Thursday, September 20, 2012

ဖားကန့်စစ်ဗျူဟာမှူးနဲ့ KIA တပ်ရင်းမှူး တို့ကို ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈မျိုးဆက် ကျောင်းသားများက သီးခြားစီတွေ့ဆုံ




(Photo: 88 Generation Students Group-)
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသကို ငြိမ်းချမ်းရေးခရီးစဉ် အဖြစ် ဒီလ ၁၆ ရက်နေ့က ၁၈ရက် နေ့အထိ ရောက်ရှိခဲ့တဲ့ ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဟာ ဖားကန့်ဒေသ စစ်ဗျူဟာမှူးနဲ့ KIA တပ်ရင်းမှူး တို့ကို သီးခြားစီ နှုတ်ဆက် တွေ့ဆုံခဲ့ပြီး လတ်တလော ဖြစ်ပေါ်နေတဲ့ ဖားကန့်ဒေသ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တိုင်းရင်းသား ညီအစ်ကို အချင်းချင်းကြားထဲမှာ မတိုက်ချင်ဘဲ တိုက်နေရတဲ့ စစ်ပွဲတွေ အမြန်ဆုံး ရပ်စဲနိုင်ဖို့ ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေ ရှိတယ်လို့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဋ္ဌေးကြွယ်က ဖားကန့် ခရီးစဉ်နဲ့ ပတ်သက်ပြီး မနေ့ည ၁၀နာရီအချိန် မိုးကောင်းမြို့ ရွာသစ်ရပ်ကွက်ရှိ ဒေသခံ တဦးနေအိမ်မှာ ပြုလုပ်တဲ့ မီဒီယာနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုပါတယ်။
ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့ ၈၈မျိုးဆက် ကျောင်းသားတွေဟာ ဖားကန့်ဒေသ ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် ရောက်ရှိနေချိန် အခုလ ၁၇ရက်နေ့ ညနေ ၆နာရီအချိန်က ဖားကန့်ဒေသအမှတ် ၂ ယာယီ စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန်းဋ္ဌေးနဲ့ တွေဆုံခဲ့ပြီး နောက်တစ်နေ့မနက် ၈နာရီခွဲမှာ ဖားကန့်မြို့နယ် ကံဆီး အခြေစိုက် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA ) တပ်ရင်း၆ ရဲ့တပ်ရင်းမှူး အင်ခွန်ဇော်ဒွဲနဲ့တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ ဖားကန့်ငြိမ်းချမ်းရေး ခရီးစဉ်အတွင်း ဘာသာရေး ခေါင်းဆောင်တွေ၊ မြို့မိမြို့ဖတွေ၊ ဒေသခံပြည်သူတွေနဲ့ အတူ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် စုပေါင်း လက်မှတ်ရေထိုးခဲ့တာ ဒီကနေ့ဆိုရင် လက်မှတ်ရေးထိုးသူ ၁သောင်းကျော် ရှိပြီလို့ သိရပါတယ်။
 
Copy from - RFA Burmese

 

0 ကွန်မန့်ရေးရန်:

Post a Comment