Tuesday, November 20, 2012

အိုဘားမား ဘာကြောင့် မြန်မာပြည်လာတာလဲ



by Myanmar Online News on Monday, November 19, 2012 at 12:58am ·

အသစ်ရွေးကောက်တင်မြှောက်လိုက်တဲ့ သမ္မတ တစ်ယောက် ဒါမှမဟုတ် ဝန်ကြီးချုပ်တစ်ယောက်ရဲ့ ပထမဆုံး နိုင်ငံတော်ခရီးက အဲဒီနိုင်ငံရဲ့နိုင်ငံခြားရေးပေါ်လစီလားရာကို ညွှန်ပြနေပါတယ်လို့ ခေတ်ပြိုင် နိုင်ငံတကာ ဆက်ဆံရေးလေ့လာသူ အားလုံးက တညီတညွတ်တည်း လက်ခံသဘောတူထား ကြပါတယ်။

ကမ္ဘာပေါ်က တစ်ခုတည်းသော စူပါပါဝါ နိုင်ငံရဲ့သမ္မတခရီးစဉ်ဆိုရင်တော့ လာရတဲ့အကြောင်းရင်းက ပိုပြီး လေးနက်သွားပါပြီ။ ဒုတိယအကျော့ ပြန်လည် ရွေးကောက်တင်မြှောက်ခံရပြီးနောက်၊ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက သူ့ရဲ့ ပထမဆုံး ၄-ရက်ကြာအာရှ ခရီးစဉ်အတွင်း မြန်မာနိုင်ငံကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ ဝင်ရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဘာရက်အိုဘားမားအစိုးရရဲ့ နိုင်ငံခြားရေး ပေါ်လစီမှာ မြန်မာနိုင်ငံအတွက် သီးသန့် ရည်မှန်းချက် ရှိတယ်ဆိုတာ သိသာပါတယ်။ မကြာသေးခင် အချိန်တွေအတွင်း အမေရိကန်အစိုးရက မြန်မာနိုင်ငံကို အထူးအာရုံစိုက် ဆက်ဆံလာရတဲ့အကြောင်းတွေ အများကြီး ရှိပါတယ်။
          ပထမဦးဆုံး ပြောရရင် ပထဝီနိုင်ငံရေးမှာ မြန်မာ နိုင်ငံရဲ့  အချက်အချာကျမှုကို  အိုဘားမားအစိုးရက သေချာနားလည်သဘောပေါက်လာတာပါ။ အထူးသ ဖြင့် လက်ရှိနိုင်ငံတကာ နိုင်ငံရေးမှာ မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားကို အလေးမထားလို့ မဖြစ်တော့ပါ။ ပထဝီနိုင်ငံရေးမှာ မြန်မာနိုင်ငံက အကြောင်းအချက် ၄ ခုကြောင့် အရေးကြီးတဲ့ အနေအထားမှာရှိပါတယ်။ (၁) တောင်အာရှရဲ့ ဒေသတွင်းအင်အားကြီးနိုင်ငံလို့ ရည် ညွှန်းပြောဆိုကြတဲ့ အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိ စပ်နေခြင်း။ (၂) စူပါပါဝါနိုင်ငံဖြစ်လာဖို့ အရှိန်ယူ အား ပြင်နေတဲ့ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး ကောင်းမွန်တဲ့ဆက်ဆံရေးရှိခြင်း။ (၃) အနာဂတ် ကမ္ဘာ့ နိုင်ငံရေး ဗဟိုချက်မအဖြစ် အရေးတယူပြောဆိုလာရတဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း ဝင်ပေါက်တစ်ခုဖြစ်နေခြင်း။ (၄)ကမ္ဘာပေါ်မှာ အရေးအကြီးဆုံး ပင်လယ်သမုဒ္ဒရာ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ပိုင်ဆိုင်ထားတဲ့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ကုန်းမြေအရရော ရေပြင် ပိုင်နက်ခြင်းပါ ထိစပ်နေခြင်း။ ဒါကြောင့်မို့ မြန်မာနိုင်ငံနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတွေ  တည်ဆောက်ဖို့ဆိုတာကို အိုဘားမားအစိုးရက လျစ်လျူပြုထားလို့မရတော့ပါ။
          ၂ဝဝ၈ ခုနှစ်က စပြီး အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ် ဥရောပနိုင်ငံတွေက မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ စီးပွားရေးအရေးယူပိတ်ဆို့မှုတွေ တချို့ကို ပြန်လည် ရုပ်သိမ်းပေးခဲ့ပြီး နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေ လုပ် ဆောင်ဖို့ တိုက်တွန်းအားပေးခဲ့ပါတယ်။ အရင်တုန်းက အနောက်တိုင်းဖိအားပေးမှုတွေကို မြန်မာနိုင်ငံက ရန်လိုတဲ့သဘောထားနဲ့ တုံ့ပြန်ခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ အပြုသဘောနဲ့ တုံ့ပြန်ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့ပြီး လွတ် လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတွေကို ၂ဝ၁၂ ဧပြီလ မှာ ကျင်းပပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရွေး ကောက်ပွဲမှာ ပါဝင်နိုင်အောင် နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေကို ပြင်ဆင်ပေးခြင်းလို နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေကိုလည်း လုပ်ဆောင်ပေးခဲ့ပါတယ်။ တခြားဘက်မှာတော့ မြန်မာစစ်တပ်အတွင်းမှာလည်း သဘောထားအယူအဆ ပြောင်းလဲမှုတွေ ရှိလာပါတယ်။ တရုတ်နိုင်ငံတစ်နိုင်ငံတည်း အပေါ်မှာ မှီခိုအားထား နေပြီး ကမ္ဘာ့အလယ်မှာ အထီးကျန်နေလို့ မရတော့ပါ။ ပြင်ပကမ္ဘာနဲ့ တည်ငြိမ်အေးချမ်းတဲ့ ဆက်ဆံရေးတွေကို မတည်ထောင်လို့ မရနိုင်တော့ပါဆိုတာကို အစိုးရ ခေါင်း ဆောင်ပိုင်းအတွင်းမှာ သဘောပေါက်နားလည်လာသူတွေ ရှိလာပါတယ်။ အဲဒီနောက် ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်လည်ပတ်တဲ့အခါ မြန်မာ-အမေရိကန် နှစ် နိုင်ငံဆက်ဆံရေးက သာယာဖြောင့်ဖြူးတဲ့လမ်းကြောင်း ပေါ်ကို စတင်လျှောက်လှမ်းလာနိုင်ခဲ့ပါပြီ။ အကျိုးရလဒ် ကတော့ နိုင်ငံတကာမိသားစုအလယ်မှာ အထီးကျန် အပယ်ခံ ဖြစ်နေရာကနေ ၂ နှစ်အတွင်းမှာ အမေရိကန် သမ္မတ လာရောက်လည်ပတ်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်ကို ရောက်အောင် မြန်မာနိုင်ငံက တက်လှမ်းနိုင်ခဲ့တာပါ။
          ဒုတိယအနေနဲ့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့က ပထဝီအနေအထားအရရော သမိုင်းကြောင်းအရပါ ခိုင်မာအားကောင်းတဲ့ဆက်ဆံရေးတွေရှိပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာကျတော့ တရုတ်နိုင်ငံက အမေရိကန်ကို စီးပွားရေးအရရော စစ်ရေးအရပါ  အဓိက ပြိုင်ဆိုင်သူ ဖြစ်လာပါတယ်။ အခုတော့ နှစ်နိုင်ငံ ကုန်သွယ်ရေး က (၂ဝ၁၁ ဘဏ္ဍာရေး နှစ်မှာ) အမေရိကန်ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံရှိလာလို့ တရုတ်နိုင်ငံက မြန်မာနိုင်ငံ ရဲ့ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်လာပြီး စစ်ရေးနဲ့ တခြားကဏ္ဍတွေမှာလည်း အကူအညီတွေကို ကျယ် ကျယ်ပြန့်ပြန့်ပေးနေပါတယ်။ ဒါ့အပြင် စစ်အာဏာရှင် စနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်လို့ မြန်မာနိုင်ငံကို နိုင်ငံ တကာက ဝိုင်းပယ်ထားချိန်မှာ တရုတ်နိုင်ငံက မြန်မာ နိုင်ငံကို သံတမန်ရေးအရ အကာအကွယ်တွေ အများကြီး ပေးခဲ့ပါတယ်။
          မြန်မာ-တရုတ်ဆက်ဆံရေးကနေ တရုတ်နိုင်ငံက အများကြီး 'ရ' သွားခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဖြတ် သန်းသွားနိုင်တာကြောင့် တရုတ်နိုင်ငံအတွက် ဘင်္ဂလား ပင်လယ်အော်နဲ့ အိန္ဒိယသမုဒ္ဒရာ မဟာဗျူဟာ လမ်း ကြောင်းတွေ ပွင့်သွားပါတယ်။ မြန်မာ့ပင်လယ် ရေ နက်ဆိပ်ကမ်းတွေကနေ တရုတ်နိုင်ငံကုန်းတွင်းပိုင်းကို မော်တော်ကားလမ်းတွေ ပေါက်သွားတာကြောင့် ကုန် ပစ္စည်းတင်သွင်းရာမှာ ကုန်ကျစရိတ်တွေကို အများကြီး လျှော့ချနိုင်လိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်းကို တရုတ် နိုင်ငံက ဝင်ထွက်သွားလာနိုင်တာကြောင့် ပင်လယ် သမုဒ္ဒရာ ဆက်သွယ်ရေးလမ်းကြောင်းတွေကို အနီးကပ် စောင့်ကြည့်လာနိုင်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံထုတ် ဈေးပေါပေါ အရည်အသွေးညံ့ညံ့ ကုန်ပစ္စည်းတွေကို  မြန်မာနိုင်ငံက ပုံမှန်ဝယ်ယူအားပေးနေခဲ့တာပါ။ ဒီလိုမျိုး မြန်မာနဲ့ တရုတ်နိုင်ငံကြားရင်းနှီးတဲ့ဆက်ဆံရေးတွေ၊ မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားအရ အရေးပါတဲ့ အနေအထားမှာ ရှိနေတာတို့ကြောင့် အမေရိကန် အစိုးရ က မြန်မာနိုင်ငံကို အလျှော့ပေးလိုက်လျော ဆက်ဆံ လာရပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေကို စတင် ဖွင့်ပေးလာပြီး ထိပ်တန်းအဆင့်ခေါင်းဆောင်တွေ စတင် လည်ပတ်လာကြပါတယ်။
          တတိယအနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးတွေကို တိုးတက်ကောင်းမွန်အောင် ကြိုးစားနေတဲ့အချိန်မှာ အရှေ့အလယ်ပိုင်းဒေသ အာရပ်နွေဦး လူထုအြွုံကွမှုတွေ ဖြစ်ပွားပေါ်ပေါက်လာလို့  အပြောင်းအလဲတွေက မြန်ဆန် လာရပါတယ်။ အာရပ်နွေဦးတော်လှန်ရေးနဲ့ အဲဒီ နောက်ပိုင်း အဖြစ်အပျက်တွေကြောင့် အရှေ့အလယ်ပိုင်း ဒေသအပေါ်ထားတဲ့အမေရိကန် နိုင်ငံခြားရေးမူဝါဒတွေ ပြောင်းလဲသွားခဲ့ရပါတယ်။ အရင်တုန်းက အမေရိကန် လောက် သြဇာလွှမ်းမိုးမှုမရှိတဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတွေ က အခုတော့ဒေသအပေါ်ကို သြဇာ ပိုညောင်းလာကြပြီး အမေရိကန် နိုင်ငံခြားရေးရည်မှန်းချက်တွေနဲ့ သြဇာ သက်ရောက်မှုတို့က လျော့နည်းလာပါတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းက အနာဂတ်မှာ 'ဝင်ရိုး' တွေပိုများလာလို့ ဝင်ရိုးပေါင်းစုံကမ္ဘာကြီး ဖြစ်လာမယ် ဆိုတာကို အမေရိကန်က နားလည်သဘောပေါက် လာပါတယ်။ အာရပ်နွေဦးတော်လှန်ရေး ပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှာ သြဇာလွှမ်းမိုးမှုတွေ ဆုံးရှုံး ထားသလို အာရှဒေသမှာ နောက်ထပ်မကြုံတွေ့ရအောင် အမေရိကန်က အပြင်းအထန် ကြိုးစားအားထုတ် လာ ပါတယ်။ ဒါ့အပြင် အာရှပစိဖိတ်ဒေသအတွင်းမှာ တရုတ်နိုင်ငံက သူ့ရဲ့အင်အားကို ပေါ်ပေါ်တင်တင် ပိုပြသလာပြီး တောင်တရုတ်ပင်လယ်ဒေသကို ပိုင်စိုး ပိုင်နင်းနဲ့ ခြယ်လှယ်လာတာကြောင့် သူ့ရဲ့နိုင်ငံရေး စစ်ရေး စီးပွားရေးရည်မှန်းချက်တွေကို အမေရိကန်က ပိုပြီး အလေးအနက်ထားလာရပါတယ်။
          ဖြစ်ထွန်းပေါ်ပေါက်လာတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေအောင် အမေရိကန်အစိုးရကလည်း တန်ပြန်အရေးယူ ဆောင်ရွက်မှုတွေကို လုပ်ဆောင် လာရပါတယ်။ အမေရိကန်ရေတပ်အင်အားရဲ့ အနည်းဆုံး ၆ဝ ရာခိုင်နှုန်းလောက်ကို အာရှပစိဖိတ်ဒေသအတွင်းမှာ ဖြန့်ကျက်ချထားဖို့နဲ့ သြစတြေးလျနိုင်ငံမှာမရိန်းတပ်ဖွဲ့တွေ မှာ အခြေစိုက်တပ်စွဲထားဖို့ကို  လုပ်ဆောင်လာရပါတယ်။ အာရပ်နွေဦးအကျိုးဆက် နိုင်ငံရေးအခြေအနေတွေနဲ့ အာရှပစိဖိတ်ဒေသအပေါ် အမေရိကန်ရဲ့ သဘောာထား ပြောင်းလဲ ဆက်ဆံမှုတွေကြောင့် နိုင်ငံတကာ နိုင်ငံရေး နယ်ပယ်မှာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုတွေကို အ ထိုက်အလျောက် အဟန့်အတားဖြစ်စေမယ်လို့ မျှော်လင့် ထားကြပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ အနီးကပ်ဆုံး မဟာမိတ်နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးပိုကောင်းလာအောင် ဆောင်ရွက်နိုင်ခြင်းက လည်း အမေရိကန်ရဲ့မဟာဗျူဟာ အောင်မြင်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။
          မြန်မာနိုင်ငံ  အလည်အပတ်ခရီးက အိုဘားမား အစိုးရနဲ့အမေရိကန် ပြည်ထောင်စုအတွက် နိုင်ငံခြားရေး မူဝါဒ အောင်ပွဲ ပထဝီနိုင်ငံရေးအောင်ပွဲ ဖြစ်လာနိုင်ပေမဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးရှုထောင့်ကနေ ကြည့်ပြီး ရတက်မအေး နိုင်လည်းဖြစ်နေကြပါတယ်။
          ''တော်တော်ကို အတိမ်းအစောင်းအထိအခိုက် မခံနိုင်တဲ့ အခြေအနေဗျာ။ ပြောရမှာလည်း တော်တော် စောပါသေးတယ်။ အမေရိကန်အစိုးရအနေနဲ့ နောက်ထပ် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေအများကြီးကို ချရဦးမှာပါ။ အဲဒီလိုမချခင်  မြန်မာအစိုးရအပေါ်  ဖိအားပေးနိုင်တဲ့
အနေအထားကို အများကြီး ထိန်းထားနိုင်ရင်တော့ ကောင်းတာပေါ့။ သမ္မတ အိုဘားမား မြန်မာနိုင်ငံကနေ ပြန်ထွက်လာချိန်မှာ  နိုင်ငံရေးအကျဉ်းသားတွေ ထောင် ထဲမှာ ကျန်နေခဲ့ဦးမယ်ဆိုရင်တော့ အမေရိကန် သမ္မတ ရဲ့ခရီးစဉ်က ဘယ်ကောင်းမလဲဗျာ''လို့ လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ကြီး ရဲ့ ဝါရှင်တန်ညွှန်မှုး တွမ်မာလီနော့စကီး ကပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ ကြီးကလည်း အကျဉ်းထောင်အတွင်းမှာ ကျန်နေဆဲ နိုင်ငံရေးအကျဉ်းသား ၂၈၃ ဦးကို သူတို့တွေ အသီးသီး ရောက်ရှိနေတဲ့ အကျဉ်းထောင်တွေနဲ့အတူ စာရင်းပြုစု ထားနိုင်ပါတယ်။ ၂ဝ၁၁ နိုဝင်ဘာမှာ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် လာရောက်လည်ပတ်တော့ ''နှစ်နိုင်ငံ ဆက်ဆံရေးတွေ နောက်ထပ် တိုးတက် ကောင်းမွန်အောင်လုပ်ဖို့ဆိုတာက  နိုင်ငံရေး အကျဉ်း သားတွေ ပြန်လွှတ်ပေးမပေး ဆိုတာအပေါ် မူတည် နေပါတယ်။ သံတမန်ဆက်ဆံရေးတွေ ဒီထက်ပို အဆင် ပြေချောမွေ့စေဖို့ နှစ်ဖက်အစိုးရတွေက ဆန္ဒရှိနေပေမဲ့ အဲဒီလိုမလုပ်ဆောင်ခင်မှာ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ပြဿနာကို အရင်ဆုံးဖြေရှင်းရမယ်'' လို့ ပြောခဲ့ ပါတယ်။
          ဒါပေမဲ့ အိုဘားမားရဲ့ ခရီးစဉ်ကို ထောက်ခံ ပြောဆိုသူတွေလည်း ရှိပါသေးတယ်။ ''မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေအပေါ် အမေရိကန်အစိုးရရဲ့ အားပေးထောက်ခံမှုကိုပြသဖို့ အခုအချိန်က အသင့်တော်ဆုံးပါ။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေထဲမှာ နောက်ထပ်လုပ်ဆောင်ရမှာတွေ မပြီးသေးတာတွေ အများကြီးရှိသေးတယ် ဆိုတာလည်း ဟုတ်ပါတယ်။ အဓိက ကျတာတွေ ပြီးဆုံးအောင် စောင့်နေမယ်ဆိုရင်လည်း လက်တွေ့မကျဘဲ အကြာကြီး စောင့်နေရမှာပေါ့ဗျာ'' လို့ အေရှားဖောင်ဒေးရှင်း ဒုတိယ ဥက္ကဋ္ဌ ဂေါ်ဒွန်ဟိန်းက တုံ့ပြန်ချေပပါတယ်။ အေရှား ဖောင်ဒေးရှင်းဆိုတာ တိုင်းပြည်ကနေ နှင်ထုတ်ခံရပြီး နောက် နှစ်ပေါင်း ၅ဝ အကြာမှာ မြန်မာနိုင်ငံထဲကို ပြန်လည် ဝင်ရောက်လာတော့မဲ့ အန်ဂျီအိုအဖွဲ့ကြီး ဖြစ်ပါတယ်။ မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ ဒေးဗစ်ဒ် စတိန်းဘာ့ခ်ကလည်း ဒီအမြင်ကို သဘော တူပါတယ်။''မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေ အတွက် အိုဘားမားခရီးစဉ်က အရေးလည်းကြီးသလို အများကြီးလည်း အထောက်အကူပြုနိုင်မှာပါ။ တည်ငြိမ် အေးချမ်းပြီး ဒီမိုကရေစီ အပြည့်အဝထွန်းကားတဲ့ နိုင်ငံ တွေကိုသာ အမေရိကန်သမ္မတ တစ်ယောက် သွား ရောက်လည်ပတ်သင့်တယ်ဆိုရင် အမေရိကန်နဲ့ သံတမန် ဆက်သွယ်ရေး ထူထောင်ထားတဲ့ နိုင်ငံတွေထဲက တစ်ဝက်ကျော်လောက်ကို သူက သွားရောက် လည်ပတ် နိုင်မှာ မဟုတ်တော့ပါ'' လို့ သူကပြောပါတယ်။
          နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်အောင် လုပ် ဆောင်နေတဲ့ အမေရိကန်အစိုးရရည်ရွယ်ချက်က သူ့ရဲ့ အကျိုးစီးပွားတွေကို မြှင့်တင်ပေးဖို့ဖြစ်သလို နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုရဲ့ အကျိုးကျေးဇူးကို မြန်မာအစိုးရ နားလည်လက်ခံလာအောင် စည်ရုံးသိမ်းသွင်းပြီး ဒီမို ကရေစီဘက်ကို ပိုမိုဦးလှည့်လာစေဖို့ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေ လူမျိုးရေး တင်းမာမှုတွေ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ပြဿနာ တွေကို အခုလက်ရှိအစိုးရ ဖြေရှင်းဖို့ ကျန်နေသေးပေမဲ့ အပြောင်းအလဲတွေကို တကယ်မှတ်ကျောက်တင်မဲ့ စိန် ခေါ်မှုက ၂ဝ၁၅ ပါလီမန်ရွေးကောက်ပွဲတွေ ကျင်းပတဲ့ အခါကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ''လက်ရှိအာဏာကို အများစု ချုပ်ကိုင်ထားသူတွေက ၂ဝ၁၅ ရွေးကောက်ပွဲမှာ ရှုံးနိမ့်မဲ့ အခြေအနေတွေ ဆိုက်လာရင် ဒါမှမဟုတ် တိုင်းပြည်မှာ အရေးပါတဲ့မဲဆန္ဒရှင် အုပ်စုတွေက ပါလီ မန်ထဲကို ရောက်မလာရင် မငြိမ်မသက်မှုတွေ ပိုပြီး ကြုံတွေ့လာရနိုင်ပါတယ်။ ရွေးကောက်ပွဲတွေမှာ NLD ပါတီ အနိုင်ရလိုက်တာကြောင့် တိုင်းပြည်အတွင်းက တခြားနိုင်ငံရေးအုပ်စုတွေ ပါတီတွေ တိုင်းရင်းသား အုပ်စုတွေရဲ့ ဆန္ဒသဘောထားကို ရွေးကောက်ပွဲ ရလဒ် တွေက မျက်ကွယ်မပြုမိစေဖို့လိုပါတယ်။ ဒီလို ပြဿနာ တွေကို ရှောင်ရှားနိုင်ဖို့ဆိုရင် ရွေးကောက်ပွဲ စနစ် ပြုပြင်ပြောင်းလဲမှုတွေ၊ အစိုးရနဲ့ အတိုက်အခံတွေ ကြား နားလည်မှုတည်ဆောက်မှုတွေ၊ နိုင်ငံရေးပါတီတွေကြား မဟာမိတ်ဖွဲ့တည်ဆောက်မှုတွေ လုပ်ဆောင်ဖို့ လိုပါ တယ်''လို့ နိုင်ငံတကာအကျပ်အတည်းတွေကို လေ့လာ သုံးသပ်တင်ပြနေတဲ့  အိုင်စီဂျီ အဖွဲ့ကြီးကအစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံကို ရောက်နေစဉ်အတွင်း အစိုးရနဲ့ သာမက အဓိက အတိုက် အခံ အင်အားစုတွေနဲ့ တွေ့ဆုံမယ့် အိုဘားမားခရီးစဉ်ကို ဆန္ဒစောလွန်းတယ်လို့ မပြောသာဘဲ မြန်မာ့နိုင်ငံရေး အတွက် အများကြီးအထောက်အကူ ပြုနိုင်ပါတယ်။
          အကောင်းဘက်ကနေ မျှော်လင့်ထားသလို ဖြစ် လာရင်တော့ တရုတ်ပြည်ရဲ့ သြဇာလွှမ်းမိုးမှုတွေကို ထိန်း ချုပ်နိုင်ဖို့ လုပ်ဆောင်ရာမှာ မြန်မာနိုင်ငံခရီးစဉ်က အိုးဘားမားအစိုးရအဖွှဲ့ရဲ့ အထင်ကရ နိုင်ငံခြားရေး မူဝါဒ အောင်ပွဲကြီးတစ်ခုဖြစ်လာနိုင်သလို မြန်မာနိုင်ငံသားတွေ ရဲ့ အနာဂတ်ကလည်း ပိုပြီး တောက်ပလာမှာပါ။ ဘာ ရက်အိုဘားမားကို သမ္မတအဖြစ် နောက်တစ်ကြိမ် ပြန် လည်ရွေးကောက် တင်မြှောက်လိုက်တယ်ဆိုတာက သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ လက်တွေ့ကျမှုကို အမေရိကန်မဲ ဆန္ဒရှင်တွေက ထောက်ခံမဲပေးထားတဲ့သဘောပါပဲ။ အ ဆိုပါ မူဝါဒက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆက်လက် မှန်ကန်မလားဆိုတာကိုတော့ အားလုံးက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေပါပြီ။ ဒါ့အပြင် သမ္မတအိုဘားမားရဲ့ နိုဝင် ဘာ မြန်မာအလည်ခရီးက အနာဂတ် ကမ္ဘာ့နိုင်ငံရေး အတွက်လည်း အဓိပ္ပာယ်တွေအများကြီး ရှိနေနိုင်ပါ တယ်။ ဒီအလည်အပတ်ခရီးကြောင့် အာရှပစိဖိတ်ဒေသရဲ့ အဓိကအင်အားကြီးနိုင်ငံက တရုတ်ဖြစ်လာမလား အမေရိ ကန်ဖြစ်လာမလားဆိုတာကိုပါ အဆုံးအဖြတ်ပေးသွား နိုင်ပါတယ်။
ref;Daily Star,Wall street,Christian Science Monitor                                                                                            
ကြည်သာထွန်း
 Messenger News Journal

0 ကွန်မန့်ရေးရန်:

Post a Comment