ကြူးခဲ့ခြင်းမရှိ ဟူ၍ ဆရာတော်
အရှင်ဇနကာဘိဝံသက သူ၏ဗုဒ္ဓ၀င် အမေးအဖြေ၌ ဆို၏။ ထို့ကြောင့် မုသာဝါဒ
သိက္ခာပုဒ်သည် ဘုရားကိုပင် ဖြစ်စေနိုင်လောက်အောင် ကုသိုလ်အရာ၌ အရေးပါ၏။
ကုသိုလ်အရာ၌ အရေးပါကြောင်းကိုမူ အပြန်နည်းဖြင့် သိနိုင်လေ၏။
မှန်ကန်သောစကား သစ္စ၀ါစာသည် မုသာဝါဒ၏ ဆန့်ကျင်ဘက်ဖြစ်၏။
ထို့ကြောင့် မှန်ကန်စွာပြောဆိုခြင်းကို သစ္စပါရမီ အနေဖြင့်
ဟောကြားတော်မူခြင်း ဖြစ်၏။ သို့ရာတွင် မှန်ကန်စွာပြောဆိုတိုင်းလည်း
သစ္စပါရမီ ဖြစ်သည်မဟုတ်။ ပါရမီဟူသည်မှာ မြင့်မြတ်သူတို့၏ လုပ်ငန်းဖြစ်၏။
ထို့ကြောင့် မှန်ကန်စွာ ပြောဆိုရာ၌ မြင့်မြတ်မှု သဘောပါအောင် ပြောဖို့လို၏။
သို့မှသာ မှန်ကန်စွာ ပြောခြင်းသည် သစ္စပါရမီမြောက်သော ပြောဆိုခြင်း
ဖြစ်ပေလိမ့်မည်။ အမှန်အားဖြင့် သူတစ်ပါးထံမှ အကျိုးကို မမျှော်ကိုးသော
စိတ်ထားဖြင့် မှန်မှန်ကန်ကန် ပြောဆိုခြင်းသည်သာ မြင့်မြတ်သော သဘောကို
ဆောင်၏။ အသိပညာနှင့် ယှဉ်ရာ၌ လည်း ရောက်၏။ နိဗ္ဗာန်၏အထောက်အပံ့လည်း ဖြစ်၏။
လောက၌ မည်သည့်လုပ်ငန်းးကို လုပ်သည်ဖြစ်စေ၊ ဉာဏ်နှင့် ယှဉ်ပြီးလုပ်ပါမှ
မြင့်မြတ်ရာရောက်၏။ မြင့်မြတ်ရာရောက်ပါ မှ လည်း ပါရမီမြောက်၏။
ပါရမီမြောက်ပါမှလည်း နိဗ္ဗာန်ကို ရောက်နိုင်၏။ သို့မဟုတ်ပါက နိဗ္ဗာန်ကို
ရောက်ဖို့အကြောင်း မရှိပါချေ။
လောကတွင် လူဟူသည် တစ်ဦးနှင့်တစ်ဦး မလွဲမသွေ ဆက်ဆံရ၏။ ထိုသို့
ဆက်ဆံရာတွင် စကားသည် ပဓာနကျသော ကဏ္ဍမှ ပါဝင်၏။ စကားကို အားကိုး၍ ယုံထိုက်
မယုံထိုက်ဆုံးဖြတ်ကာ ဆက်ဆံရခြင်း ဖြစ်လေရာ မမှန်ကန်သော စကားကို အားကိုးပြီး
ဆက်ဆံမိပါက လောကသည် ကမောက်ကမ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့်
တစ်ဦးနှင့်တစ်ဦးဆက်ဆံရာတွင် လောက၌ ငြိမ်းချမ်းသာယာမှု ဖြစ်ထွန်းရေးအတွက်
မုသာဝါဒ သိက္ခာပုဒ်မှ ရှောင်ကြဉ်ကာ မှန်မှန်ကန်ကန် ပြောဆိုပြီး ဆက်ဆံဖို့
လို၏။ ထိုကဲ့သို့ ပြောဆိုပြီး ဆက်ဆံခြင်းအားဖြင့် လောက၌ ငြိမ်းချမ်းသာယာမှု
ကို ဖြစ်ထွန်းစေနိုင်၏။ ပြောသူအနေဖြင့် မြင့်မြတ်မှုသဘော ပါဝင်ပါက
သစ္စပါရမီကို ဖြည့်ကျင့်ရာလည်း ရောက်၏။ သစ္စပါရမီသဘော မရောက်သည့်တိုင်အောင်
မုသာဝါဒ သိက္ခာပုဒ်ကို လိုက်နာကျင့်သုံးရာ ရောက်သည်ကတော့ အမှန်ဖြစ်၏။
နှုတ်တစ်ရာ စာတစ်လုံးဟူသော ဆိုရိုးစကား ရှိ၏။ အမှန်အားဖြင့် စာ
ဟူသည်မှာလည်း စကား၏ အုပ်စုဝင် ပင်ဖြစ်၏။ သို့ဖြစ်လေရာ ဝစီကံသည် သစ္စာနှင့်
ယှဉ်ပါက လောကကို စောင့်ရှောက်တတ်၏။ သစ္စာနှင့် မယှဉ်ပါက လောကကို
ဖျက်ဆီးတတ်၏။ ထို့ကြောင့် လောက၏ ကောင်းကျိုးဆိုးပြစ်သည် ဝစီကံအပေါ်၌ တည်၏။
ဝစီကံဟူသည် စကားပင်ဖြစ်၏။ ဒဿနကျမ်းများ၌မူ စကားသံနှင့် ပတ်သက်၍
အဆင့်လေးဆင့် ထားကြ၏။ ယင်းအဆင့် လေးဆင့်မှာ -
(၁)ပရာ၊ (၂)ပဿန္တီ၊ (၃)မဇ္ဈိမာ၊ (၄) ဝဲခါရီ တို့ဖြစ်ကြ၏။
ပရာအဆင့်မှာ “စကားလုံးအလျဉ်” အဆင့်ဖြစ်၏။ ပဿန္တီအဆင့်မှာ စကားလုံးအလျဉ်
အဆင့်ထဲမှ “ပုံစံမဲ့စကားသံ” အဆင့်ဖြစ်၏။ မဇ္ဈိမာအဆင့်မှာ “ပုံစံရှိစကားသံ”
အဆင့်ဖြစ်၏။ ဝဲခါရီအဆင့်မှာ ဌာန် ကရိုဏ်း ပယတ်သို့ ရောက်သော အသံ
အဆင့်ဖြစ်၏။ အမှန်အားဖြင့် ပရာအဆင့်၊ ပဿန္တီအဆင့်၊ မဇ္ဈိမာအဆင့်တို့သည် ဌာန်
ကရိုဏ်း ပယတ်သို့ရောက်သော အသံအဆင့်များ မဟုတ်ကြ။ ထို့ကြောင့်
ထိုအဆင့်သုံးဆင့်တို့သည် ဒိဗ္ဗသောတ အဘိဉာဏ်မှတစ်ပါး ပကတိနားဖြင့်
ကြားနိုင်သော အဆင့်များမဟုတ်ကြချေ။ ဝဲခါရီအဆင့်သည်သာလျှင် ပကတိနားဖြင့်
ကြားနိုင်သော အသံအဆင့် ဖြစ်၏။ ထို့ကြောင့် လူတို့ကြားနေရသော စကားသံများသည်
ဝဲခါရီအဆင့် စကားသံများ ဖြစ်ကြ၏။ ဤသို့ ဒဿနပညာရှင်များက ဆိုကြ၏။
မုသာဝါဒါ ဝေရမဏိအရ မုသားကို မဆိုခြင်းသည် ဖြောင့်မတ်ခြင်း ဖြစ်၏။
ထိုဖြောင့်မတ်ခြင်းသည် နှစ်မျိုးရှိ၏။ သာမန်ဖြောင့်မတ်ခြင်းနှင့်
အလွန်ဖြောင့်မတ်ခြင်းတို့ ဖြစ်ကြ၏။ သာမန်ဖြောင့်မတ်ခြင်းကို
ပါဠိဝေါဟာရအားဖြင့် ဥဇုဟု ခေါ်၏။ အလွန်ဖြောင့်မတ်ခြင်းကို သုဟုဇု ဟုခေါ်၏။
သာမန်ဖြောင့်မတ်ခြင်းအရ ကိုယ် နှင့် နှုတ် ရှေ့နောက်ညီညွတ်ခြင်း ဖြစ်ပါက
မုသာဝါဒါ ဝေရမဏိ သိက္ခာပုဒ်ကို အသွင်သဏ္ဍာန်အားဖြင့် စောင့်ထိန်းရာရောက်၏။
အမှန်အားဖြင့် မုသာဝါဒါ ဝေရမဏိ သိက္ခာပုဒ်အရ အပြောနှင့် အလုပ်
ရှေ့နောက်ညီညွတ်လျှင်ပင် သိက္ခာပုဒ်၏ ဆိုလိုရင်းအနက်သည် ပြီးပြည့်စုံ၏။
သို့ရာတွင် အနှစ်သာရအားဖြင့်မူ သိက္ခာပုဒ်ကို စောင့်ထိန်းရာမရောက်သေးချေ။
အနှစ်သာရအားဖြင့် မုသာဝါဒါ ဝေရမဏိသိက္ခာပုဒ်ကို စောင့်ထိန်းမည် ဆိုပါလျှင်
စိတ်၏စွမ်းအား ပါဝင်ဖို့လို၏။ အမှန်အားဖြင့် လောက၏ ကောင်းကျိုးဆိုးပြစ်ကို
ဖန်တီးသည်မှာ စိတ်သာ ဖြစ်၏။ ထို့ကြောင့် မုသာဝါဒါ ဝေရမဏိ သိက္ခာပုဒ်ကို
တကယ်တမ်း အနှစ်သာရအားဖြင့် စောင့်ထိန်းမည်ဆိုပါက စိတ်စွမ်းအား
ပါဝင်ဖို့လိုခြင်း ဖြစ်သည်ဟု ဆိုခြင်း ဖြစ်၏။
ဤလောက၌ စိတ်က တကယ်တမ်းမပါဘဲ နှုတ်က ပြောပြီး ပြောသည့်အတိုင်း
လုပ်ကိုင်ခြင်းများသည် ရှိတတ်ပါ၏။ စိတ်ထဲကမူ ဆန့်ကျင်ဘက်
ဖြစ်ချင်ဖြစ်နေတတ်၏။ သို့မဟုတ် လုံးလုံးစိတ်မပါဘဲလည်း ဖြစ်ချင်ဖြစ်နေတတ်၏။
ဤသို့ဖြစ်နေပါက မုသာဝါဒါ ဝေရမဏိအရ သိက္ခာပုဒ်ကို လုံသည်ဆိုရုံမျှ
စောင့်ထိန်းရာ ရောက်၏။ ထိုသို့ စောင့်ထိန်းရုံ မျှ နှင့် လောက၌
ငြိမ်းချမ်းသာယာမှု ဖြစ်ထွန်းပေါ်ပေါက်ဖို့ ခက်ပါ၏။ အမှန်အားဖြင့် လောက၌
ငြိမ်းချမ်းသာယာမှု ဟူ၍ မရှိဘဲ မိမိတို့၏ ဘဝလုံခြုံမှုဟူသည် တကယ်တမ်း
ဖြစ်ကောင်းသော အရာမဟုတ်ချေ။ ထို့ကြောင့် လုပ်ငန်းများကို လုပ်ရာတွင်
မည်သည့်လုပ်ငန်းကို လုပ်သည်ဖြစ်စေ၊ လောက၌ ငြိမ်းချမ်းသာယာ မှု ဖြစ်ရေးကို
ရှေးရှုပြီး လုပ်ငန်းများကို လုပ်ဖို့ လူတိုင်း၌ တာဝန်ရှိပါ၏။ လောက၌
ငြိမ်းချမ်းသာယာမှု ဖြစ်မှ မိမိတို့၏ဘ၀ လုံခြုံမှုသည်လည်း ဖြစ်ပေါ်ပေလိမ့်မည်။
သို့ဖြစ်လေရာ မုသာဝါဒါ ဝေရမဏိအရ သိက္ခာပုဒ်ကို စောင့်ထိန်းရာတွင်
အသွင်သဏ္ဌာန်အားဖြင့် စောင့်ထိန်းရုံမျှနှင့် မကျေနပ်သေးဘဲ
အနှစ်သာရအားဖြင့်ပါ စောင့်ထိန်းနိုင်အောင် ကြိုးပမ်းအပ်၏။ အနှစ်သာရအားဖြင့်
စောင့်ထိန်းနိုင်အောင် ကြိုးပမ်းရာ၌ ကိုယ် ၊ နှုတ်၊ စိတ်တို့
တစ်ဖြောင့်တည်းကျဖို့ လို၏။ ကိုယ် နှင့် နှုတ်တို့ တစ်ဖြောင့်တည်း
ကျရုံနှင့် မလုံလောက်။ စိတ်ပါတစ်ဖြောင့်တည်းကျဖို့ လိုခြင်းဖြစ်၏။
စိတ်ထဲကလည်း အမှန်အတိုင်း ပြောချင်မည်။ နှုတ်ကလည်း စိတ်ထဲက ရှိသည့်အတိုင်း
ပြောမည်။ ကိုယ် ကလည်း ပြောသည့်အတိုင်း လုပ်မည်ဆိုပါမှ အလွန်ဖြောင့်မတ်ခြင်း
သုဟုဇု ဂုဏ်နှင့် ပြည့်စုံမည်ဖြစ်၏။ သုဟုဇုဂုဏ်နှင့် ပြည့်စုံအောင်
ကြံစည်ခြင်း၊ ပြောဆိုခြင်း၊ လုပ်ကိုင်ခြင်းဖြစ်လျှင် မုသာဝါဒါ ဝေရမဏိအရ
သိက္ခာပုဒ်ကို အနှစ်သာရအားဖြင့် စောင့်ထိန်းရာရောက်၏။ သိက္ခာပုဒ်ကို
အနှစ်သာရအားဖြင့် စောင့်ထိန်းရာ ရောက်ပါမှလည်း လောက၌ ငြိမ်းချမ်းသာယာမှု
ဖြစ်ထွန်းခြင်းသည် လောက၌ အဓမ္မအပေါ် ဓမ္မက အောင်နိုင်အောင် ဆောင်ရွက်ခြင်း
မည်၏။ အမှန်အားဖြင့် လောက၌ အဓမ္မအပေါ် ဓမ္မက အောင်နိုင်အောင် ဆောင်ရွက်ဖို့ရန်
လူတိုင်း၌ တာဝန်ရှိ၏။ တာဝန်ရှိသည်ဟု သိရုံနှင့်လည်း မပြီးသေး။ တာဝန်ကို
ကျေပွန်အောင် ဆောင်ရွက်ဖို့လည်း လိုသေး၏။ တာဝန်ကိုကျေအောင် ဆောင်ရွက်ပါမှ
ရတောင့်ရခဲ ရလာသော လူ့ဘဝကို ရကျိုးနပ် ပေလိမ့်မည်။
စကားလုံးများနှင့် ပတ်သက်၍ ဗုဒ္ဓစာပေ ကျမ်းဂန်များ၌ နိရုတ္တိ၊ ဓမ၊္မ
အတ္ထ၊ ပဋိဘာန ဟူသော ဝေါဟာရများ ရှိကြ၏။ ထိုတွင် နိရုတ္တိ ဟူသည်မှာ အသံသာ
ဖြစ်၏။ ဓမ္မဟူသည်မှာ ဝေါဟာရအဖြစ်သို့ရောက်သော အသံဖြစ်၏။ ယင်းကို သဒ္ဒါ ဟူ၍
လည်းကောင်း၊ အမည်ဟူ၍ လည်းကောင်း ဆိုရ၏။ အတ္ထ ဟူသည်မှာ သဒ္ဒါ သို့မဟုတ် အမည်က
ထွန်းပြသော အရာဝတ္ထု ဖြစ်၏။ ပဋိဘာန ဟူသည်မှာ နိရုတ္တိအပေါ်၌ အခြေခံသော
သဒ္ဒါနှင့် အရာဝတ္ထုတို့၏ အဆက်အစပ် ဖြစ်၏။ ယင်းကို ဉာဏ်၌ ထင်လာခြင်း ဟူ၍
လည်းကောင်း၊ အနက် ဟူ၍ လည်းကောင်း ဆိုရ၏။ ဤသို့လျှင် နိရုတ္တိ၊ ဓမ၊္မ အတ္ထ
နှင့် ပဋိဘာန တို့၏ အနက်ကို ဖော်ပြနိုင် ၏။ ဤသို့ဖော်ပြခြင်းမှာ
စကားနှင့်စပ်သော ဖော်ပြခြင်း ဖြစ်၏။
ဖော်ပြပါ နိရုတ္တိ၊ ဓမ၊္မ အတ္ထ နှင့် ပဋိဘာန တို့၏ အနက်ကို
သိသာနိုင်ရန် ငွေစက္ကူ ဥပမာဖြင့် ပြောဆိုနိုင်မည်ဖြစ်၏။ ငွေစက္ကူတွင်
စက္ကူသားလည်း ပါ၏။ စက္ကူသား၏ တစ်ဖက်စီ တွင် ခေါင်းနှင့်ပန်းလည်း ပါ၏။
ထို့နောက် တန်ဖိုးလည်း ပါ၏။ ထိုတွင် ငွေစက္ကူသားသည် နိရုတ္တိနှင့် တူ၏။
ခေါင်းသည် ဓမ္မ နှင့်တူ၏။ ပန်းသည် အတ္ထနှင့် တူ၏။ တန်ဖိုးသည် ပဋိဘာန နှင့်
တူ၏။ ငွေစက္ကူတွင် ခေါင်းနှင့်ပန်း မပါဝင်လျှင် ဖြစ်စေ၊ ခေါင်းချည်း
ပါဝင်လျှင် ဖြစ်စေ၊ သို့မဟုတ် ပန်းချည်းပါဝင်လျှင် ဖြစ်စေ၊ တန်ဖိုးကို
ရိုက်နှိပ်မထားလျှင် ဖြစ်စေ ထိုငွေစက္ကူသည် အသုံးပြု၍ မရသကဲ့သို့
နိရုတ္တိတွင်လည်း ဓမ္မ မပါလျှင်ဖြစ်စေ၊ အတ္ထမပါလျှင်ဖြစ်စေ၊ ပဋိဘာန
မပါလျှင်ဖြစ်စေ ထိုနိရုတ္တိသည် အသုံးပြု၍ရသော နိရုတ္တိမဟုတ်။
နိရုတ္တသည် ဓမ္မသည် သဒ္ဒါ သို့မဟုတ် အမည်ဖြစ်၏။ အတ္ထဟူသည် သဒ္ဒါ
သို့မဟုတ် အမည်က ထွန်းပြသော အရာဝတ္ထုဖြစ်၏။ပဋိဘာန ဟူသည်ကား သဒ္ဒါနှင့်
အရာဝတ္ထုတို့၏ အဆက်အစပ် ဖြစ်၏။ ယင်းကိုပင် အနက်ဟူ၍ ခေါ်ရ၏။ ထို့ကြောင့်
ပဋိဘာနတွင် ဓမ္မသဘော လည်း ပါဝင်၏။ အတ္ထသဘောလည်း ပါဝင်၏။ နိရုတ္တိသဘောလည်း
ပါဝင်၏။ အမှန်အားဖြင့် ဆိုရလျှင် ငွေစက္ကူ၏တန်ဖိုးကို သိသည်နှင့်
တစ်ပြိုင်နက် စက္ကူသားသဘောကိုလည်း သိပြီးဖြစ်၏။ ခေါင်း၏သဘောကိုလည်း
သိပြီးဖြစ်၏။ ပန်း၏သဘောကိုလည်း သိပြီးဖြစ်၏။ ထို ငွေစက္ကူကား
ကျပ်တန်ဖြစ်သည်၊ ငါးကျပ်တန် ဖြစ်သည်၊ တစ်ဆယ်တန်ဖြစ်သည်ကို လည်းကောင်း၊
ခေါင်းက မည်သို့ဖြစ်သည်၊ ပန်းက မည်သို့ဖြစ်သည်ကို လည်းကောင်း ငွေစက္ကူ၏
တန်ဖိုးကို မြင်သည်နှင့် သိနိုင်၏။ ထိုနည်းအတူ ပဋိဘာနကို မြင်သည်နှင့်
မြင်သည်နှင့် နိရုတ္တိနှင့် သဘောကိုလည်း သိ၏။ ဓမ္မ၏သဘောကိုလည်း သိ၏။ အတ္ထသဘော
ကိုလည်း သိ၏။ ထိုသို့သိခြင်းသည် တစ်ပြိုင်နက်သိခြင်း ဖြစ်၏။ ထို့ကြောင့်
ပဋိဘာနကို အသိ၏အသိ ဟူ၍ လည်းကောင်း၊ ဉာဏ်၏ဉာဏ် ဟူ၍လည်းကောင်း
ဆိုရခြင်းဖြစ်၏။ အသိ၏အသိ၊ သို့မဟုတ် ဉာဏ်၏ဉာဏ် ဟူသည်မှာ နိရုတ္တိအသိ၊
ဓမ္မအသိ၊ အတ္ထအသိ တည်းဟူသော အသိသုံးမျိုးတို့ကို တစ်ပြိုင်နက် ဖြစ်ရာ
အသိပင်ဖြစ်၏။
အမှန်အားဖြင့် သဒ္ဒါကိုသာသိပြီး ယင်းသဒ္ဒါက ရည်ညွှန်းသော
အရာဝတ္ထုကို မသိလျှင် “ ဒီသဒ္ဒါက ဘာကို ဟောပါလိမ့်” ဟူ၍ စူးစမ်းရ၏။
အရာဝတ္ထုကိုသာ သိပြီး သဒ္ဒါကို မသိပါကလည်း “ ဒီအရာဝတ္ထုကို ဘာခေါ်ပါလိမ့်” ဟူ၍
စူးစမ်းရ၏။ ထို့ကြောင့် နိဗ္ဗာန်သိမှတစ်ပါး ကျန်သော အသိ ဟူသမျှသည် သဒ္ဒါနှင့်
အနက်တို့ဖြင့် ၀န်းရံရ၏။ သဒ္ဒါနှင့် အနက်တို့ ၀န်းရံရသဖြင့်လည်း ကျန်သော
အသိအားလုံးကို သဒ္ဒါနှင့် အနက်တို့ဖြင့် ပြောဆိုနိုင် ခြင်းဖြစ်၏။ ပြော၍ဆို၍
ရခြင်းသည်လည်း ဖြစ်၏။ နိဗ္ဗာန်မှာမူကား သဒ္ဒါနှင့်အနက်တို့ ၀န်းရံခြင်း
မရှိသဖြင့် နိဗ္ဗာန်ကို သဒ္ဒါနှင့် အနက်တို့ဖြင့်လည်း ပြောနိုင်ဆိုနိုင်ခြင်း
မရှိ။ ပြော၍ဆို ၍လည်းမရ။
အသိ၏ကိုယ်သည် စကားလုံးဖြစ်၏။ စကားလုံးဟူရာ၌ အသံထွက်ခြင်းနှင့်
အသံမ ထွက်ခြင်းသည် ပဓာနမဟုတ်။ သဒ္ဒါနှင့် အနက်ပါခြင်းသာ ပဓာနဖြစ်၏။
အမှန်အားဖြင့် အနက်ဆိုသည်မှာ သဒ္ဒါနှင့်သဒ္ဒါက ရည်ညွှန်းသော အရာဝတ္ထုတို့၏
အဆက်အစပ်ဖြစ်၏။ ယင်း ကို ပဋိဘာန ဟုခေါ်၏။ ငွေစက္ကူတွင် ခေါင်း၊ ပန်းနှင့်
ယင်းတို့၏ တန်ဖိုးပါဖို့သာ ပဓာနဖြစ်သကဲ့ သို့ပင် ဖြစ်၏။ အသံထွက်ခြင်းနှင့်
မထွက်ခြင်းမှာ ပဓာနမဟုတ်ဟူ၍ ဆိုရာ၌ စကားလုံးဟူသမျှသည် အသံမထွက်သောအဆင့်မှ
အသံထွက်သော အဆင့်သို့ ရောက်မြဲ ဖြစ် ၏။ လောကတွင် မည်သည့်အရာဝတ္ထုကို
သိသည်ဖြစ်စေ ရှေးဦးစွာ စိတ်ထဲက အရာဝတ္ထု၏ အမည်ကို ရွတ်ဆိုရ၏။ အသံကတော့
ထွက်ချင်မှ ထွက်၏။ ခွေးကို သိရာ၌ စိတ်ထဲက “ ခွေး” ဟူ၍ ရွတ်ဆိုရ၏။ စိတ်ထဲက
ရွတ်ဆိုရုံမျှနှင့် သိခြင်းကိစ္စသည် ပြီး၏။ သိခြင်းကိစ္စပြီးမှ သိသည့်အတိုင်း
အသံထွက်၍ ရွတ်ဆိုချင်လည်း ရွတ်ဆိုပေလိမ့်မည်။ မရွတ်ဆိုဘဲ တိတ်တိတ်
နေချင်လည်း နေပေလိမ့်မည်။ အမှန်အားဖြင့် နိဗ္ဗာန်ကိုသိသော အသိမှတစ်ပါး
ကျန်အသိဟူ သမျှသည် သဒ္ဒါ သို့မဟုတ် အမည်၊ အနက်တို့နှင့် ကင်း၍ ဖြစ်ကောင်းသော
သဘောမရှိ။ ထို့ကြောင့် အသိ၏ ကိုယ်ထည်သည် စကားလုံးဖြစ်သည်ဟု ဆိုခြင်းဖြစ်၏။
အသိ ၏ ကိုယ်ထည် အရ စကားလုံးများကို ပြောသည့်အခါ စကားလုံးများသည်
မှန်ဖို့အရေးကြီး၏။ စကားလုံးများ မှန်နိုင်စေရန် အသိကလည်း မှန်ဖို့
အရေးကြီး၏။ စကားလုံးများသောအခါ သစ္စာပြု၍ ရ၏။
လူဟူသည် စကားမပြောဘဲ မနေနိုင်သော သတ္တဝါဖြစ်၏။ စကားပြောသောအခါ
ကိုယ် ဖြင့်လည်း ပြော၏။ ကိုယ် ဖြင့် ပြောပါက ကာယကံ ဟူ၍ ဆိုရ၏။
နှုတ်ဖြင့်လည်း ပြော၏။ နှုတ်ဖြင့်ပြောပါက ၀စီကံဟူ၍ ဆိုရ၏။ စိတ်ဖြင့်လည်း
ပြော၏။ စိတ်ဖြင့် ပြောပါက မနောကံ ဟူ၍ ဆိုရ၏။ အမှန်အားဖြင့် လောကတွင်
နှုတ်ဖြင့် ပြောသည်ကိုသာ စကားပြောသည် ဟူ၍ ဆိုကြ၏။ နှုတ်ဖြင့် ပြောမှသာ
ကြားရခြင်းကြောင့် ကြားရသည်ကို အကြောင်းပြု၍ နှုတ်ကပြော သော
စကားလုံးများကိုသာ စကားဟူ၍ ဆိုခြင်းဖြစ်၏။ သို့ရာတွင် ကံသုံးပါးလုံးဖြင့်
စကားပြော သည်ကတော့ အမှန်။ ဖြောင့်မှန်ခြင်း ဆိုသည်မှာ ကံသုံးပါးလုံးနှင့်
ဆိုင်သော ဝေါဟာရ ဖြစ်၏။ ထို့ကြောင့် ကံသုံးပါးတို့ဖြင့် စကားပြောသည် ဟူ၍
ဆိုရခြင်း ဖြစ်၏။ စကားပြောရာတွင် ကြားရ သည်၊ မကြားရသည်မှာ ပဓာနမဟုတ်။
အမှန်အားဖြင့်လည်း လောကတွင် ကြားရသော စကား များထက် မကြားရသော စကားများက
ပို၍ စိတ်ဝင်စားဖွယ် ကောင်း၏။ “စားပါ” ဟူ၍ နှုတ်က ပြောသော်လည်း ကိုယ် ကမူ
မပေး။ စိတ်ကလည်း မပေးချင်။ ထိုအခါ ကိုယ်ဖြင့် ပြောသော စကားများနှင့်
နှုတ်ဖြင့်ပြောသော စကားများကိုမူ ကြားရ၏။ စိတ်ဖြင့် ပြောသော စကားကိုမူ
မကြားရ။ အကယ်၍သာ စိတ်ဖြင့် ပြောသော စကားကို ကြားရပါမူ အမှန်အတိုင်း ပို၍
သိမည် ဖြစ်၏။ လောကတွင် အမှန်အတိုင်းသိဖို့က ပို၍ အရေးကြီး၏။ သဘာဝ တောတောင်
ရေမြေ တို့သည် စကားပြောကြသည်ပင် ဖြစ်၏။ သို့ ရာတွင် သူတို့ ပြောသော
စကားများကား ပကတိ နားဖြင့် ကြားရသောစကားများ မဟုတ်ကြ။ ဉာဏ်နားဖြင့်
နားထောင်တတ်သူမှ ကြားရသော စကားများ ဖြစ်ကြ၏။ ထို့ကြောင့် လောကတွင်
ပကတိနားဖြင့် ကြားရသော စကားများထက် ပကတိနားဖြင့် မကြားရသော စကားများက ပို၍
စိတ်ဝင်စားဖွယ်ကောင်းသည် ဟု ဆိုခြင်းဖြစ်ပါသည်။
လူမှုဆက်ဆံရေးနယ်ပယ် ၌ “မုသားမပါ လင်္ကာမချော” ဟူသော ဆိုရိုးစကား
ရှိ၏။ ထို စကားသည် လူမှုဆက်ဆံရေးနယ် ပယ်၌သာ မှန်၏။ သစ္စာနယ်ပယ်၌မူ မမှန်။
သစ္စာနယ်ပယ်၌ မှန်စေရန်အတွက် ကာယကံနှင့် ၀ဇီကံလည်း ရှေ့နောက်ညီညွတ်ဖို့
လို၏။ အထူးအားဖြင့် မနောကံပါ ရှေ့နောက်ညီညွတ်ဖို့ လို၏။ သို့မှသာ
ဖြောင့်မတ်ခြင်း ဖြစ်မည်။ အလွန်ဖြောင့်မတ် ခြင်းဖြစ်မည်။
ဖြောင့်မတ်ခြင်းနှင့် အလွန်ဖြောင့်မတ်ခြင်း ဖြစ်ပါမှ သစ္စာဆို၍ ရ၏။ သစ္စာဆိုရ
ခြင်းသည် သစ္စာနယ်ပယ်၍ မှန်ကန်ခြင်း ဖြစ်၏။ သစ္စာနယ်ပယ်၌
မှန်ကန်ခြင်းဖြစ်ပါမှ မုသာဝါဒါ ဝေရမဏိ အရ မုသားကို အသွင်သဏ္ဌာန်အားဖြင့်သာမက
အနှစ်သာရအားဖြင့်သာ ရှောင် ကြဉ်ရာ ရောက်၏။ ထိုသို့ရှောင်ကြဉ်နိုင်မှလည်း
လောက၌ ငြိမ်းချမ်းသာယာမှုကို ဖြစ်စေနိုင် မည် ဖြစ်၏။ အမှန်အားဖြင့်
ချမ်းသာခြင်း ဟူသည်မှာ ငြိမ်းချမ်းသာယာ မှု အပေါ်၌ တည်၏။ ငြိမ်းချမ်းသာယာမှု
မရှိသမျှ ကာလပတ်လုံး မိမိတို့၏ ဘဝလည်း မလုံခြုံ၊ ချမ်းသာခြင်းလည်း မရှိ။
ထို့ကြောင့် လောက၌ ငြိမ်းချမ်းသာယာမှု ရှိရလေအောင် ဆောင်ရွက်ဖို့
လိုအပ်ခြင်းဖြစ် ၏။
မုသာဝါဒါ ဝေရမဏိအရ လောက၌ ပကတိနားဖြင့် မကြားရသော စကားများထက်
ပကတိနားဖြင့် ကြားရသော စကားများက ပို၍ အရေးကြီး၏။ ပကတိနားဖြင့် မကြားရသော
စကားများကို ဉာဏ်နားဖြင့် ကြားနိုင်သူတို့ကား လူနည်းစုများသာ ဖြစ်ကြ၏။
လူမှုဆက်ဆံရေး နယ်ပယ် တွင် လူအများစုသည် ပဓာန ဖြစ်၏။ မုသာဝါဒါ ဝေရမဏိ
သိက္ခာပုဒ်မှာလည်း လူတိုင်း လူတိုင်းကို ရည်ရွယ် ၍ ဟောကြားထားသော သိက္ခာပုဒ်
ဖြစ်၏။ ထို့ကြောင့် မုသာဝါဒါ ဝေရမဏိ သိက္ခာပုဒ်ကို စောင့်ထိန်းရာတွင်
အသွင်သဏ္ဌာန်အားဖြင့် စောင့်ထိန်းသည့် သဘောနှင့် ကာယ ကံနှင့် ဝစီကံတို့
ရှေ့နောက် ညီညွတ်အောင် စောင့်ထိန်းရမည် ဖြစ်၏။ ထို့ထက် ကျော် လွန်၍
အနှစ်သာရအားဖြင့်ပါ စောင့်ထိန်းသည့် သဘောနှင့် ကာယကံ၊ ဝစီကံ၊ မနောကံတည်း
ဟူသော ကံသုံးပါးတို့ ရှေ့နောက်ညီညွတ်အောင် စောင့်ထိန်းရာ၏။
(ဦးရွှေအောင်၊ ဘ၀အမြင်သစ်)
0 ကွန်မန့်ရေးရန်:
Post a Comment