Wednesday, November 28, 2012

သဘာဝ ပတ်ဝန်းကျင်က စိန်ခေါ်သံများ ...



ဓါတ်ပုံ - The Messenger
အစိုးရစီမံကိန်းများ အကောင်အထည် မဖော်ခင် ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်ပြီး အကောင်အထည် ဖော်နေဆဲ စီမံကိန်းများကို တစ်ဖက်သပ် ဖျက်သိမ်းပါက နိုင်ငံတကာ၏ ယုံကြည်မှု ဆုံးရှုံးနိုင်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြား သွားခဲ့သည်။
''အခု လက်ပံတောင်းတောင် စီမံကိန်းဆိုရင် စာချုပ်က ချုပ်ပြီးသွားပြီ။ ဒါကို တစ်ဖက်သတ် ဖျက်ခဲ့ရင် တန်ရာတန်ကြေး ပြန်ပေးရမယ်။ ဒါကိုလည်း ထည့်စဉ်းစားဖို့ လိုတယ်။ ကမ္ဘာ့အလယ်မှာ တင့်တယ်တဲ့ နိုင်ငံတစ်ခု ဖြစ်ချင်ရင် ကတိတည်ဖို့ လိုတယ်။ စကားတည်ရမယ်။ ဒီနိုင်ငံ ကတိမတည်ဘူး၊ ဒီနိုင်ငံနဲ့ အလုပ်လုပ်လို့ မရဘူး၊ ဒီနိုင်ငံနဲ့ အလုပ်လုပ်ရင် အချိန်မရွေး ပျက်နိုင်တယ်လို့ တွေးသွားရင် ရင်းနှီးမြှုပ်နှံသူတွေ စိတ်မဝင်စားနိုင်တော့ဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ပြည်သူ့လွှတ်တော် အစည်း အဝေး နောက်ဆုံးနေ့တွင် အစည်းအဝေး အစီအစဉ်တွင် ပါဝင်ခြင်း မရှိဘဲ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် အစိုးရသို့ လွှတ်တော်မှ လက်ပံတောင်းတောင် စီမံကိန်းကို အဖွဲ့တစ်ဖွဲ့ ဖွဲ့၍ စစ်ဆေးစေရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြန်လည် ရှင်းလင်းခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ယင်းစီမံကိန်းနှင့် ပတ်သက်၍ မီဒီယာများသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။
''အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှု ရှိဖို့ လိုတယ်။ အစကတည်းက ပွင့်လင်းမြင်သာမှု ရှိခဲ့ရင် ဒီလိုပြဿနာတွေ မဖြစ်ဘူး။ အခုက ဒီမိုကရေစီ မရခင် ချုပ်ခဲ့တဲ့ စာချုပ်တွေကို ဒီမိုကရေစီခေတ်မှာ ပြန်ရှင်းရတာဆိုတော့ နည်းနည်းတော့ အရှုပ်အရှင်း ရှိတယ်။ ကိုယ့်ဘာသာကိုယ် လိုလိုချင်ချင်နဲ့ ပေးထားတဲ့ ကတိ ကိုယ့်ဘာသာကိုယ် လိုလိုချင်ချင်နဲ့ လုပ် ထားတဲ့ အလုပ်တစ်ခု သဘောတူညီ ချက်တစ်ခုကို ဖျက်တယ် ဆိုတာကတော့ အင်မတန်မှ စဉ်းစားချင့်ချိန်ရမယ့် ကိစ္စပဲ''ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။
အဆိုပါ လက်ပံတောင်းတောင် စီမံကိန်းကို Wanbo Maing Ltd. မှ ဒေါ်လာ ၉၉၉ သန်း ရာနှုန်းပြည့် ရင်းနှီးမြှပ်နှံခဲ့ပြီး အကျိုးအမြတ် ခွဲဝေမှုတွင် နိုင်ငံတော်မှ ၁၆ ဒသမ ၈ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်မှ ၁၃ ဒသမ ၈ ရာခိုင်နှုန်း၊ ရင်းနှီးမြှပ်နှံသူမှ ၁၃ ဒသမ ၃၃ ရာခိုင်နှုန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လက်ပံတောင်းတောင် စီမံကိန်းကို နိုဝင်ဘာလ ၁၈ ရက်နေ့မှ စတင် ရပ်နားထားခဲ့ပြီး ထိုကဲ့သို့ ရပ်နားထားသည့်အတွက် တစ်လလျှင် ဒေါ်လာ ၂ သန်း ဆုံးရှုံးနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က လွှတ်တော်တွင် ပြောကြားခဲ့သည်။
''နိုင်ငံတစ်ကာဆက်ဆံရေးအရ ဆန်းစစ်ရလျှင် နိုင်ငံတကာ ဆက်ဆံရေးတွင် ထာဝရမိတ်ဆွေ ထာဝရရန်သူ ဟူ၍ မရှိပါဘူး။ ထာဝရ အကျိုးစီးပွားပဲ ရှိပါတယ်။ ကျွန်တော့်ရဲ့ တင်ပြချက်က အမေရိကန်အတွက် မဟုတ်သလို တရုတ်အတွက်လည်း မဟုတ်ပါဘူး။ မိမိနိုင်ငံရဲ့ အကျိုးစီးပွားအတွက်သာ ဖြစ်ပါတယ်'' ဟု ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က စီမံကိန်းလုပ်ဆောင်ရခြင်းနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းခဲ့သည်။
အဆိုပါ စီမံကိန်းများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုများ ကြီးထွားလာရခြင်းသည် မီဒီယာ၏ ပယောဂ မကင်းကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်က ထည့်သွင်း ပြောကြားသွားခြင်းအပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က...
''အန်တီတို့ ခေတ်မှာ မီဒီယာတွေက အရေးကြီးပါတယ်။ စောစောက ဝန်ကြီး ပြောသွားတဲ့အထဲမှာ မီဒီယာတွေရဲ့ လှုံ့ဆော်မှုတွေ ပါတယ်လို့ ပြောသွားတယ်။ ဒါကို မျက်စိစုံမှိတ်ပြီး မငြင်းနဲ့။ ရှိနိုင်တာပဲ။ ဘယ်သူမှ အမြဲ မမှန်ဘူး။ မီဒီယာလည်း အမြဲ မမှန်နိုင်ဘူး။ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဖို့ပဲ လိုပါတယ်'' ဟု မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

Copy from - Messenger News Journal

0 ကွန်မန့်ရေးရန်:

Post a Comment