Wednesday, November 28, 2012

အိုပါဂန်းနန်းကထိန်


by Wei Lin Ting on Monday, November 26, 2012 at 3:01pm ·
ကထိန်စဉ်လာမမေ့သာ

  ကထိန်ဆိုတာအမှန်က သင်္ကြန်၊ သီတင်းကျွတ်တို့လိုပျော်ရွှင်စရာပွဲတော်မဟုတ်ပါ အလှူအတန်းအခမ်းအနားတစ်ခုပါ။
ကျွန်တော်တော့အဲလိုပဲမြင်တယ်။ ကထိန်ရဲ့အခြေခံက ၀ါတွင်းကာလတစ်လျောက် မိုးထဲရေထဲ ဆွမ်းခံကြွ
ဘာသာရေးကိစ္စအတွက် သွားလာလှုပ်ရှားခဲ့တော့ သံဃာတော်တွေရဲ့ သင်္ကန်းတွေက ရေထိလို့ ညစ်လာဆွေးလာ
သပေါ့။ ခုလို ပွင့်လင်းလာတဲ့ရာသီမှာ ဒါယကာ ဒါယိကာမတွေက သံဃာတော်များရဲ့
သင်္ကန်းအဟောင်းအစားဝတ်ဆင်ဖို့သင်္ကန်းအသစ်ဆက်ကပ်လိုတဲ့အခါ ကထိန်သင်္ကန်းဆိုကပ်လှူပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ်ကလဲ ကထိနသင်္ကန်းဆို ခွင့်ပြုတော်မူခဲ့ပါတယ်။ ကာလဒါန ကာလနဲ့လျော်ညီတဲ့
အလှူဖြစ်တဲ့အတွက်မွန်မြတ်ပါကြောင်း ဆရာများစကားကြားနာဘူးပါတယ်။
    ကထိန်သင်္ကန်းကိုမူတည်ပြီး ကထိန်သင်္ကန်းကပ်လှူပွဲပေါ်လာပါတယ်။ ကထိန်သင်္ကန်းကပ်လှူပွဲမှာ
သင်္ကန်းတင်မကပဒေသာပင်ဆိုပြီး ဆရာတော်သံဃာတော်များ လိုအပ်မည်ထင်သမျှ အရာတွေကို
ပဒေသာပင်လိုပြင်ဆင်ပြီး လှူခဲ့ကြပါတယ်။
ကျွန်တော်တို့ဗုဒ္ဓဘာသာအမြင်အရ သံဃာတော်တွေလိုသမျှ သင်္ကန်း၊ ထီး၊ ဖိနပ်အစ အပ်အဆုံး
စဉ်းစားထည့်သွင်းလှူဒါန်းရခြင်းအကျိုးကြောင့် ယခုဘ၀နောင်ဘ၀မှာလဲ လိုလေသေးမရှိပြည့်စုံမယ်လို့
ယုံကြည်တာကိုး။ မြန်မာများဆိုတာကကောက်စိုက်တောင် ဗုံနဲ့စိုက်တဲ့အမျိုး၊ ဂီတနဲ့အကဆိုတာက
နေရာတကာမှာပါတဲ့အမျိုးကိုး ရှေ့မှာပဒေသာပင်ကြီးတွေလူတွေကထမ်း
နောက်ကလူတွေက ဗုံတွေဆိုင်းတွေတီး ကလို့ခုန်လို့ ပျော်ပျော်ပါးပါးကြီး
မိမိကိုးကွယ်ရာဆရာတော်ကျောင်းကို ပို့ဆောင်လှူဒါန်းကြသပေါ့။
ဆရာတော်ကျောင်းမှာလဲ ကျွေးမယ့်မွေးမယ့်အလှူရှင်တွေက ရွာထဲကပဒေသာပင်လာလှူ ကထိန်ခင်းမယ့် ပုဂ္ဂိုလ်တွေ ကလို့ခုန်လို့
ထမ်းလို့ပိုးလို့ မောမောပန်းပန်း ဆာဆာလောင်လောင်ရောက်လာရင်ကျွေးဖို့ ချက်ပြုတ်ပြင်ဆင်လို့ပေါ့။ ရောက်လာတဲ့လူတွေကလဲ
ဆာဆာနဲ့ တွယ်သပေါ့ဗျာ။ ပြီးတော့မှာ ကထိန်အလှူအတွက် ရေစက်ချတရားနာ အမျှအတန်းဝေ ပြီးတော့ ကျောင်းမှာလိုတဲ့ဝေယျာဝစ္စ
လုပ်ပြီးတော့ ညနေစောင်းတော့ ပျော်ပျော်ကြီးပြန်ကြသပေါ့လေ။ ပြောလိုတာက အရင်တုန်းကမြန်မာကြီးတွေလုပ်ခဲ့တဲ့ ကထိန်ပွဲဆိုတာ
ပျော်ပွဲမဟုတ်ပါဘူး သို့သော် မိမိအလှူအတွက်ပျော်တယ်၊ စုပေါင်းဆောင်ရွက်ရခြင်းအတွက်ပျော်တယ်။ အပျော်အတွက်မရည်ရွယ်သော်လည်း
ပျော်စရာအလွန်ကောင်းသော အလှူအတန်းအခမ်းအနားကြီးတစ်ခုဖြစ်ကြောင်းပါ.......


နှစ်ရွာ့တစ်ရွာကိုးကွယ်ရာ

      ကျွန်တော်တို့ရပ်ကွက်က အရင်တုန်းကရွာပေါ့ဗျာ။ ဟိုဘက်ကပ်လျက်မှာလဲ နောက်တစ်ရွာ အဲတစ်ရပ်ကွက်ပေါ့လေ။ ဖြစ်ပုံက ဘုန်းတော်ကြီးကျောင်း
ကျ ၂ ရွာပေါင်းမှ ၂ ရပ်ကွက်ပေါင်းမှ တစ်ကျောင်းရှိသဗျ။ လူကြီးတွေစကားအတိုင်းဆို နှစ်ရွာ့တစ်ရွာပေါ့လေ ကိုးကွယ်ကြတယ်။ ရပ်ကွက်သာကွဲတယ်
ဟိုဘက်သည်ဘက်ကလဲအမျိုးစပ်ရင်တော်နေတာချည်းပဲ။ ဆိုချင်တာက ကထိန်ဗျ ကထိန်ခင်းတော့ ဘယ်တုန်းကစတဲ့ အစဉ်အလာလဲတော့မသိ တစ်နှစ်ကို
တစ်ရပ်ကွက်စီ အလှည့်ကျခင်းကြတယ်။ အဲလိုဆိုတော့ ရပ်ကွက်တစ်ခုဟာ တစ်နှစ်ကျော်မှာတစ်ခါ ကထိန်လှည့်ကျတယ်။ ကထိန်နဲ့အတူ လုပ်တာတစ်ခုလဲရှိတယ်
နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲ နှစ်ကျိပ်ရှစ်ဆူဘုရားတွေကို ဘုန်းတော်ကြီးကျောင်းမှာ ပူဇော်ထားတယ်။ ကထိန်ချိန်ကျရင် လမ်းတစ်လမ်း(သို့)အုပ်စုတစ်စုကို
ဘုရားတစ်ဆူနှုန်းနဲ့ မဲနှိုက်ပြီး ဘုရားဆင်းတုပင့်ရသဗျ။ ပြီးရင် ကိုယ့်မဏ္ဍာပ်မှာ ဘုရားကိုပူဇော်ထား ကထိန်ပြီးရင် ဘုန်းကြီးကျောင်းပြန်ပို့ အဲ့လို။

ကထိန်ခင်းရန်သူတို့ကြံ

     ဒီနှစ်ကထိန်က ကျွန်တော်တို့ရပ်ကွက်လှည့်ကျသဗျာ။ ထုံးစံအတိုင်း တစ်လလောက်ကြိုပြီး ရပ်ကွက်အစည်းအဝေး လမ်းအစည်းအဝေးခေါ်သပေါ့လေ။
ဘာဖြစ်မယ်ဆိုတာ သွားမတက်လဲသိပြီးသားဗျ။ တစ်အိမ်ကို ဘယ်လောက်နှုန်း မထည့်မနေထည့်ရမယ်အဆိုတင်သွင်းမယ် နည်းတယ် များတယ်ငြင်းမယ်။
အပေါင်ဆိုင်နဲ့ နေ့ပြန်ပေးတဲ့အစ်မကြီးက ယူနီဖောင်းလုပ်ဝတ်ဖို့ ဘယ်အဆင်ထမီ အကျီ င်္ကဘယ်အဆင် ဆိုပြီးအဆိုတင်သွင်းမယ် ဘယ်ဈေးရှိမယ် မတတ်နိုင်ရင်
သူရောင်းပေးမယ် တစ်နေ့ကိုဘယ်လောက်သွင်းပေးဆိုပြီး ထပ်မံကမ်းလှမ်းမယ်။ သူလူလည်ကျတာကို မကျေနပ်တဲ့ အဒေါ်ကြီးတွေက ထပြီးငြင်းမယ်။
နောက်ထပ်ဈေးပြိုင်ရောင်းမယ့်အဒေါ်ကြီးတစ်ယောက်က ဘယ်အဆင်ဘယ်အသားဆို သူက ဘယ်လောက်ဈေးနဲ့ရောင်းပေးမယ် တစ်နေ့ချင်းမသွင်းချင်ရင်
လကုန်မှ ဘယ်လောက်ပဲပေး... အဆိုထပ်တင်မယ်။ အဲ ဆိုလိုချင်တာက လှူဖို့တန်းဖို့ဆွေးနွေးကြမယ်မထင်နဲ့ ထမီအကျီ င်္ကိစ္စက ရှေ့တန်းရောက်နေတာ...
ကထိန်ပေါ်အမြတ်ထုတ်မယ့်သူအချင်းချင်း ပြဿနာတက်နေကြတာ... အဲလိုဆွေးနွေးကြတာ ၂ နာရီခန့်ကြာမယ်ဆိုပါတော့ နောက်ပေရှည်နေမှာစိုးတာနဲ့
လူကြီးတစ်ယောက်က ၀င်ဖြတ်ပေးရမပေါ့ နင်က နင့်ဘက်ခြမ်းကိုရောင်း သူကသူ့ဘက်ခြမ်းကိုရောင်း ပထမဈေးခုနှစ်ထောင်နဲ့ နောက်ဈေးငါးထောင်ကြား
ခြောက်ထောင်ဆိုသတ်မှတ်ပေးလိုက်တယ်ဆိုပါတော့။ အဲ အဆင်ကတော့ လူကြီးကတော်ကြိုက်တဲ့အဆင်ကိုရွေးကြောင်းတော့ ခင်ဗျားလဲသိလောက်မှာပါ။
  ထမီကိစ္စပြီးတော့ ကာလသားအလွှာကိုယ်စားလှယ်တစ်ဦးက စက်ဖွင့်ဖို့ မဏ္ဍာပ်ဆောက်ဖို့ကိစ္စ estimate ကိုတင်မယ်။ သူ့ estimate ထဲမှာက
 မြန်မာပြည်ထုတ် အင်္ဂလိပ်နာမည်နဲ့ ပုလင်းလေးတွေအတွက်ပါ(စာရင်းမဖေါ်ပဲ) ထည့်တင်ထားလိမ့်မယ်။ လူကြီးကမေးရင်မဏ္ဍာပ်စောင့်ရင်း
ဘုရားစောင့်ရင်း ဧည့်ခံစားရိတ်ဆိုပြီးသူပြောမယ်။ ကျွဲရုပ်ငှားဖို့နဲ့ ဒိုးပတ်ဝိုင်းငှားဖို့ အလှူခံလှည့်ဖို့ တစ်ယောက်ကပြောလိမ့်မယ်။လူကြီးတွေက
နောက်မှစဉ်းစားတာပေါ့လို့ မြွေမသေတုတ်မကျိုးပြောထားလိမ့်မယ်ဆိုတာ မသွားလဲကျွန်တော်အကုန်သိနေသဗျာ။ ဘာလို့လဲဆို နှစ်တိုင်းဒါမျိုး ဖြစ်နေကြကိုး။

ကထိန်မဏ္ဍာပ်လူမပြတ်

   တစ်အိမ်ငါးထောင်နှုန်းနဲ့ အိမ်ခြေ လေးဆယ်လောက်အတွက် ကျွန်တော်တို့အပိုင်းက နှစ်သိန်းတော့အခြေခံရပြီဗျို့။ ဒါက မဏ္ဍာပ်ဖိုး၊ ပဒေသာပင်ဖိုး
အထွေထွေကုန်ကျစားရိတ်ဖိုး။ ဘုန်းကြီးဆီအတွက်က တစ်ပြားမှမပါသေးဘူးဗျ။ ဘုန်းကြီးအတွက်က လှူချင်တဲ့သူတွေက လှူချင်သလောက်လှူကြပေါ့ဗျာ။
ကိုရွှေကာလသားများထဲက အချို့သောသူများ အလုပ်မသွားကြတော့ အလုပ်မရှိသူများနဲ့ပူးပေါင်းကြသပေါ့ မဏ္ဍာပ်ဆောက်ကြတယ်ဗျိုး။ ၀ါးဆိုင်ကတော့
ခုချိန်မှာ အားကြီးမျက်နှာပွင့်တယ်။ ၀ါးကျစ်တစ်လုံးကို ၇၀၀ လာပြန်ရောင်းရင် ၅၀၀ နဲ့ယူတယ်။ မဏ္ဍာပ်ဆရာများပင်ပန်းတယ်ဗျ။ ၀ါးထမ်းရ လှေကားပြေးငှားရ
တာလပတ်စရှာရ ဘုရားဆင်းတုတော်အတွက် ကျောင်းဆောင် ပလ္လင် စီစဉ်ရ မဏ္ဍာပ်ကို နှစ်ရက်ဆောက်ယူရတယ်ဗျို။ လမ်းထဲက အာကျယ်ကျယ်အဒေါ်ကြီး
တွေရဲ့ ဆရာဝင်လုပ်ခြင်းကိုကြိတ်မှိတ်ခံပြီး လုပ်ရတာ မလွယ်လှဘူး။ စရိတ်ကိုင်တဲ့ လူကြီးနဲ့ လူကြီးကတော်ဆီက ပိုက်ဆံတောင်းရတာလဲ လွယ်လှဘူးဗျ။
မဏ္ဍာပ်ဆောက်ပြီးတော့လဲ ဆောင်းဘောက်ငှားရသေးတယ်ဗျ သူများတွေဖွင့်ပြီး ကိုယ့်အပိုင်းက မဖွင့်တော့လဲ ဘယ်ကောင်းမလဲနော။ အကုန်လုံးပြီးတော့
ဖတ်ဖတ်ကိုမောလို့ရယ် အဲ ညနေကျ လူကြီးနဲ့စာရင်းရှင်းတော့ မဏ္ဍာပ်နဲ့ ဆောင်းဘောက်ငှားတာ စရိတ်စုစုပေါင်းက ၁ သိန်း ခြောက်သောင်းကျော်ကုန်နေပြီ
ပဒေသာပင်က မလုပ်ရသေးဘူး။ ဘုန်းကြီးပင့် ဆွမ်းကပ် ဘုရားအနေကဇာတင်တာမလုပ်ရသေးဘူး။ ငွေကလေးသောင်းပဲကျန်တော့တယ်ဗျ။ အဲ တစ်သိန်းခြောက်
သောင်းထဲက ဘယ်လောက်ပမာဏကဖြင့် မြန်မာပြည်ထုတ် အင်္ဂလိပ်နာမည်နဲ့ပုလင်းလေးတွေဖြစ်သွားသလဲဆိုတာတော့ လူကြီးရယ် ကာလသားတွေရယ်ပဲ
သိလိမ့်မပေါ့လေ။ လူကြီးကပြောမယ် ပိုက်ဆံကဖြင့်မလောက်တော့ဘူးဆို ကာလသားတွေက ကျွဲငှားမယ် ဒိုးပတ်ငှားမယ် အလှူခံမယ် ညနေကျမှ ပိုက်ဆံရှင်းလို့ရတယ်
ဆိုတော့... အဲဒီအစီအစဉ်ဖြစ်သွားတယ်ဗျ။ နောက်နေ့မနက်ကျ လမ်းထဲ ကျွဲတစ်ကောင်မွှေတော့တာပဲ ဒိုးပတ်ဝိုင်းနဲ့ လူတွေကထွက်ကြည့်လို့... ကာလသားခေါင်းက
မျက်နှာတင်းတင်းနဲ့ သူ့လူတွေကိုညွှန်ကြားလို့ပေါ့လေ။ သူတို့ခင်ဗျာ မိုးလင်းမိုးချုပ် ကျွဲထဲဝင်သူဝင် ကျွဲကျောင်းသားလုပ်သူလုပ် ဒိုးပတ်တီး အလှူခံနဲ့
လမ်းထဲက ကလေးတွေပါခေါ်ပြီး လျှောက်ကြရသပေါ့လေ။ နေ့ခင်းပိုင်းသူတို့ပြန်လာရင်စားဖို့ အဒေါ်ကြီးတွေက ကုလားဟင်းနဲ့ ထမင်းချက်တာ ၂ သောင်းကုန်သဗျ။
ညနေကျ ပိုက်ဆံရေလိုက်တော့ တစ်သိန်းနှစ်သောင်း အလှူငွေရတယ်။ ကျွဲနဲ့ဒိုးပတ်က တစ်သိန်း ကုလားဟင်းနဲ့ထမင်းက ၂ သောင်း.... ပြောင်ပေါ့။
ညပိုင်းပဲ လူကြီးက အိမ်တွေကိုလိုက်ပြောတယ် စနေနေ့မနက် မဏ္ဍာပ်မှာဆွမ်းကပ်မယ် တစ်အိမ်ကို ဆွမ်းတစ်ခွက်နဲ့ ဟင်းတစ်ခွက် လာပို့ပေးပါ မနက် ၄ နာရီမထိုးခင်
လူရောဆွမ်းရောအရောက်လာပါ။ သူ့အာဏာနဲ့ကျ ဘုန်းကြီးဆွမ်းကပ်တာအလွယ်သားဗျ။ မနက်အစော ဘုန်းကြီးမကြွခင် ပုလင်းလေးတွေသိမ်းရတာတော့ ကသီသပေါ့။
ပိုတာတွေ သူ့အိမ်ယူသွားလို့ သူတို့အိမ် မနက်စာတောင်ချက်စရာမလိုဘူးလို့ မလိုသူတွေကပြောတာတော့ခံရတာပေါ့လေ။ ပဒေသာပင်ကိစ္စလဲအလွယ်သားဗျ
ဟိုဘက်ရပ်ကွက်မှာ သွားရှာလာတာ တစ်ခုတွေ့လို့ ငှားလာသဗျ။မဏ္ဍာပ်ထဲမှာ လူငယ်တွေရော ကလေးတွေရော တရုန်းရုန်းဗျ ဆောင်းဘောက်ကလဲ မိုးလင်းကနေစဖွင့်
ည ၁ နာရီထိပဲ ဆောင်းဘောက်သမားတောင်တားယူရတယ်။ညဘက်ကျတော့ လူနိုင်တွေဆီကနေ လူငယ်တွေကမုန့်ဖိုးတောင်းသဗျ မဏ္ဍာပ်ကိုညစောင့်အိပ်ရင်းနဲ့
ဘာလုပ်ဖို့ဆိုလား အမေတောင် သုံးထောင်ပေးလိုက်ရသေး သိတယ်မဟုတ်လား အင်္ဂလိပ်နာမည်နဲ့လေ မြန်မာပြည်မှာထုတ်တာလေ....

လှည့်လည်ကြရန်စီစဉ်ပြန်

    ၁၀ နှစ်သားလောက် ကလေးအရွယ်တူလေးငါးယောက် ဒီကောင်တွေခေါ်သွားတာမြင်တော့ ဘာလုပ်သတုန်းအကဲခတ်ကြည့်တယ်။ မဏ္ဍာပ်ထဲမှာ ကလေးတွေကို အကကျင့်တာဗျခုခေတ်စားတဲ့ အိုပါဂန်းနန်းစတိုင်လ် သီချင်းပေါ့။ မကြီးမငယ်နဲ့လူတွေက မူးမူးနဲ့ရှေ့က ကပြ ကလေးတွေကနောက်ကလိုက်က ရယ်စရာ ပျော်စရာတော့ကောင်းသား။
မဏ္ဍာပ်ထဲက ဆင်းတုတော်ကတော့ အတော်မျက်စိနောက်ရှာမယ်လို့တွေးမိသဗျ။ တစ်ယောက်ကပြောတယ် တစ်ခြားမဏ္ဍာပ်တွေက ဒီသီချင်းနဲ့ ကမှာ မရှိသေးဘူးဆိုပဲ။
ရပ်ကွက်ထဲကလူတွေကတော့ ကထိန်လှည့်မယ့်နေ့ကို အမျှော်ကြီးမျှော်နေတာပေါ့လေ။ ကထိန်မှာ ၀န်းခင်းမတဲ့။ ဘုရင်တွေ မိဖုရားတွေ မူးမတ်တွေနဲ့ စည်တော်နဲ့ပေါ့လေ။
ပါဝင်ပြီး performance လုပ်မယ့်သူတွေ ရပ်ကွက်ရုံးကိုဆက်သွယ်နိုင်သတဲ့။ လမ်းထဲက လူတစ်ယောက်ဘုရင်လုပ်မယ်စာရင်းပေးတော့ ငွေသုံးသောင်း အ၀တ်အစားငှားဖို့
ထည့်ရမယ်ဆိုတော့ မတတ်နိုင်တာနဲ့ ငါးထောင်တန် ရဲမက်လုပ်ဖို့ငွေသွင်းစာရင်းပေးခဲ့တယ်။ တစ်သောင်းဆို စစ်သူကြီးတဲ့။ မိဖုရားကျ ရုပ်လဲချောရမယ် ငွေလဲ ၂ သောင်းထည့်
ရမတဲ့ မိတ်ကပ်ကကိုယ့်အစီအစဉ်နဲ့ကိုယ်တဲ့။ ရေလှည်းရှိတဲ့အိမ်ကလှည်းတွေကို တိုင်ကီတွေဖြုတ်နေကြတယ်။ ဆောင်းဘောက်တင်ပြီးတွန်းမလို့ဆိုပဲ။ အရပ်ထဲက ကုလားမကြီး
တွေကတော့ ဒုက္ခဗျာ ကုလားမကကမယ့်သူတွေက အ၀တ်အစားတွေလာလာငှားလို့။ လူရိုင်းက ကဖို့ပြင်တဲ့သူတွေကကျ  စက္ကူခေါင်းစွပ်ရယ် အကျီ င်္မပါ
မျက်နှာမှာ ထုံးတွေလိမ်း ဆနွင်းတွေလိမ်းလို့ စပိန်သီချင်းတစ်ပုဒ်နဲ့ အကကျင့်နေတယ်။


အိုပါဂန်းနန်းကထိန်လှည့်လည်ချိန်

    ကထိန်လှည့်ပြီဗျ။ ပျော်စရာကြီး။ အသံချဲ့စက်သံတွေကိုဆူညံနေတာပဲ။ ပထမဆုံးလာတာ ဆိုင်းဘုတ်ကြီး။ ကောင်မလေးတစ်ယောက်က ငွေဖလားနဲ့ ပန်းတွေကြဲလို့။
နောက်ကမူးမတ်တွေ စစ်သူကြီးတွေ ချွေးတွေရယ် မိတ်ကတ်တွေရယ် မျက်နှာမှာလုံးလို့။ ရုပ်တည်တွေနဲ့ လှံတွေဒါးတွေကိုင်လို့ရယ်ဗျို့။ အပျိုတော် ပိန်ညှောင်မလေးတွေ
လဲပါသဗျ။ အဲလိုပဲ ချွေးမိတ်ကပ်လိမ်းလို့ရယ်။ ဘုရင်ကတော့ အတော်ရုပ်ဆိုးသကိုး မိဖုရားကတော့မဆိုးဘူးရယ်။ ပိုဆိုးတာက ဘုရင်ဘေးမှာ လူတစ်ယောက်ကကပ်လိုက်လာတယ်။
ဘုရင်နဲ့မိဖုရားက ဝေါပေါ်မှာ ရဲမက်လေးယောက်ကထမ်းလို့ သကောင့်သားများသနားစရာ ငါးထောင်ပေးပြီး သူများကိုထမ်းနေရတယ်။ အဲဘေးကလူက ကျွတ်ကျွတ်အိပ်တစ်လုံးနဲ့ဘာအိပ်တုန်းဆိုစပ်စုလိုက်တော့ စပါကလင်နဲ့ အရက်ရောထားတာတဲ့ ကိုယ်တော်မြတ်က စပ်ဖြီးဖြီးနဲ့ ဝေါပေါ်က ပိုက်ကလေးနဲ့စုပ်လိုက် ဘေးကမိဖုရားကို ရိသဲ့သဲ့လုပ်လိုက်နဲ့ပေးထားရတဲ့သုံးသောင်းတန်အောင်ကို မင်္ဂလာယူနေတာဗျ။ နောက်ကစည်တော်ဗျ။
စည်တော်ဆိုလို့ အစစ်မဟုတ်ဘူး စက္ကူနဲ့လုပ်ထားတာကြီး။ နောက်က အသံချဲ့စက်ကတော့စည်တော်သီချင်းဖွင့်လို့ပေါ့။ နောက်က လမ်းနာမည်အစဉ်လိုက်
နံပါတ် ၁ လမ်း အိုပါဂန်းနန်းသီချင်းဗျ ကျွန်တော်တို့လိုတိုက်ထားတာမဟုတ်ဘူးဗျ အကုန်လုံးက မူးမူးနဲ့
ကွေးနေအောင်ကနေတာ။ နံပါတ် ၂ လမ်း မဆိုးဘူးဗျ ဦးရွှေရိုး။ နံပါတ်သုံးလမ်း စပိန်သီချင်းနဲ့ လူရိုင်းအက။ နံပါတ်လေးလမ်း အိုးပါဂန်းနန်းပဲ။
နံပါတ်ငါးလမ်း ကောင်းတယ်ဗျ
မပဒါမြေလူးခန်းကတာ ခါးမှာ ကြိမ်လုံးထိုး ထိပ်မှာ ကလေးရုပ်ကို ငှက်ရုပ်ကချီထားတာကို သူကလိုက်နေပုံကတာဗျ။ ဒိုးပတ်ဝိုင်းကတီးချင်တာတီး သူကတော့မပဒါပဲ။ နံပါတ် ခြောက် ကုလားသီချင်း ကုလားအက။ နံပါတ်ခုနှစ် ဖျော်ဖြေရေးမပါ။ နံပါတ်ရှစ် ကုလားအက။ နံပါတ်ကိုး အိုပါဂန်းနန်း။ နံပါတ်တစ်ဆယ် အိုပါဂန်းနန်း။
ကုလား... အိုပါဂန်းနန်း...လူရိုင်း...သားစိုးရဲ့ကိုကြီးကျော်.... အများစုကတော့ဒါပဲ အသေးစိတ်တော့မမှတ်မိတော့ဘူးဗျ.....
နားထဲမှာ ကြားနေတာကတော့ sexy lady ဆိုပြီး psy အသံကြီးနဲ့ဆိုနေတာပဲ....
မြင်နေတာကတော့ ကနေ မူးနေတဲ့လူငယ်လေးတွေ.......

ဘုန်းတော်ကြီးထံလှူဒါန်းပြန်

    အိုပါးဂန်းနန်းနဲ့တော့ လှည့်လည်ပြီးပြီ။ ဘုန်းကြီးကျောင်းရောက်ပြီဗျ။ ခုကျွန်တော်သတိပြုမိတာ ပဒေသာပင်တွေ။ ဘုန်းတော်ကြီးတွေလိုသမျှကို စဉ်းစားပြီးလှူခဲ့ကြတဲ့
ရိုးရာမပျက်ပဒေသာပင်တွေလေ။ ပဒေသာပင်တွေစီချပြီး ဘုန်းကြီးရဲ့တပည့်တွေက ဖြုတ်နေကြတာ။ ပဒေသာပင်တစ်ခု ထီးတစ်လက် ဖိနပ်တစ်ရံ သပိတ်တစ်လုံး.. ပါသဗျ
ချမ်းသာသူတွေလှူတဲ့ ငွေပဒေသာပင်တွေကိုတော့ ပျောက်မှာရှမှာစိုးလို့ ကျောင်းကသိမ်ထဲအရင်ပို့ထားကြတယ်။ ကိုယ့်လူတွေ အပင်ပန်းခံပြီးလုပ်တဲ့ အလှူပွဲပဲဗျ ဘာတွေများ
လှူကြတုန်း သံဃာတော်တွေအတွက်။ ဟိုက်ရှားဘား... ပြက္ခဒိန်တွေဗျ ကြည့်လိုက် ကောင်မလေးတွေမပေါ်တပေါ်ရိုက်ထားတာတွေ... ဘီယာကြော်ငြာပြက္ခဒိန်တွေပါသဗျ။
ဌာနဆိုင်ရာတွေက မ၀ယ်မနေဇွတ်ရောင်းတဲ့ပြက္ခဒိန်တွေလဲပုံလို့ဗျို့... သူကနံပါတ်တစ်အများဆုံး။ နံပါတ်နှစ်အများဆုံးက မျက်နှာသုတ်ပုဝါတွေဗျ။ နံပါတ်သုံး ဆွမ်းဟင်းအစ်။
နံပါတ်လေး ဓါတ်ဗူး။ နံပါတ်ငါး ခြေသုတ်ခုံ။ အော် လူတွေလူတွေ မဏ္ဍာပ်ကြီးတွေဆောက် အသံချဲ့စက်တွေငှား ပါတိတ်တွေဆင်တူဝတ်..။ သံဃာတော်တွေဆီကျ ပြက္ခဒိန်တွေဗျ။
ခင်ဗျားပြက္ခဒိန်ဘယ်နှခုလိုလဲ.. တစ်ခုရှိတော်ပြီလေဗျာ။ သံဃာတော်တွေလဲ တစ်ခုရှိတော်ပြီပေါ့လေ။ ဒီကြားထဲ မပေါ်တပေါ်ကောင်မလေးပုံတွေကပါသေး။ လမ်းထဲစနည်းနာကြည့်တော့ဘေးအိမ်ကအဒေါ်ကြီးကပြောတယ် ဟဲ့ ဒီရက်ထဲ ငါးထောင်လဲထည့်ရတယ် ပါတိတ်လဲဝယ်ရတယ် ဘုန်းကြီးတော့လှူချင်သား မရှိတော့လဲ ရှိတဲ့ပြက္ခဒိန်လေးလှူတာဘာဖြစ်တုန်းတဲ့။
မနေ့ကဟိုဘက်ရပ်ကွက်က အရပ်လူကြီးတစ်ယောက်နဲ့တွေ့တယ်ဗျ။ နောက်နှစ်မင်းတို့ကထိန်လှည့်ပဲလို့ မဏ္ဍာပ်မဆောက် ကထိန်မလှည့် အသံချဲ့စက်မဖွင့်ပဲ တစ်အိမ်ငါးထောင်ကောက်ဆရာတော်တွေသင်္ကန်းကပ် ကျန်တဲ့ငွေနဲ့ ဘုန်းကြီးကျောင်းကိုပြင်ရင် တော်တော်အကျိုးရှိမယ်လို့.. ဘုန်းကြီးကျောင်းက ရှေးကျောင်းဆိုတော့ ပြင်စရာတွေများတယ်ဗျ.. တံတားကအစ။
သူကမင်းပြောသလို မဖြစ်ပါဘူးကွာတဲ့ တို့အရပ်ထဲလဲ ကထိန်လေးပဲပျော်စရာရှိတာတဲ့။
ကဲ ခင်ဗျားလဲဗုဒ္ဓဘာသာထင်တာပဲ ဘာလုပ်တာပိုကောင်းမတုန်းဗျ။

0 ကွန်မန့်ရေးရန်:

Post a Comment