Saturday, November 10, 2012

မူးယစ်မှောင်ခိုတဦးကို ကယ်တင်ရန် မြန်မာတပ် ခလရ ၁၃၀ မှ တအာင်းတပ်ဖွဲ့စခန်းတခုကို ထိုးစစ်ဆင်သိမ်းယူ


9 November 22:55


၉ ရက် နိုဝင်ဘာလ ၂၀၁၂ ခုနှစ် နေ့လယ် ၁၁ နာရီခွဲခန့်တွင် မန်တုံမြို့နယ်နှင့် နမ့်ခမ်းမြို့နယ်အစပ်ရှိ ထာတ်ကျဲတ်ဘုရားတောင်ကုန်းအနီးတွင် ခေတ္တစခန်းချ နေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်ရင်း ၄၇၈ တပ်ဖွဲ့ တပ်ခွဲ(၁) ကို မြန်မာတပ်ဖွဲ့ တပ်ရင်း ၁၃၀၊ ၁၄၄ နှင့် ၅၀၁ တို့ စုပေါင်း ထား သည့် အင်အား ၁၀၀ ခန့်စစ်ကြောင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ တအာင်းတပ်ဖွဲ့တို့ ဖမ်းဆီး ထိန်းသိမ်းထားသည့် ပန်းဆေးဒေသ မူးယစ်မှောင်ခိုတဦးကို ကယ်တင်နိုင်ရန် ထိုးစစ်ဆင်သိမ်းယူ ခဲ့ပါသည်။
 
မြန်မာတပ်ဖွဲ့တို့သည် အဝေးမှနေ၍ လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး တအာင်းတပ်ဖွဲ့ရှိရာ တောင်ပေါ်သို့ဆက်တိုက် ထိုးစစ်ဆင်ပစ်ခတ်လာရာ တအာင်းတပ်ဖွဲ့မှလည်း ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ ပါသည်။ ၁၂ နာရီခွဲခန့်တွင် ပစ်ခတ်မှုများမှာ ခေတ္တငြိမ်သက်သွားပြီး နေ့လည် ၁ နာရီကျော်တွင် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ် စစ်ဆင်လာသဖြင့် ၂ နာရီ ၁၅ မိနစ်ခန့်တွင် တအာင်းတပ်ဖွဲ့က ထိုတောင်ကုန်းမှ ဆုတ်ခွာသွားသဖြင့် တိုက်ပွဲပြီးဆုံးသွားခဲ့သည်။
 
တိုက်ပွဲအတွင်း မြန်မာတပ်ဖွဲ့ဖက်မှ ၂ ဦး ကျဆုံး ပြီး ၃ ဦးထိခိုက် ဒါဏ်ရာ ရရှိပြီး၊ ဗိုလ်ကြီး တဦးမှာ ဒါဏ်ရာ ပြင်းထန်ကြောင်း ဒေသခံများ ပြောကြားချက် အရ သိရှိရပါသည်။ တအာင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှု မရှိဟု ၄၇၈ တပ်ရင်းမှူး ပြောပြချက် အရသိရပါသည်။
 
မြန်မာတပ်ဖွဲ့ ၁၄၄ နှင့် ၅၀၁ တပ်ဖွဲ့တို့သည် ထိုဘုရားကုန်းနှင့် ၂ မိုင်ခန့်ကွာဝေးသော နောရဲဝ်းရွာ မှနေပြီး လက်နက်ကြီးများဖြစ် တအာင်းတပ်ဖွဲ့ရှိရာ တောင်ပေါ်တို့ ၇ ရက်နေ့ည ကတည်းကပင် ပစ်ခတ် ခဲ့သော်လည်း ထိုးစစ်ဆင်ခြင်းမပြုလုပ်ခဲ့ချေ။ သို့သော် ထိုရွာသို့ မန်တုံအခြေစိုက် ၁၃၀ တပ်ဖွဲ့ ၈ ရက်နေ့တွင် ရောက်ရှိလာပြီး ယနေ့ ၉ ရက် နိုဝင်ဘာလတွင် ထိုးစစ် ဆင်ကာ ထိုဘုရားကုန်းကို သိမ်းယူ လိုက်ခြင်းဖြစ်သည်။
 
TNLA တအာင်းတပ်ဖွဲ့သည် မိုင်းဝီးကျေးရွာ အနီးရှိ နမ့်ခမ်း-မန်တုံကားလမ်းတွင် ပန်းဆေးဒေသ မှ မူးယစ်ဆေးဝါး စိတ်ကြွဆေးပြား သယ်ဆောင်လာသူ မိုင်းဝီးကျေးရွာနေ အသက် ၂၂ နှစ်အရွယ်ရှိ ကိုအိုက်ယုံ (တရုတ်လူမျိုး)ကို ရာမ စိတ်ကြွဆေးပြား ငါးသောင်း၊ ၁၂၅ ဆိုင်ကယ်တစီး၊ တရုတ်ဖုန်းတလုံး၊ မြန်မာ CDMA ဖုန်းတလုံး၊ ကျပ်ငွေ ၂၀၀၀၀ ကျော် နှင့်အတူ နိုဝင်ဘာလ ၅ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။ ထိုဖမ်းဆီး ရမိသော ပစ္စည်းများမှာ မိုင်းဝီးကျေးရွာနေ ဦးအိုက်ရန် ၏ မူးယစ်ဆေးဝါးများဖြစ်ပြီး တအာင်းဒေသ မန်တုံ၊ နမ့်ဆန်မြို့နယ်ရှိ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူများထံ ပို့ဆောင်ရမည်ဟု ကိုအိုက်ယုံ မှ ထွက်ဆိုထား ပါသည်။
 
ထို ဦးအိုက်ရန် သည် နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်တွင် နေထိုင်သည့် ဦးလောဝူး ထံမှ ထို ရာမစိတ်ကြွ ဆေးပြားများကို ပုံမှန်ဝယ်ယူနေသူဖြစ်ကြောင်းသိရှိရသည်။ ဦးလောဝူးသည် ပန်ဆေးပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် တဦးဖြစ်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်ထုတ်လုပ်သူအဖြစ် လူသိများသည်ဟု ယင်းပြော ဆိုချက်အရ သိရှိ ရပါသည်။ ဦးအိုက်ဝူးနှင့် ဦးအိုက်ရန် အစရှိသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူများသည် မန်တုံ၊ နမ့်ခမ်းရှိ ရဲတပ်ဖွဲ့၊ စစ်တပ်တို့နှင့် နားလည်မှုယူကာ တအာင်းဒေသအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူး နေသည်ဟု ကိုအိုက်ယုံ ပြောပြချက် အရသိရှိရပါသည်။
 
ဖမ်းဆီးရမိသည့် ရာမဆေးပြားများကို မိဘပြည်သူရှေ့မှောက်တွင် မီးရှို့ဖျက်ဆီးပြီး ကိုအိုက်ယုံ အား အရေးယူရန် ပြင်ဆင်နေသည့်အချိန်တွင် မန်တုံအခြေစိုက် ခလရ ၁၃၀ မှ ၁၄၄၊ ၅၀၁ တပ်များနှင့်ပူးပေါင်းကာ တအာင်းတပ်ဖွဲ့ကို ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေးဋ္ဌာန
တံပ်အွရ်ပ်ုန်လောတ်ကပီုန်တအာင်း - PSLF

0 ကွန်မန့်ရေးရန်:

Post a Comment