Tuesday, November 20, 2012

ရန်ကုန်ဆင်ခြေဖုံးမှာ ၈၈ ပါတီ ဘာလုပ်နေသလဲ



~



ဲမလီ ~

၈၈ မျိုးဆက် ကျောင်းသားလူငယ်များပါတီ (ပြည်ထောင်စုမြန်မာနိုင်ငံ) က ရွှေပြည်သာမြို့နယ်မှာ ကျူးကျော်စာရင်းတွေ ကောက်ယူနေတာနဲ့ ပတ်သက်ပြီး ဒေသခံတွေက မရှင်းမရှင်း ဖြစ်နေကြပါတယ်။


အိမ်ခြံမြေ မရှိတဲ့ သူတွေကို မြေနေရာရအောင် ဆောင်ရွက်ပေးမယ်လို့ ပြောပြီး တအိမ်ထောင်ကို ကျပ် ၂,၇၀၀ ကောက်တယ် တဲ့။

 “အိုးပိုင်အိမ်ပိုင် မရှိတဲ့လူတွေကို အိမ်ပေးမယ်လို့ ပြောသွားတယ်။ သန်းခေါင်စာရင်းရှိတဲ့သူက သန်းခေါင်းစာရင်း ၊ ဧည့်စာရင်းနဲ့နေတဲ့သူက ဧည့်စာရင်းတွေ ပေးရတယ်”လို့ ဘုံရှည်ကုန်းကျေးရွာသားကိုနိုင်လင်းစိုးကပြောပြပါတယ်။

၈၈ ပါတီရဲ့ ဥက္ကဋ္ဌ ဦးရဲထွန်းကတော့ သူတို့ပါတီကကြေညာချက် ထုတ်ပြန်ပြီး ကျူးကျော် စာရင်းတွေ ကောက်ယူနေပါတယ် တဲ့။ လတ်တလောမှာ  ကျီးလန့်စာစားနေရတဲ့ ကျူးကျော်တွေကို ဥပဒေနဲ့ အညီစနစ်တကျ စီစဉ်ပေးနိုင်အောင် လတ်တော်နဲ့ သမ္မတကို တင်ပြသွားမှာပါလို့ ဧရာဝတီကို ဖြေကြားခဲ့ပါတယ်။

ကျပ် ၂,၇၀၀  ကောက်ယူရတာက  ဓါတ်ပုံရိုက်ခနဲ့ စာရွက်စာတမ်းခတွေ အတွက် အသုံးပြုရတာလို့ ပြောပြပါတယ်။

ပါတီကို “ယုံတဲ့သူတွေလဲရှိတယ် မယုံတဲ့သူလည်းရှိတယ်“ လို့ အိမ်ငှားနေထိုင်သူတဦးက ပြောပြပါတယ်။

“ကျနော်ကတော့ အိမ်ငှားနေရတဲ့သူပါ။ တလကို နှစ်သောင်းပေးရပါတယ်။ သူတို့ပြောတဲ့အတိုင်း အိမ်မြေရမယ်ဆိုလို့ ကျနော် စာရင်းလာသွင်းတာ“ လို့ ဦးတင်ဆွေ  ဆိုသူက ပြောပြပါတယ်။


ဦးလှကြိုင် ဆိုသူကလည်း “ကျနော်ကတော့ စစ်ဖက်ထောက်လှန်းရေးကို သွားမေးပါတယ်။ ကျနော့်သားသမီးမှာ အိမ်ခြံမရှိဘူး။ တရားဝင်ဆိုရင်တော့ ကျနော်လျှောက်ပေးချင်လို့ပါဆိုတော့  မလုပ်ပါနဲ့တဲ့ သူတို့ အားပေးသလို ဖြစ်နေမယ်တဲ့။ ဆွေမျိုးညီအစ်ကိုမောင်နှမရှိရင်လည်း မလုပ်ပါနဲ့လို့ ပြောလိုက်ပါ တဲ့ ။ ဒါကြောင့် ကျနော်လည်း မလုပ်တော့ဘူး“ လို့ ပြောပြပါတယ်။

လက်ရှိစာရင်းပေးသွင်းသူဦးရေ ၅၀၀ ကျော်သွားပြီလို့ သိရပါတယ်။  ဒေသခံတွေဘက်ကလည်း အခုလို လုပ်ပေးတာကို တရားဝင် ဟုတ်မဟုတ် သိချင်နေကြတာပါ။

ပါတီကတော့ လာရောက်မေးမြန်းကြည့်ရှုတာ၊ ဓာတ်ပုံရိုက်တာ တို့ကိုလည်း  ကြိုက်ပုံ မပေါ်ပါဘူး။  ခင်ဗျားတို့ မီဒီယာက သတင်းတော့ လာယူတယ်၊ ရေးတာလည်း မဟုတ်ဘူး၊ သက်သက်မဲ့ အနှောက်အယှက် လာပေးနေတာ။ ခင်ဗျားတို့ သိချင်တယ် ဆိုရင် ဥက္ကဋ္ဌကို သွားမေးလိုက်ပါ။ ခင်ဗျားတို့ လုပ်လို့ လူတွေ လန့်ကုန်ပြီ။ ကျနော်တို့ အလုပ်ကိုလည်း ထိခိုက်နေတယ်နော် လို့ ပြောဆိုပါတယ်။


ဥက္ကဌ ဦးရဲထွန်းကို ဖုန်းနဲ့ ဆက်သွယ် မေးမြန်းရာမှာတော့ ဦးရဲထွန်းက ကောင်းကောင်းမွန်မွန် ရှင်းပြ ပြောဆိုပါတယ်။

သူတို့ရဲ့ ပါတီ အနေနဲ့ ကျူးကျော်တွေ ရှိတဲ့ နေရာတွေကို စာရင်း ကောက်ယူသွားမယ်၊  ရွှေပြည်သာ၊ လှိုင်သာယာ ၊ မြောက်ဒဂုံနဲ့ ဒလတွေမှာ ကောက်ယူနေပြီ၊ လက်ရှိစာရင်းအရ ၁,၅၀၀ နီးပါး လက်ခံရရှိနေပြီလို့ ပါတီဥက္ကဌ ဦးရဲထွန်းက ပြောဆိုပါတယ်။







0 ကွန်မန့်ရေးရန်:

Post a Comment