Tuesday, August 7, 2012

English ဘာသာစကား၊ ပညာရပ်များကို သေချာ လေ့လာချင်တယ်။ တကယ်တတ်ချင်တယ်ဆိုရင် ဒီဟာလေးတွေကို စမ်းသပ်ကြည့်လိုက်ပါ



http://www.myanmar-network.net/ က နေ တင်ဆင့် ကူးယူမျှဝေခြင်းဖြစ်ပါသည်။
၁။ အင်တာနက်မှာ အင်္ဂလိပ်ဘာသာနဲ့ ဘလော့ဂ် (အင်တာနက်မှတ်တမ်း) ရေးပါ။ အင်္ဂလိပ်ဘာသာနဲ့ ရေးတာ မဟုတ်ရင်တောင်မှ စာရေးရင်း ကိုယ့်အကြောင်းကိုယ် ဖော်ပြတဲ့အခါ၊ ဒါမှမဟုတ် စိတ်ပါဝင်စားတဲ့ အကြောင်းအရာတွေကို ဖော်ပြတဲ့အခါ ဘယ်လို ဝေါဟာမျိုး လိုအပ်တယ်ဆိုတာ သိလာမယ်။ သဒ္ဒါ မှားမှာ စိုးရိမ်မနေဘဲ ရေးရဲလာမယ်။ လူအများစုမှာ ကြုံတွေ့ရတဲ့ ပြဿနာက ဘာရေးရမယ်ဆိုတာ မသိတဲ့ ပြဿနာ ဖြစ်ပါတယ်။ နေ့စဉ်စာရေးဖြစ်အောင် ပေးလေ့ရှိတဲ့အကြံဥာဏ်က အင်္ဂလိပ်ဘာသာနဲ့ နေ့စဉ်မှတ်တမ်း ဒါမှမဟုတ် ဂျာနယ် ရေးခြင်းဖြစ်ပါတယ်။ အခုခေတ်နဲ့ ပိုပြီး ကိုက်ညီအောင် ဘလော့ဂ် ရေးနိုင်ပါတယ်။ လူကြိုက်များတဲ့ အကြောင်းအရာတွေကတော့ ဘာသာစကား သင်ကြားတဲ့ အတွေ့အကြုံ၊ ပြည်ပမှာ စာသင်ရတဲ့ အတွေ့အကြုံ၊ နယ်မြေဒေသအကြောင်း၊ မိခင်ဘာသာစကားအကြောင်း၊ ဒေသ သတင်းတွေကို အင်္ဂလိပ်ဘာသာနဲ့ ဘာသာပြန်ခြင်းတို့ ဖြစ်ပါတယ်။
၂။ သတင်းမှတ်တမ်း ရေးပါ။ အချို့သူတွေက နေ့စဉ် ကိုယ်
ဘာလုပ်သလဲဆိုတာ ရေးရမှာ ပျင်းတယ်။ အဲဒီလိုလူတွေအတွက် နေ့စဉ် ဖတ်ရှုကြားသိရတဲ့ သတင်းတွေကို ရေးနိုင်ပါတယ်။ သတင်းထဲမှာ ပါတဲ့ အကြောင်းအရာတွေ ဘာဆက်ဖြစ်နိုင်သလဲ ခန့်မှန်းချက်တွေ (ဥပမာ ဟီလာရီကလင်တန် သမ္မတ ဖြစ်လာမည်ဟု ထင်မြင်ပါသည် စသည်ဖြင့်) ထည့်ရေးမယ်ဆိုရင် အရင်က ရေးထားတာတွေကို ပြန်ဖတ်ဖြစ်နိုင်တယ်။ ပြန်ဖတ်ရင်း အမှားတွေ့ရင် ပြင်နိုင်တယ်၊ စာအရေးအသား ပိုကောင်းလာအောင် အထွေထွေ ပြင်ဆင်မှုတွေ လုပ်နိုင်တယ်။
၃။ အင်တာနက်ကနေ ပုံမှန် အင်္ဂလိပ်ဘာသာစကားသင်ယူခြင်းဆိုင်ရာ အကြံဥာဏ်ရယူဖို့ စာရင်းပေးထားပါ။ အချို့ ၀က်ဘ်ဆိုက်တွေက စာရင်းပေးထားသူတွေရဲ့ အီးမေးလ်လိပ်စာကို တစ်ပတ် တစ်ကြိမ် ဒါမှမဟုတ် နေ့စဉ် အင်္ဂလိပ်ဘာသာ သင်ခန်းစာတို ကလေးတွေ ပေးပို့ပါတယ်။ လက်ကိုင်ဖုန်းနဲ့ အီးမေးလ် ကြည့်လို့ရရင် အဲဒီအင်္ဂလိပ်စာ သင်ခန်းစာတွေကို အလုပ်သွားရင်း ဒါမှမဟုတ် ကျောင်းသွားရင်း ဖတ်လို့ရတယ်။ တစ်ခုသတိထားရမှာကတော့ အဲဒီ သင်ခန်းစာတွေဟာ သာမန်အားဖြင့် အလွယ်အခက် အဆင့်ခွဲတာ သိပ် မကောင်းတတ်ဘူး။ ကိုယ့်အဆင့်နဲ့ ကွက်တိ ကိုက်ညီချင်မှ ကိုက်ညီမယ်။ ဒါကြောင့် ကိုယ်တိုင်ဖြစ်စေ၊ ဆရာဆရာမကဖြစ်စေ ဂရုတစိုက် ရွေးချယ်ထားတဲ့ သင်ခန်းစာတွေကို အစားထိုးဖို့ မဟုတ်ဘဲ အင်္ဂလိပ်စာ အပိုလေ့လာဖို့ ဒါမှမဟုတ် ပြန်နွေးဖို့ သုံးရင် သင့်တော်ပါတယ်။
၎။ အင်္ဂလိပ်လိုပြောတဲ့ MP3 တွေကို နားထောင်ပါ။ နိုင်ငံအတော်များများမှာ အင်တာနက်ကနေ သီချင်း MP3 တွေ ၀ယ်ကြတယ်။ လူကြိုက်လည်း များတယ်။ ဒါပေမယ့် အသံထွက်ဖတ်ထားတဲ့ စာအုပ် (audio book) တွေ လိုမျိုး အင်္ဂလိပ်လိုပြောတဲ့ MP3 တွေ (ဥပမာ သရုပ်ဆောင်တစ်ဦးက ၀တ္ထုတစ်အုပ်ကို ဖတ်ပြီး အသံသွင်းထားတာမျိုး) ကိုလည်း အင်တာနက်ကနေ ရယူနိုင်တယ်ဆိုတာ လူသိနည်းနေသေးတယ်။ အင်္ဂလိပ်သီချင်းတွေ နားထောင်တာထက် Scientific American, ဘီဘီစီ နဲ့ သြစတြေးလျက အေဘီစီ ရေဒီယို တို့က ထုတ်လွှင့်တဲ့ အင်္ဂလိပ်လိုပြောတဲ့ MP3 တွေကို နားထောင်တာက ပိုကောင်းတယ်။ နောက်ပြီး အခမဲ့လည်း ရနိုင်တယ်။
၅။ အင်္ဂလိပ်သီချင်းတွေ နားထောင်ပါ။ အခြားတစ်ခုခုလုပ်နေတုန်းမှာ သီချင်းနားထောင်တာတောင်မှ အင်္ဂလိပ်စကားပြော သဘာဝစည်းချက်နဲ့ လေသံကို ကျင့်သားရစေဖို့ အနည်းငယ်တော့ အထောက်အကူ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သီချင်းတစ်ပုဒ်ကို အချိန်ပေးပြီး လေ့လာမှသာ နောက်တစ်ကြိမ် နားထောင်တဲ့အခါမှာ ပိုပြီးတော့ ကျွမ်းကျင်သွားမှာဖြစ်ပါတယ်။
၆။ သီချင်းစာသားကိုဖတ်ပါ။ အင်္ဂလိပ်သီချင်းနားထောင်ရုံသက်သက်နဲ့လည်း သီချင်းထဲမှာပါတဲ့ စကာလုံးတွေကို အလွယ်တကူ မှတ်မိသိရှိသွားနိုင်တဲ့ နည်းလမ်းကောင်းဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလိပ် သီချင်းနားထောင်ပြီး တကယ်တမ်း အင်္ဂလိပ်စာ တိုးတက်ချင်တယ်ဆိုရင် သီချင်းစာသားကို အဘိဓာန် သုံးပြီးတော့ အချိန်ပေး ဖတ်ရှုလေ့လာရမှာ ဖြစ်ပါတယ်။ CD နဲ့အတူ သီချင်းစာသားစာအုပ်ကလေး ပါမလာဘူးဆိုရင် အင်တာနက်မှာ သီချင်းစာသား ရှာယူနိုင်ပါတယ်။ တချို့သီချင်းစာသားတင်ထားတဲ့ Website တွေက မူပိုင်ခွင့်ကြောင့် သူတို့တင်ထားတဲ့ သီချင်းစာသားတွေထဲမှာ အမှားနည်းနည်း တမင်တကာ ထည့်ထားတတ်ကြတယ် ဆိုတာကို သတိပြုပါ။ သီချင်းစာသားကိုဖတ်ပြီး နားလည်သွားပြီ ဆိုရင် သီချင်းကို နားထောင်ပြီး တစ်ချိန်တည်းမှာပဲ စာသားကိုဖတ်မယ်ဆိုရင် သဘာဝအတိုင်း အလွတ်သဘော စကား အမြန် ပြောတဲ့အခါမှာ အသံထွက်တွေ ဘယ်လိုပြောင်းလဲသွားသလဲ ဆိုတာကို နားလည်နိုင်ဖို့ နည်းလမ်းကောင်းတစ်ရပ်ဖြစ်ပါတယ်။
၇။ အင်္ဂလိပ်လို ကာရာအိုကေသီချင်း သီဆိုပါ။ သီချင်းကို နားလည်ပြီး အလွတ်ရပြီဆိုရင် နောက်တဆင့် လုပ်ဆောင်ရမှာကတော့ ကိုယ်တိုင်ဆိုဖို့ပဲဖြစ်ပါတယ်။ တချို့စကားလုံးတွေဟာ သီချင်းထဲမှာ အံဝင်ခွင်ကျ ဖြစ်အောင် အသံထွက် လုံးဝပြောင်းလဲသွားပေမယ့် စကားလုံးအများစုကတော့ ပုံမှန်စကားပြောတဲ့အခါမှာ ဆိုရတဲ့ အသံထွက်အတိုင်း၊ Stress အတိုင်းပဲ ရှိပါတယ်။ သီချင်းစာသားတစ်ကြောင်း ပြီးဆုံးတိုင်း ဘယ်စကားလုံးတွေက ကာရန်ကိုက်တယ်ဆိုတာကို မှတ်မိခြင်းအားဖြင့် အင်္ဂလိပ်စာ အသံထွက် တတ်မြောက်လာဖို့ နည်းလမ်းကောင်းတစ်ရပ်ဖြစ်ပါတယ်။
၈။ ရုပ်ရှင်၊ တေးဂီတ၊ သီချင်း၊ ဟိုတယ်၊ စာအုပ် စတာတွေကို ဝေဖန်ချက် ရေးသားပါ။ အင်္ဂလိပ်လို စာရေးဖြစ်အောင် အလိုလိုနှိုးဆော်ပြီးသား ဖြစ်ရုံမက အလွယ်တကူလုပ်နိုင်တဲ့နည်းလမ်းကတော့ Amazon လိုမျိုး၊ ဒါမှမဟုတ် Internet Movie Database (အင်တာနက်ရုပ်ရှင်အချက်အလက်မှတ်တမ်းစု) လိုမျိုး ၀က်ဘ်ဆိုက်တွေအတွက် ဝေဖန်ချက်ရေးတာပဲဖြစ်ပါတယ်။ အဲဒီလို ၀က်ဘ်ဆိုက်တွေမှာ အင်္ဂလိပ်ဘာသာ ကို မိခင်ဘာသာစကားအဖြစ်ပြောသူတွေ မဟုတ်သူ အများအပြားက ဝေဖန်ချက်တွေ ရေးကြပါတယ်။ ကိုယ့်ဘာသာနဲ့ ရေးထားတဲ့ ဒါမှမဟုတ် လူသိမများတဲ့ စာအုပ်၊ သီချင်း ဒါမှမဟုတ် ရုပ်ရှင်အကြောင်းကို ကိုယ်က သိထားပေမယ့် လူတွေမသိကြသေးဘူးဆိုရင် ဝေဖန်ချက်ရေးပြီး အဲဒီ ၀က်ဘ်ဆိုက်တွေမှာ တင်ထားနိုင်တယ်။ အင်္ဂလိပ်ဘာသာစကားပြောတဲ့သူတွေအတွက် အထူး စိတ်ဝင်စားစရာ ဖြစ်နိုင်ပါတယ်။
၉။ အင်တာနက်မှာ ဘာမဆို တစ်ခုခု ရှာစရာရှိရင် အင်္ဂလိပ်ဘာသာစကားနဲ့သာလျှင် ရှာဖွေပါ။ Bing, Yahoo, Google စတာတွေကို အင်္ဂလိပ်ဘာသာ စကားနဲ့ပဲ အသုံးပြုခြင်းအားဖြင့် လိုချင်တဲ့ အချက်အလက်ကို အလျင်အမြန် ဖတ်ရှုရှာဖွေတတ်ဖို့ ကောင်းကောင်း လေ့ကျင့်ပြီး ဖြစ်သွားရုံမျှမက ရွေးစရာ ၀က်ဘ်ဆိုက်တွေလည်း ပိုပြီးများလာမှာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံ ကိုယ့်နယ်မြေဒေသအကြောင်း နိုင်ငံခြားသားတွေက ဘာတွေရေးနေကြတယ်ဆိုတာကိုလည်း သိလာမှာဖြစ်ပါတယ်။
၁၀။ ကိုယ့်ဘာသာစကားနဲ့ဖတ်ဖူးပြီး စာအုပ် ဒါမှမဟုတ် ကြည့်ပြီးရုပ်ရှင်အကြောင်းကို ဖတ်ကြည့်ပါ။ ဘာသာစကားသင်ယူသူအများစုဟာ အဆင့်မြင့်မြင့် မတတ်ကျွမ်းသေးခင်အချိန်မှာ ကျွမ်းကျင်မှု အဆင့်အလိုက် ပြုစုထားတဲ့ ဖတ်စာစာအုပ်ကို ဖတ်လျှင် ဒါမှမဟုတ် အင်တာနက်က စာတွေကိုဖတ်လျှင် အင်္ဂလိပ်ဘာသာစကား ပြောတတ်သူတွေအတွက် ရေးထားတဲ့ မူရင်းစာအုပ်ကို ဖတ်တာထက်ပိုပြီး တတ်လွယ်နိုင်ပါတယ်။ ဒါပေမယ့်လည်း အချို့သူတွေအတွက် Harry Potter လို စာအုပ်မျိုးကို မူရင်းအတိုင်းဖတ်လျှင် အင်္ဂလိပ်ဘာသာစကားတိုးတက်ဖို့ အများကြီး စေ့ဆော်မှုဖြစ်ပါတယ်။ အဲဒီလို ဖတ်ရာမှာ ပိုပြီးလွယ်ကူမှုရှိအောင်နဲ့ မောပန်းနွမ်းနယ်သွားရုံမျှမကဘဲ ဆက်ပြီး ဖတ်လိုစိတ်ရှိစေဖို့ ဇာတ်လမ်းသိပြီး စာအုပ်ကို ဖတ်နိုင်ပါတယ်။ ဇာတ်လမ်းသိပြီးဖြစ်တဲ့အတွက် ဝေါဟာရတွေကို နားလည်ဖို့၊ နားမလည်သေးလျှင်လည်း အဓိပ္ပာယ်ကို မှန်းဆဖို့ ပိုပြီးလွယ်ကူမှာ ဖြစ်ပါတယ်။ စကားအသုံးအနှုန်းတွေ ကိုလည်း ပိုပြီးတော့ မှတ်မိနိုင်မှာဖြစ်ပါတယ်။ စာအုပ်ကို မဖတ်ဘူးလို့ရှိရင် ဇာတ်လမ်းအကျဉ်းကို အင်တာနက်ကနေ ရှာဖွေပြီး ဖတ်ကြည့်ပါ။ အလားတူ အထောက်အကူပြုနိုင်ပါတယ်။
၁၁။ အင်္ဂလိပ်ဘာသာစကားနှင့်ပြန်ဆိုရေးသားထားတဲ့ စာတွေကိုဖတ်ပါ။ စာအုပ်ကိုဖတ်တဲ့အခါမှာ နားလည်လွယ်စေဖို့ အခြားနည်းလမ်းတစ်ခုကတော့ မူရင်း အင်္ဂလိပ်ဘာသာနဲ့ရေးသားထားတာ မဟုတ်ဘဲ အင်္ဂလိပ်လို ပြန်ဆိုထားတဲ့စာအုပ်ကို ရွေးချယ်ဖတ်နိုင်ပါတယ်။ မူရင်းဘာသာက ကိုယ့်ရဲ့ ဘာသာစကား ဖြစ်လျှင် ပိုပြီးကောင်းပါတယ်။ ကိုယ့်ဘာသာစကားနဲ့ရေးထားတဲ့ မူရင်းစာအုပ်ကို မဖတ်ဘူးရင်တောင်မှ မူရင်းအင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့စာအုပ်ထက် ပိုပြီးတော့ အရေးအသား နည်းနည်းရိုးရှင်းနေပြီး ကိုယ့်ဘာသာစကားနဲ့လည်း ပိုပြီးတော့ ဆင်တူတာကို တွေ့ရမှာဖြစ်ပါတယ်။
၁၂။ ပထမစာမျက်နှာ ၁၀ မျက်နှာလောက်ကို ကျော်ဖတ်ပါ။ အင်္ဂလိပ်လို ရေးထားတဲ့စာအုပ်ကို နားမလည်နိုင်လို့ လက်လျှော့လိုက်ရရင် ဒါမှမဟုတ် ဖတ်ရတာ အရမ်းနှေးနေရင် ပထမ ၁၀ မျက်နှာ လောက်ကို အကြမ်းပဲ ဖတ်လိုက်ပါ။ ဒါမှမဟုတ် လုံးဝကျော်လိုက်ပါ။ စာအုပ်အများစုက အစမှာ သရုပ်ဖော်ချက်တွေသာ အဓိက ပါဝင်နေတာဖြစ်ပါတယ်။ ဒါကြောင့် စကားလုံးဝေါဟာရ ခက်ခဲပြီး ဘာတွေဖြစ်နေတယ်ဆိုတာကို နားလည်သဘောပေါက်ဖို့ အထောက်အကူပြုမယ့် ဇာတ်လမ်းဖြစ်စဉ် တွေလည်း ရှင်းရှင်းလင်းလင်း ရုပ်လုံး မပေါ်သေးဘူး။ ဇာတ်လမ်းသိမှ နောက်စာမျက်နှာကို ဆက်ဖတ်ဖို့ စိတ်အားထက်သန်မှာဖြစ်ပါတယ်။ အချို့ စာအုပ်တွေကတော့ နိဒါန်းပိုင်းကို ကျော်လိုက်ရင်တောင်မှ ခက်လွန်းနေတာလည်း ရှိတတ်သေးတယ်။ အဲဒါဆိုရင် ယာယီအားဖြင့် အဲဒီစာအုပ်ကို လက်လျှော့ထားပြီး အခြားပိုလွယ်တဲ့စာတွေ ဖတ်ပြီးမှပဲ နောက်တစ်ကြိမ်ကြိုးစားပြီး ဖတ်ကြည့်ဖို့ ဖြစ်ပါတယ်။
၁၃။ စကားပြောခန်း အများကြီးပါတဲ့စာအုပ်ကို ဖတ်ပါ။ စာအုပ်တစ်အုပ်ကို မ၀ယ်ခင် ဖွင့်ကြည့်ပြီး တိုက်ရိုက်စကားပြောခန်းတွေ အများအပြားပါတဲ့ စာအုပ်မျိုးကို ရှာဝယ်မယ်ဆိုရင် အကျိုးရှိနိုင်ပါတယ်။ စကားပြောခန်းဖြစ်ကြောင်း ပြတဲ့ လက်သည်းကွင်းတွေ အများအပြား ပါနေတဲ့အတွက်ကြောင့် စာမျက်နှာပေါ်မှာ စာသား နည်းသွားတဲ့ အတွက်ကြောင့်လည်း ဖတ်ရတာ ပိုလွယ် သွားနိုင်ပါတယ်။ အဓိပ္ပာယ်ပြန်ဆိုချက်တွေ အလွယ်တကူ ရေးမှတ်ထားစရာလည်း နေရာရှိတာပေါ့။ စာအုပ်တစ်အုပ်မှာ သရုပ်ဖော်ချက်အပိုင်းတွေထက် စကားပြောခန်းတွေက အများကြီးပိုပြီးတော့ နားလည်ရလွယ်နိုင်ပါတယ်။ အင်္ဂလိပ်စကားပြောတတ်ဖို့အတွက် သင်ယူတတ်မြောက်ထားဖို့ လိုအပ်တဲ့ စကားအသုံးအနှုန်းတွေလည်း ပိုပြီး ပါလာတတ်ပါတယ်။
၁၄။ အင်္ဂလိပ်လိုရေးထားတဲ့ ကာတွန်းတွေကိုဖတ်ပါ။ ကာတွန်းတွေက စကားပြောခန်း အများကြီးပါတဲ့ စာအုပ်တွေထက်တောင် နားလည်ရ လွယ်နိုင်ပါတယ်။ တကယ်တမ်း အင်္ဂလိပ်စကား ပြောတဲ့အတိုင်း Idiom တွေလည်း အများကြီး ပါပါတယ်။ ဗန်းစကားတွေကြောင့် ခက်ခဲတတ်ပေမယ့် နားလည်ဖို့ခက်တဲ့ ဟာသတွေ အဲဒီအပြင်/ဒါမှမဟုတ် ပုံမှန်စာလုံးပေါင်းနဲ့ မရေးဘဲ အသံထွက်အတိုင်း လိုက်ရေးထားတဲ့ စကားပြောခန်းတွေ ပါနေနိုင်ပါတယ်။ ဒါကြောင့် ဖတ်မယ့် ကာတွန်းတွေကို ဂရုတစိုက်ရွေးချယ်ဖို့ ကြိုးစားပါ။ သာမန်အားဖြင့် ရယ်စရာကာတွန်းတွေထက် အလေးအနက် ဒါမှမဟုတ် စွန့်စားခန်း ကာတွန်းတွေက ပိုပြီးတော့ နားလည်ရလွယ်ပါတယ်။
၁၅။ အင်္ဂလိပ်ဘာသာစကားနဲ့ရေးသားထားတဲ့ ဖျော်ဖြေရေးလမ်းညွှန်တွေကို ဖတ်ပါ။ အခုခေတ်မှာ ကမ္ဘာပေါ်မှာ မြို့ကြီး အများစုအတွက် အင်္ဂလိပ်ဘာသာစကားနဲ့ထုတ်ဝေတဲ့ မဂ္ဂဇင်း၊ အဲ့ဒီအပြင်/ဒါမှမဟုတ် အင်တာနက်ပေါ်တင်ထားတဲ့ လမ်းညွှန်တွေ ရှိပါတယ်။ သက်ဆိုင်ရာ ရက်သတ္တပတ်အတွင်း မြို့အတွင်းမှာ သွားကြည့်လို့ ရမယ့် ရုပ်ရှင်တွေ၊ ပြဇာတ်တွေ၊ ပြပွဲတွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။ အဲဒါကို အင်္ဂလိပ်လိုဖတ်မယ်ဆိုရင် အကျိုးရှိရုံတင်မကပါဘူး အင်္ဂလိပ်စကားပြောသူတွေက ဘယ်လို နေရာမျိုးတွေကို စိတ်ပါဝင်စားကြောင်း သိရှိပြီး အင်္ဂလိပ်လိုပြောတာကိုလည်း ကြားနိုင်မှာ ဖြစ်ပါတယ်။
၁၆။ အင်္ဂလိပ်လို ရေးထားတဲ့ မဂ္ဂဇင်းတွေကိုဖတ်ပါ။ စာအုပ်တွေလိုပဲ မဂ္ဂဇင်းကိုလည်း ဘာသာနှစ်မျိုးနဲ့ ဖတ်နိုင်ပါတယ်။ (ဥပမာ ကိုယ့်ဘာသာစကားနဲ့ ရေးထားတဲ့ Newsweeks မဂ္ဂဇင်းနဲ့ အင်္ဂလိပ်လို ရေးထားတဲ့ Newsweeks မဂ္ဂဇင်းကို ယှဉ်ဖတ်တာမျိုးဖြစ်ပါတယ်။) အဲဒါဆို နားလည်ဖို့ အများကြီးပိုပြီး လွယ်သွားမှာဖြစ်ပါတယ်။
၁၇။ အချိန်ပြည့် ရက်သတ္တပတ်တစ်ပတ် သင်တန်းတက်ပါ။ သင်တန်းတိုတိုလေးကို တက်ပြီး သင်တန်း ပြီးဆုံးချိန်မှာ အင်္ဂလိပ်လို အများကြီး ပိုကောင်းသွားတာမျိုးကို မျှော်လင့်လို့မရပေမယ့် သင်တန်းပြီးနောက် ရက်ပိုင်း၊ လပိုင်းတွေမှာ ဆက်ပြီး လေ့လာလိုက်မယ်ဆိုရင် သင်တန်းကရခဲ့တဲ့ အသိပညာတွေ ပေါ်ထွက်လာပြီး အပြောနဲ့အကြား စတဲ့ ကျွမ်းကျင်မှုအဆင့်တွေ သိသိသာသာ တိုးတက်လာနိုင်ပါတယ်။ သင်တန်းတစ်ခုကြောင့် ဖြစ်လာတဲ့ အကျိုးကျေးဇူးတွေဟာ သင်တန်းတက်ပြီး တစ်နှစ်လောက်အထိ ဆက်ပြီး ပေါ်ပေါက်လာနိုင်ပါတယ်။
၁၈။ အချိန်ပြည့်သင်တန်းတက်ပြီးရင် အချိန်နည်းနည်းနဲ့ ကြာကြာတက်ရတဲ့ သင်တန်းမျိုးကို ဆက်တက်ပါ။ အင်္ဂလိပ်စာ လေ့လာဖို့ အချိန်ပေးနိုင်လေ ကောင်းလေပါပဲ။ ဒါပေမယ့် အချိန်ပြည့် ပြင်းပြင်းထန်ထန် လေ့လာတဲ့ သင်တန်းတွေ တက်လိုက်၊ တစ်ပတ်ကို နာရီအနည်းငယ်သင်တဲ့ သင်တန်းတွေတက်လိုက် တစ်လှည့်စီ သွားမယ်ဆိုရင် ကုန်ကျစရိတ်သက်သာပြီး အကျိုးလည်း များနိုင်ပါတယ်။ အခြားစနစ်တွေထက် ပိုပြီးတော့ ကောင်းနိုင်ပါတယ်။ ဦးနှောက်က မသိစိတ်နဲ့ သင်ယူဖို့ အချိန်ရသွားပြီး သင်ယူခဲ့ပြီး ဘာသာစကား အသုံးအနှုန်းတွေကို စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပြီးတဲ့နောက်မှ ဘာသာစကား အသုံးအနှုန်းအသစ်တွေကို ဆက်ပြီးတော့ သင်သွားဖို့ဖြစ်ပါတယ်။
၁၉။ အများနဲ့တက်တဲ့ သင်တန်းအပြင် တစ်ယောက်ချင်းသင်တန်းလည်း တက်ပေးပါ။ အများနဲ့ တက်ရတဲ့ သင်တန်းနဲ့ တစ်ယောက်ချင်းသင်တန်းတွေကို ပေါင်းစပ်ပြီး တက်တဲ့ နည်းလမ်းကလည်း ဘာသာစကား ကျွမ်းကျင်စေဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါသည်။ တစ်ယောက်ချင်းသင်တဲ့ ဆရာဆရာမ ရှိမယ်ဆိုရင် တစ်လမှာ တစ်ကြိမ်နှစ်ကြိမ်ပဲဖြစ်ဖြစ် ကိုယ်လိုနေတဲ့ ဘာသာစကား အသုံးအနှုန်းတွေကို အတိအကျ သင်ပေးနိုင်တဲ့အပြင် စကားပြောဖို့လည်း အချိန်ပိုပြီး ရမှာဖြစ်ပါတယ်။ နောက်ပြီး လိုချင်သလောက် အမှားပြင်စေနိုင်မှာဖြစ်ပါတယ်။
၂၀။ တစ်ယောက်ချင်းသင်နေတဲ့ သင်တန်းအပြင် အများနဲ့တက်ရတဲ့ သင်တန်းမှာလည်း သွားတက်ပါ။ ကျောင်းသူကျောင်းသားတွေအနေနဲ့ အများနဲ့တက်ရတဲ့အတန်းမှာ တက်လို့ ရနိုင်တဲ့ အကျိုးကျေးဇူးတွေကို သိပ်ပြီး ရှင်းရှင်းလင်းလင်း မသိကြဘူး။ တကယ်တော့ အဲဒီလိုသင်တန်းမှာမှ ၃-၄ ယောက် တစ်ချိန်တည်းမှာ စကားပြောရင် ဘယ်လိုလုပ်ရမလဲဆိုတာကို တတ်မြောက်လာနိုင်ပါတယ်။ အခြားလူတွေ ပြောနေတုန်း ကြားဖြတ်ပြောတာမျိုး ကျွမ်းကျင်မှုတွေ လေ့ကျင့်ဖို့ အခွင့်အလမ်း ရနိုင်ပါတယ်။ ရှုမြင်ပုံအမျိုးမျိုး၊ အကြောင်းအရာအမျိုးမျိုးကို ကြားရမှာဖြစ်ပါတယ်။
၂၁။ ကလေးတွေ ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းတွေကို အင်္ဂလိပ်စာ သင်ပေးပါ။ မကြာသေးခင်က သုတေသန ပြုလုပ်ချက်တွေအရ ညီအကိုမောင်နှမတွေကြားထဲမှာ အကိုကြီး၊ အမကြီးတွေက ညီငယ်၊ ညီမငယ်တွေထက် IQ နည်းနည်း သာတာကို တွေ့ရပါတယ်။ အဲဒီလို IQ သာရခြင်း အဖြစ်နိုင်ဆုံး အကြောင်းကတော့ ညီငယ်နှမငယ်တွေကို ဟိုအကြောင်း၊ ဒီအကြောင်း ရှင်းပြရတဲ့အတွက် အသိဥာဏ်ပိုင်း မြင့်တက်သွားတာဖြစ်နိုင်ပါတယ်။ အဲဒီအတိုင်း အင်္ဂလိပ်စာမှာ ကိုယ့်လောက် မတတ်သေးသူ တစ်ယောက်ယောက်ကို သင်ကြားပေးခြင်းအားဖြင့် ကိုယ်တိုင် ခေါင်းထဲမှာ စွဲမြဲပြီး တတ်သွားနိုင်ပါတယ်။
၂၂။ ကုမ္ပဏီဝန်ထမ်းဆိုရင် ကုမ္ပဏီမှာ အင်္ဂလိပ်စာသင်တန်း လုပ်ပေးနိုင်မလား မေးမြန်းတိုက်တွန်း ကြည့်ပါ။ လုပ်ငန်းခွင်မှာ အင်္ဂလိပ်လိုပြောဖို့ မလိုအပ်ဘူးဆိုရင်တောင် အင်္ဂလိပ်စာ သင်တန်း ဖွင့်ပေးခြင်းအားဖြင့် ကုမ္ပဏီအတွက်လည်း ကုန်ကျစရိတ် မများလွန်းဘဲ ကုမ္ပဏီရဲ့ သင်တန်းဘတ်ဂျက်ကို အများနှစ်သက်တဲ့ နည်းလမ်းနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
၂၃။ အိမ်အလုပ်လုပ်နေစဉ်မှာ အင်္ဂလိပ်လိုလွှင့်တဲ့ ရေဒီယိုကို ဖွင့်ထားပါ။ ဂရုတစိုက်နားမထောင်ဘဲ နဲ့တောင် သဘာဝအတိုင်းပြောတဲ့ အင်္ဂလိပ်စကား စည်းချက် လေယူလေသိမ်းတွေကို နားယဉ် သွားနိုင်ပါတယ်။
၂၄။ Nintendo/Xbox/PS လို ဂိမ်းစက်တွေမှာ အင်္ဂလိပ်ဘာသာစကားသင်တဲ့ ကစားနည်းတွေကို ကစားပါ။ အဲဒီလို ကစားနည်းတွေမှာပါတဲ့ စကားအသုံးအနှုန်းတွေက ကျပန်း ဟိုရောက်ဒီရောက် ဖြစ်နေနိုင်ပါတယ်။ သူတို့ချည်းသက်သက်ဆိုရင်တော့ အင်္ဂလိပ်ဘာသာစကား တိုးတက်ကောင်းမွန်လာဖို့ အလားအလာ သိပ်မကောင်းပါဘူး။ ဒါပေမယ့် အဲဒီ စကားအသုံးအနှုန်းတွေကိုပဲ အခြားတနေရာမှာ ပြန်ကြားရရင် ဒါမှမဟုတ် ပြန်ဖတ်ရရင် ဂိမ်းဆော့ပြီး ဖြစ်နေတဲ့အတွက်ကြောင့် တကယ်တမ်း မှတ်မိသွားမှာ ဖြစ်ပါတယ်။ ဂိမ်းဆော့ပြီး အင်္ဂလိပ်စာသင်တာဖြစ်တဲ့အတွက်ကြောင့် အခြားအင်္ဂလိပ်စာ သင်နည်းတွေနဲ့ မတူဘဲ ပျော်စရာ ဖြစ်နိုင်ပါတယ်။ တကယ်တမ်း အပြောင်းအလဲဖြစ်ပြီး ဂိမ်းထဲမှာပါတဲ့ စကားအသုံးအနှုန်းတွေက နေ့စဉ်ဘ၀မှာ အသုံးများတဲ့ စကားအသုံးအနှုန်းတွေဖြစ်နေပြီး အချိန်ကုန်တာမျိုးကို ရှောင်ရှားနိုင် အောင်လို့ ဂိမ်းထဲမှာပါတဲ့ စကားအသုံးအနှုန်းအသစ်တွေကို ချရေးပြီး မှတ်မထားပါနဲ့။ နောက်တစ်ကြိမ် ဂိမ်းကို ကစားပြီး သိသွားအောင်သာ ကြိုးစားပါ။
၂၅။ နေ့စဉ်လုပ်စရာရှိတာတွေ လုပ်နေတဲ့အချိန်မှာ ဘာတွေလုပ်နေတယ်ဆိုတာကို အင်္ဂလိပ်လိုပြောပါ။ ဒါမှမဟုတ် စဉ်းစားကြည့်ပါ။ လုပ်စရာတွေကို လုပ်နေတဲ့အချိန်မှာ ဘာလုပ်နေတယ်ဆိုတာကို ဖော်ပြတဲ့ ၀ါကျတွေ တည်ဆောက်ကြည့်ပါ။ ဥပမာ အအေးပုလင်းအဖုံးကို ဖွင့်နေတယ် စသည်ဖြင့် စဉ်းစားဖို့ ဖြစ်ပါတယ်။ အဲဒီလို စဉ်းစားခြင်းအားဖြင့် မိခင်ဘာသာ စကားကနေ ဘာသာမပြန်ဘဲ အင်္ဂလိပ်လို စဉ်းစားတတ်ဖို့ အလေ့အကျင့်ရလာနိုင်ပါတယ်။ နေ့စဉ်ဘ၀မှာရှိနေတဲ့ အကြောင်းအရာတွေကို ဖော်ပြဖို့ ရိုးရှင်းတဲ့ ဝေါဟာရတွေ မသိသေးရင်လည်း ဘာတွေမသိသေးဘူးဆိုတာကို ကောင်းကောင်း သိလာနိုင်ပါတယ်။
၂၆။ အင်္ဂလိပ်လိုစာတမ်းထိုးတဲ့ အင်္ဂလိပ်စကားပြော ရုပ်ရှင်တွေကို ကြည့်ပါ။ အချို့လူတွေက စာတမ်းမထိုးတဲ့ ရုပ်ရှင်ကို ကြည့်ရင် နားမလည်နိုင်ဘူး။ ဒါပေမယ့် ကိုယ့်ဘာသာစကားနဲ့ စာတမ်းထိုးတဲ့ ရုပ်ရှင်တွေကို ကြည့်ပြန်တော့လည်း စာတမ်းတွေကိုသာ ဖတ်နေပြီး အင်္ဂလိပ်လို ပြောတာကို နားမထောင်မိတော့ဘဲ ဖြစ်တတ်ပါတယ်။ အဲဒါဆိုရင် အင်္ဂလိပ်လို စာတမ်းထိုးပြီးကြည့်ဖို့ ဦးတည်ပြီး ကြိုးစားကြည့်ပါ။ ရုပ်ရှင်တစ်ကားလုံးကို အင်္ဂလိပ်စာတမ်းနဲ့ ကြည့်ဖို့ ခက်လွန်းနေတယ် ဆိုရင် (ပုံမှန်အားဖြင့် အရေးကြီးဆုံးအပိုင်းဖြစ်တဲ့) ပထမ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ကို ကိုယ့်ဘာသာစကားနဲ့ ကြည့်ပြီး အဲဒီနောက်ပိုင်းမှာ အင်္ဂလိပ်ဘာသာစကားနဲ့ ကြည့်ပါ။ ရုပ်ရှင်ဇာတ်လမ်းကို လုံးဝမသိတော့ဘဲ လမ်းပျောက်သွားမှပဲ စာတမ်းပြောင်းပြီး ကိုယ့်ဘာသာစကားနဲ့ ကြည့်ပါ။
၂၇။ ကိုယ့်ဘာသာစကားပြောတဲ့ ရုပ်ရှင်တွေကို အင်္ဂလိပ်လိုစာတမ်းထိုးပြီးကြည့်ပါ။ အင်္ဂလိပ်စကားပြော ရုပ်ရှင်တွေကို အင်္ဂလိပ်စာတမ်းထိုးနဲ့ပဲ ကြည့်ရတာ ခက်လွန်းနေတယ်ဆိုရင် ဒါမှမဟုတ် ကိုယ့်အိမ်နားမှာရှိတဲ့ ဗီဒီယိုဆိုင်မှာ အင်္ဂလိပ်စကားပြော၊ အင်္ဂလိပ်စာတမ်းထိုးရုပ်ရှင်တွေ မရှိဘူးဆိုရင် ဒီနည်းဟာ ဒုတိယအကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှရုပ်ရှင်တွေထဲမှာ အင်္ဂလိပ်စာတမ်းထိုးတဲ့ ရုပ်ရှင်တွေကို ရှာပြီးတော့ ကြည့်မယ်ဆိုရင် အရည်အသွေးကောင်းတဲ့ ရုပ်ရှင်တွေလည်း ဖြစ်တတ်ပါတယ်။ နိုင်ငံတကာမှာ လူကြိုက်များမယ်လို့ ထုတ်လုပ်သူတွေက ယူဆတဲ့အတွက်ဖြစ်ပါတယ်။
၂၈။ ကိုယ့်ဘာသာစကားနဲ့ စာတမ်းထိုးထားတဲ့ အင်္ဂလိပ်စကားပြော ရုပ်ရှင်တွေကို ကြည့်ပါ။ အင်္ဂလိပ်စကားပြော ရုပ်ရှင်ကို အင်္ဂလိပ်စာတမ်းထိုးနဲ့ပဲ ကြည့်တာလောက် မကောင်းပေမယ့် ပိုပြီးတော့ အေးအေးဆေးဆေး အများကြီးအားမစိုက်ရဘဲ ကြည့်နိုင်ပါတယ်။ သင့်တော်တဲ့ ဒီဗီဒီတွေလည်း ရှာလို့လွယ်ပါတယ်။ နောက်ပြီး ဗီဒီယိုခွေ (VHS) နဲ့လည်း ကြည့်နိုင်ပါတယ်။
၂၉။ ရုပ်ရှင် ဒါမှမဟုတ် TV ဇာတ်လမ်းအပိုင်းတစ်ခုကို ထပ်ခါထပ်ခါကြည့်ပါ။ ဒီဗီဒီ ၀ယ်ရတဲ့စရိတ် သက်သာသွားရုံမကဘဲ ဘာသာစကားကို မလေ့လာဘဲ တတ်သွားနိုင်ပါတယ်။ အချို့ ဟာသကားတွေက အကြိမ်ကြိမ်ပြန်ကြည့်ရင် ပိုပြီးရယ်စရာကောင်းလာတတ်ပါတယ်။ အထူးသဖြင့် စာတမ်းမထိုးဘဲ ကြည့်မယ်ဆိုရင် တစ်ကြိမ်ကြည့်တိုင်း နည်းနည်းပိုပြီး နားလည်လာတဲ့အတွက် ပိုပြီးရယ်စရာ ကောင်းလာနိုင်ပါတယ်။
၃၀။ ကိုယ့်ရဲ့ ဘာသာစကားအဆင့်ကို ကိုယ်တိုင်သိပါ။ ဘာသာစကားသင်တဲ့သူ အများအပြား တိုးတက်မှု နှေးကွေးရခြင်း အကြောင်းတစ်ကြောင်းကတော့ ကြိုးစားလွန်းပြီး ဦးနှောက်က အသင့်မဖြစ်သေးတဲ့ စာတွေကို ဖတ်နေလို့ပါဘဲ။ အင်တာနက်မှာ အင်္ဂလိပ်စာအဆင့်ကို စစ်ပေးတဲ့ စာမေးပွဲမျိုး ရှိပါတယ်။ ဖြေကြည့်ပါ။ ဒါမှမဟုတ်ရင်လည်း FCE/ CAE/ IELTS/ TOEIC/ TOEFL စသည်ဖြင့် အင်္ဂလိပ်ဘာသာစကား စာမေးပွဲမျိုးကို ဖြေကြည့်ပါ။ တချို့ဘာသာစကား ကျောင်းတွေမှာ သင်တန်း မတက်ခင် စမ်းသပ်တဲ့အနေနဲ့ အင်္ဂလိပ်စာအဆင့် ဘယ်လောက်ရှိသလဲ အခမဲ့ စစ်ဆေးပေးတာလည်း ရှိပါတယ်။ အခမဲ့သင်ကြားပေးတာလည်းရှိပါတယ်။ အဲဒါမျိုးတွေကို အသုံးပြုပြီး အင်္ဂလိပ်စာအဆင့် ဘယ်လောက်ရှိသလဲ သိနိုင်မှာဖြစ်ပါတယ်။ အဲဒါဆိုရင် သင့်တော်တဲ့ ကိုယ်တိုင်သင် စာအုပ်စာတမ်းတွေကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
၃၁။ စာဖတ်နိုင်တဲ့အဆင့်ကိုလည်း ကိုယ့်အဆင့်ကို ကိုယ်သိဖို့ဖြစ်ပါတယ်။အားလုံးနီးပါး နားလည်တဲ့စာကို ဖတ်မယ်ဆိုရင် အများဆုံး တိုးတက်မှုရှိတယ်လို့ သုတေသနပြုလုပ်သူ အများစုက သဘောတူညီကြပါတယ်။ စာတစ်မျက်နှာလုံးမှာ မမြင်ဘူးတဲ့စကားလုံး တစ်လုံးနှစ်လုံးပဲရှိတယ်ဆိုရင် အဲဒါဟာ ကိုယ်နဲ့ကိုက်ညီတဲ့ အဆင့်ပါပဲ။ စာမျက်နှာတစ်မျက်နှာမှာ မသိတဲ့စာလုံး ၃လုံးနဲ့အထက် ပါနေပြီဆိုရင် ဒီထက်လွယ်တဲ့စာမျိုး ဖတ်သင့်ပါတယ်။ နောက်မှ ခက်တဲ့စာကို ပြန်ကြိုးစားကြည့်ဖို့ဖြစ်ပါတယ်။
၃၂။ အဆင့်လိုက်ပြုစုထားတဲ့ ဖတ်စာအုပ် (Graded readers) တွေကိုဖတ်ပါ။(အလွယ်ဖတ် ဖတ်စာစာအုပ်တွေဖြစ်ပါတယ်။) အဲဒီစာအုပ်တွေကို ဘာသာစကားသင်သူတွေအတွက် သီးသန့်ရည်ရွယ်ပြီးရေးသားထားတာဖြစ်ပါတယ်။ ဥပမာ ပင်ဂွင်းဖတ်စာအုပ်တွေ (Penguin Readers) ဖြစ်ပါတယ်။ သတင်းစာ ဒါမှမဟုတ် အင်တာနက်မှာ ရေးထားတဲ့ စာတွေလောက် စိတ်ဝင်စားစရာကောင်းတာမျိုး ရှာဖတ်ဖို့ ခက်တတ်ပေမယ့် အဆင့် သတ်မှတ်ထားတဲ့ ဖတ်စာစာအုပ်တွေကို ဖတ်မယ်ဆိုရင် အများကြီး တိုးတက်မှုရှိနိုင်ပါတယ်။ အလုပ်အတွက် ဖတ်ရတဲ့သူတွေ၊ စာမေးပွဲအတွက် ဖတ်ရတဲ့သူတွေသာလျှင် ဘာသာစကား တတ်မြောက်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး ပိုပြီးတော့ တတ်မြောက်နိုင်ပါတယ်။ Charles Dickens လိုမျိုး ဂန္ထ၀င်စာအုပ်တွေကို လွယ်ကူအောင် အဆင့်သတ်မှတ်ပြီးပြန်ရေးထားတဲ့ ဖတ်စာစာအုပ်တွေ ဖတ်ခြင်းအားဖြင့် အင်္ဂလိပ်စကား ပြောတဲ့ နိုင်ငံတွေက စာပေနဲ့ ယဉ်ကျေးမှု အကြောင်း အထွေထွေဗဟုသုတတွေ အချိန်တိုအတွင်း အများအပြားရသွားတဲ့ အကျိုးကျေးဇူးကိုလည်း ရရှိမှာဖြစ်ပါတယ်။
၃၃။ စာတစ်အုပ်လုံးကို အကူအညီမယူဘဲ ဖတ်ကြည့်ပါ။အဘိဓာန်သုံးမယ်ဆိုရင် ဝေါဟာရ အသုံးအနှုန်းတွေ၊ ကာလတိုနှင့် ကာလရှည်နှစ်မျိုးစလုံး သင်ဖို့ အထောက်အကူဖြစ်တယ်လို့ တွေ့ရပါတယ်။ ဒါပေမယ့် အဘိဓာန်သုံးနေရတဲ့အတွက် စာဖတ်ရတာ နှေးသွားတတ်ပါတယ်။ အဲဒါဆို တချို့လူတွေက အင်္ဂလိပ်လို လုံးဝမဖတ်ဖြစ်တော့ဘူး။ တစ်ခါတစ်ခါ စာအုပ်တစ်အုပ်လုံးကို အလျင်အမြန် အပျော်ဖတ် ဖတ်သွားတာမျိုး လုပ်မယ်ဆိုရင် အခြားဘာသာစကားတစ်ခုနှင့် စာဖတ်ရတဲ့ အရသာကို သိရှိခံစားနိုင်မှာ ဖြစ်ပါတယ်။
၃၄။ တစ်အုပ်လုံး တစ်လုံးမကျန် ဖတ်မှတ်ပါ။ဒါကတော့ တခြားတစ်ဖက်စွန်းဖြစ်ပါတယ်။ ပင်ပန်းပေမယ့် စာအုပ်တစ်အုပ်လုံး တစ်လုံးမကျန် လေ့လာဖတ်ရှုပြီးတဲ့အခါ စိတ်ကျေနပ်စရာ အင်မတန်ကောင်းပါတယ်။ တစ်အုပ်လုံး ကျေကျေညက်ညက် ဖတ်ဖို့ လွယ်ကူတဲ့စာအုပ်မျိုး၊ ဝေါဟာရအသုံးအနှုန်းတွေကလည်း အသုံးဝင်တဲ့စာအုပ်မျိုးဖြစ်အောင်လို့ ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ အခြား အကြံပြုချက်တွေကို ကြည့်ပြီး ဘယ်စာအုပ်ကို စေ့စေ့စပ်စပ် ဖတ်မလဲ ရွေးချယ်ပါ။
၃၅။ အင်္ဂလိပ်စကားပြော ကလေးရုပ်ရှင်တွေ၊ ရုပ်မြင်သံကြားအစီအစဉ်တွေကို ကြည့်ပါ။ကလေးတွေ အတွက် ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ ရုပ်မြင်သံကြားအစီအစဉ်တွေမှာပါတဲ့ ဝေါဟာရအသုံးအနှုန်းအချို့ဟာ နည်းနည်းထူးဆန်းနိုင်ပါတယ်။ (တိရစ္ဆာန်နာမည်တွေ အများအပြားပါနိုင်ပါတယ်။ တိရစ္ဆာန်အသံတွေလည်း ပါနိုင်ပါတယ်။ ပစ္စည်းတွေကို ကလေးပြော ပြောပြီး ခေါ်ဝေါ်သုံးနှုန်းတာလည်း ပါနိုင်ပါတယ်။) ဒါပေမယ့် စကားအသုံးအနှုန်းတွင်မက ဇာတ်လမ်းဖွဲ့စည်းပုံကိုလည်း ရိုးရှင်းမှာဖြစ်တဲ့အတွက်ကြောင့် ကြည့်ရတာ လွယ်ကူပြီး စိတ်ပါဝင်စားမှု ရှိနိုင်ပါတယ်။ ဘာသာစကားသင် စာအုပ်စာတမ်းတွေမှာလိုပဲ စကားအသုံးအနှုန်း တစ်ခုတည်းကို မကြာခဏ ထပ်ကာထပ်ကာ ပြောထားပြီး မှတ်မိလွယ်စေပါတယ်။ ဆိုလို့ကောင်းတဲ့ သီချင်းတွေ သုံးထားခြင်းစတဲ့ အခြားအချက်တွေကြောင့်လည်း အလွယ်တကူ မှတ်မိနိုင်ပါတယ်။
၃၆။ အင်္ဂလိပ်လိုရေးထားတဲ့ ကလေးစာအုပ်တွေကိုဖတ်ပါ။ ဒါကလည်း အင်္ဂလိပ်စကားပြော ကလေး ရုပ်ရှင်တွေကို ကြည့်သလိုပါဘဲ။ လူကြီးအတွက် စာအုပ်တွေမှာထက် အရုပ်တွေပိုပါတော့ ဖတ်ရတာ ပိုလွယ်ပါတယ်။ ဇာတ်လမ်းကို နားလည်ဖို့အထောက်အကူဖြစ်ပြီး ရောင်စုံ စာမျက်နှာတွေမို့ ဖတ်ချင်စဖွယ်လည်း ဖြစ်ပါတယ်။
၃၇။ သင်ယူလေ့လာရမယ့် ဘာသာစကား အသုံးအနှုန်းတွေကို စာရင်းလုပ်ထားပါ။ ဥပမာ Vocabulary စာရင်းလုပ်ထားပါ။ Vocabulary စာရင်းကို လေ့လာကျက်မှတ်ဖို့ အချိန်မရလို့ စာရင်းထဲမှာ Vocabulary တွေ စုပုံလာနေသည့်တိုင်အောင် ဘယ်စကားလုံးတွေကို တတ်ဖို့လိုတယ်၊ ကျက်မှတ်ရမယ့်စာရင်းထဲမှာ ထည့်ထားရမယ်ဆိုပြီး ရွေးချယ်ရတဲ့အတွက် အဲဒီစကားလုံးတွေ တတ်ဖို့ အထောက်အကူပြုနိုင်ပါတယ်။
၃၈။ Vocabulary စာရင်းကို တစ်နေ့ ၃-၄ ကြိမ် ပြန်ကြည့်ပေးပါ။ အလုပ်သွားတဲ့လမ်းမှာ၊ ရထားစီး၊ ကားစီးသွားစဉ်မှာ Vocabulary စာရင်းထဲက စကားလုံးတွေကို မှတ်သားနေရတာ အဆင်မပြေဘူးဆိုရင် ဒါမှမဟုတ်ရင် ရှက်တယ်ဆိုရင် အီလက်ထရောနစ်အဘိဓာန် (Electronic Dictionary) ထဲမှာ ထည့်ထားလို့ရပါတယ်။ ဒါမှမဟုတ် လက်ကိုင်ဖုန်းထဲက To Do List (လုပ်စရာများစာရင်း) ထဲမှာ ထည့်ထားနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း mp3 ဖွင့်စက် (ဥပမာ iPod ) ထဲမှာ စာသားဖိုင်အနေနဲ့ ထည့်ထားလို့ရပါတယ်။ Format တစ်ခုကနေ တစ်ခုပြောင်းပြီးတော့ အဲဒီလိုအချက်အလက်တွေ စကားလုံးတွေ ထည့်နေရတဲ့အတွက် အချိန်အလဟဿဖြစ်သွားတယ်လို့ ထင်ရပေမယ့် ဒီလိုမျိုး Vocabulary တွေကို အချိန်ပေးပြီး အသုံးပြုမယ်ဆိုရင် အဲဒီ Vocabulary ကို တတ်သွားမှာပဲ ဖြစ်ပါတယ်။
၃၉။ Vocabulary စာရင်းကို အင်္ဂလိပ်လို တစ်မျိုးတည်းသာ ရေးပါ။ ဘာသာပြန် မနေတော့ဘဲ နားလည်နိုင်စွမ်း၊ ပြန်ပြောနိုင်စွမ်း အမြန်နှုန်း မြင့်လာစေဖို့ နည်းလမ်းတစ်ခုကတော့ ပထမ ဘာသာစကားကို အသုံးမပြုတော့ဘဲ ဝေါဟာရအသစ်တွေ အားလုံးကို သင်ယူဖို့ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာတစ်မျိုးတည်း Vocabulary စာရင်းရေးဖို့အတွက် အဓိပ္ပာယ်တူ စကားလုံးတွေ (ဥပမာ tall နဲ့ high)၊ ဆန့်ကျင်ဘက်စာလုံးတွေ (ဥပမာ့  high နဲ့ low) ကို သုံးနိုင်ပါတယ်။ စကားလုံးမှာ အသံအပိုင်း (စည်းချက်) ဘယ်နှစ်ခုရှိတယ် (ဥပမာ Decision ဆိုရင် ၃ပိုင်း)၊ ဘယ်အပိုင်းကို ဖိဆိုရမယ် (ဥပမာ Banana ဆိုရင် ဒုတိယအပိုင်း) စသည်ဖြင့် အသံထွက်ပိုင်းဆိုင်ရာတွေလည်း ရေးမှတ်ထားရမယ်။ စကားလုံးရဲ့ အသုံးအနှုန်းကို ဖော်ပြတဲ့ ၀ါကျတွေကိုလည်း ကွက်လပ်ဖြည့်ပုံစံနဲ့ ရေးထားရပါမယ်။ (ဥပမာ Interest (စိတ်ပါဝင်စား) သုံးနှုန်းပုံကို I am not ............... in science fiction (ကျွန်တော် သိပ္ပံဝတ္ထုကို ------ခြင်းမရှိ) လို့ မှတ်သားထားနိုင်ပါတယ်။)
၄၀။ ဖျက်ပစ်ပါ။ သင်ယူပြီးစကားလုံးတွေ၊ ၀ါကျတွေ ဒါမှမဟုတ် စာမျက်နှာတစ်ခုလုံး ဖျက်ပစ်လိုက်ခြင်း အားဖြင့် စိတ်ဓာတ်တက်ကြွလာနိုင်ပါတယ်။ သင်ရမယ့် စကားလုံးစာရင်း သိပ်များမလာတဲ့ အတွက် ကြောင့်လည်း ကိုင်တွယ်နိုင်မယ့်အနေအထားပဲ ဖြစ်နိုင်ပါတယ်။
၄၁။ မှတ်စုတွေအားလုံးလွှင့်ပစ်လိုက်ပြီး အသစ်ပြန်စနိုင်ပါတယ်။ တချို့လူတွေအတွက် စာမသင်ချင်တော့ဘဲ နောက်ဆုတ်သွားရတဲ့ အကြောင်းတစ်ခုကတော့ တစ်ဝက်တစ်ပျက်ပဲ ဖတ်ရသေးတဲ့ စာအုပ်တွေက အပုံလိုက်၊ ကျက်ရမယ့် Vocubulary စာရင်းကလည်း အရှည်ကြီးဖြစ်နေတာပါဘဲ။ အဲဒါတွေအကုန်လုံးကို ဘေးဖယ်ထားလိုက်ပြီး အစကနေ အသစ်တဖန် ပြန်စမယ်ဆိုရင် စိတ်အားထက်သန်ပြီး စာပြန်ဖတ်ဖြစ် လာနိုင်ပါတယ်။
၄၂။ အိမ်ထဲကပစ္စည်းတွေ၊ ရုံးကပစ္စည်းတွေမှာ post-it စာရွက်လေးတွေနဲ့ အခေါ်အဝေါ်တွေ ရေးပြီး ကပ်ထားနိုင်ပါတယ်။ နေ့စဉ် မြင်တွေ့အသုံးပြုနေတဲ့ အရာဝတ္ထုအမည် ဝေါဟာရတွေကို အလွယ်ဆုံး သင်ယူနည်းပဲဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတွေရဲ့ အမည်တွေကို စာရွက်ကလေးတွေနဲ့ ရေးပြီး လိုက်ကပ်ထားမယ်ဆိုရင် အသုံးဝင်တဲ့ ဝေါဟာရတွေ တတ်မြောက်လာဖို့ အင်မတန်ကောင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။ လာမယ့်နေ့တွေ၊ ရက်သတ္တပတ်တွေမှာ အဲဒီ Vocabulary တွေကို ဆက်ပြီး ကပ်ထားနိုင်ပါတယ်။ စနစ်တကျ တတ်မြောက်ပြီးတဲ့အထိ Vocabulary ကို အလွယ်တကူပြန်နွှေးပြီး ဖြစ်သွားနိုင်ပါတယ်။
၄၃။ ရုပ်ပုံမှာစာတမ်းထိုးပါ။ တကယ့်ပစ္စည်းတွေမှာ စာတမ်းမထိုးနိုင်ဘူးဆိုရင် ဒုတိယအကောင်းဆုံး နည်းလမ်းကတော့ ရုံးခန်းလိုမျိုး နေ့စဉ်ဘ၀ တကယ်တမ်း ကြုံတွေ့နေရတဲ့ နေရာကို ဓာတ်ပုံရိုက်လိုက်ပြီး Printer နဲ့ထုတ်၊ ပြီးရင် ပုံမှာပါတဲ့ အရာဝတ္ထုတွေအားလုံးကို အင်္ဂလိပ်လို စာတမ်းထိုးဖို့ဖြစ်ပါတယ်။ အဘိဓာန်ရဲ့အကူအညီနဲ့ စာတမ်းထိုးပါ။ ဘူတာရုံလိုမျိုး နေ့စဉ်ဖြတ်သန်းသွားရတဲ့ နေရာတွေကိုလည်း အလားတူ ဓာတ်ပုံရိုက်၊ Print ထုတ်၊ စာတမ်းထိုးနိုင်ပါတယ်။ ဒီမြင်ကွင်းကိုပဲ ထပ်ကာထပ်ကာ မြင်ရမှာဖြစ်တဲ့အတွက် အရာဝတ္ထုတွေအတွက် ဝေါဟာရတွေကို အလွယ်တကူ တတ်မြောက်သွားမှာ ဖြစ်ပါတယ်။
၄၄။ အင်္ဂလိပ်လိုနေ့စဉ်မှတ်တမ်းရေးပါ။ အင်္ဂလိပ်လို မကြာခဏပြောဖို့ အခွင့်အလမ်း မရသူတွေ၊ ဘာရေးရမလဲ စဉ်းစားလို့ မရသူတွေအတွက် နေ့စဉ်မှတ်တမ်း ရေးချင်အောင်၊ အင်္ဂလိပ်စကားကို အသုံးပြုဖြစ်အောင် လုပ်နိုင်တဲ့ လူကြိုက်များတဲ့ နည်းလမ်းတစ်ရပ်ပဲဖြစ်ပါတယ်။ နေ့စဉ် တကယ်တမ်း ဖြစ်ပျက်ခဲ့တာတွေ အကြောင်းကို ရေးရမှာဖြစ်တဲ့အတွက် အဘိဓာန်ရှာရတဲ့ ဝေါဟာရတွေဟာလည်း အသုံးဝင်ပြီး သင်ယူလို့ လွယ်မှာဖြစ်ပါတယ်။
၄၅။ အင်တာနက်မှာ Chat လုပ်ပါ။ အင်္ဂလိပ်လိုပြောဖို့ အခွင့်အလမ်း မရရှိသူတွေအတွက် အင်တာနက်မှာ Chat လုပ်ခြင်းဟာ စကားပြောတာနဲ့ အနီးစပ်ဆုံး ဖြစ်ပါတယ်။ စဉ်းစားပြီး အလျင်အမြန် တုံ့ပြန်ရမှာ ဖြစ်တဲ့အတွက် စကားအသုံးအနှုန်း တိုတောင်းပြီး ပြောစကားလိုပဲ အလွတ်သဘော သုံးနှုန်းရမှာ ဖြစ်ပါတယ်။
၄၆။ အင်္ဂလိပ်ဘာသာနဲ့ထုတ်လွှင့်တဲ့ ရေဒီယိုသတင်းကိုနားထောင်ပါ။ ပိုလွယ်အောင်လို့ သတင်းကို အင်္ဂလိပ်လို ဖတ်ထားပြီးမှ နားထောင်နိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ့်ရဲ့ဘာသာစကားနဲ့ သတင်းကို ကြိုဖတ် ကြိုနားထောင်ထားနိုင်ပါတယ်။
၄၇။ အင်္ဂလိပ်ဘာသာ သတင်းစာကို ဖတ်ပါ။ လန်ဒန်မှာ Metro သတင်းစာလို အခမဲ့ရတဲ့ သတင်းစာတွေက ဖတ်လို့ အလွယ်ဆုံး ဖြစ်တတ်ပါတယ်။ အဲဒီနောက်တော့ အင်္ဂလိပ်ဘာသာ အသုံးအနှုန်း ခက်ခဲမှု အလယ်အလတ်အဆင့်ရှိတဲ့ Daily Express သတင်းစာ၊ Daily Mail သတင်းစာတွေ ရှိပါတယ်။ The Sun လိုမျိုး လူကြိုက်များတဲ့ သတင်းစာတွေကတော့ မျက်နှာဖုံးသတင်းခေါင်းစဉ်တွေ၊ ဆောင်းပါးတွေမှာ Idiom တွေ၊ ဘန်းစကားအသုံးအနှုန်းတွေ နောက်ပြီးတော့ ဟာသတွေလည်း ထည့်ရေးထားတဲ့အတွက်ကြောင့် ပိုပြီးတော့ ခက်ခဲတတ်ပါတယ်။
၄၈။ အင်္ဂလိပ်လိုဝတ္ထုရေးပါ။ ဥပမာ ၀တ္ထုတိုရေးနိုင်ပါတယ်။ နေ့တိုင်းဘာတွေဖြစ်ပျက်တယ်ဆိုတာကို နေ့စဉ်မှတ်တမ်းရေးရတာ ပျင်းရိငြီးငွေ့သူတွေအတွက် အကောင်းဆုံးကတော့ စိတ်ကူးစိတ်သန်းရှိတဲ့အတိုင်း ခေါင်းထဲဝင်လာတာတွေကို လွတ်လွတ်လပ်လပ် ရေးခြင်း ဖြစ်ပါတယ်။ ဒီအတွက် ကောင်းကျိုးကတော့ အင်္ဂလိပ်လိုတစ်ခုခုကို ဘယ်လို ပြောရမလဲ စဉ်းစားလို့မရဘူးဆိုရင် ရေးလို့လွယ်တဲ့ အကြောင်းအရာ တစ်ခုကို ပြောင်းလဲလိုက်လို့ ရပါတယ်။ အင်္ဂလိပ်လို ၀တ္ထုစရေးဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့ နေ့စဉ်မှတ်တမ်းရေးတာကနေစပြီး အသေးစိတ် အချက်အလက်လေးတွေကို ပြောင်းပြီးတော့ စိတ်ဝင်စားစရာ ဖြစ်လာအောင် လုပ်နိုင်ပါတယ်။ ၃ပတ် ၄ပတ် စသည်ဖြင့် အချိန်ကြာလာတာနှင့်အမျှ စိတ်ကူးယဉ်အချက်တွေကို ပိုပြီးတော့ထည့်နိုင်ပါတယ်။
၄၉။ အင်္ဂလိပ်ဘာသာစကား လေ့ကျင့်ခန်း ဗီဒီယိုတွေကို ကြည့်နိုင်ပါတယ်။ ကလေးတွေ ဘာသာစကား သင်တာနဲ့လည်း ဆင်တူပါတယ်။ နားထောင်၊ စောင့်ကြည့်၊ လိုက်လုပ် ပုံစံ ဖြစ်ပါတယ်။ ကျန်းမာရေး အတွက်လည်း ကောင်းပါတယ်။
၅၀။ အင်္ဂလိပ်ဘာသာနဲ့ပြောတဲ့ နာမည်ကြီး မိန့်ခွန်း ဒါမှမဟုတ် နာမည်ကြီးကဗျာကို သင်ယူပါ။ အဲဒီထဲမှာပါတဲ့ စကားအသုံးအနှုန်းအတိုင်း အတိအကျပြောဖို့ အခွင့်အလမ်း ရချင်မှ ရပါမယ်။ အဲဒီလို ပြောတာလည်း ကြားချင်မှ ကြားရပါမယ်။ ဒါပေမယ့် ခေါင်းထဲမှာ မှတ်သားဖွယ်ရာ အင်္ဂလိပ်ဘာသာ သဒ္ဒါအသုံးအနှုန်းပုံစံတွေ နမူနာ ရှိထားခြင်းအားဖြင့် အခြား သဒ္ဒါအသုံးအနှုန်းပုံစံတွေကို ကြားရတဲ့အခါမှာ တတ်ဖို့အများကြီးလွယ်သွားတတ်ပါတယ်။ သဒ္ဒါလေ့ကျင့်ခန်းတွေလောက် ပျင်းစရာမကောင်းဘဲ ထပ်ကာထပ်ကာလည်း လေ့ကျင့်နိုင်မှာဖြစ်ပါတယ်။
၅၁။ ရုပ်ရှင်ကြည့်တဲ့အခါမှာ အဘိဓာန်ကိုင်ပြီးကြည့်ပါ။ ရုပ်ရှင်တွေမှာ ဒီစကားလုံးကိုပဲ အကြိမ်ပေါင်း များစွာ သုံးထားတတ်ပါတယ်။ ဒါကြောင့် စကားလုံးတွေကို ပထမအကြိမ် ဒါမှမဟုတ် ဒုတိယအကြိမ် ကြားတဲ့အခါမှာ အရေးကြီးတဲ့စကားလုံးတွေကို အဘိဓာန်မှာ ရှာထားမယ်ဆိုရင် ရုပ်ရှင်လည်း ဆုံးရော အဲဒီစကားလုံးတွေကို တတ်သွားမှာဖြစ်ပါတယ်။ အင်္ဂလိပ် စာတမ်းထိုးပြီး ကြည့်မယ်ဆိုရင် အဘိဓာန် သုံးရတာ ပိုပြီးတော့ လွယ်မှာ ဖြစ်ပါတယ်။
၅၂။ အသံထွက်သင်္ကေတတွေကို သင်ထားပါ။ အသုံးပြုပါ။ အင်္ဂလိပ်ဘာသာမှာ စာလုံးပေါင်း ပုံစံတွေက အသံအရေအတွက်ထက် ပိုများတယ်။ အသံထွက်သင်္ကေတတွေကို သင်ယူပြီး Vocabulary ရေးတဲ့အခါမှာ အသံထွက်သင်္ကေတပါ တစ်ပါတည်းရေးခြင်းအားဖြင့် Vocabulary သင်တဲ့အဆင့်တစ်ဆင့် ထပ်ဖြည့် နိုင်တယ်၊ ပိုပြီး နှံ့နှံ့စပ်စပ် လေ့လာနိုင်တဲ့အပြင် အသံထွက်လည်း ပိုကောင်းလာမှာ ဖြစ်ပါတယ်။ အသံထွက်တစ်ခုတည်းကိုပဲ နည်းလမ်းအမျိုးမျိုးနဲ့ စာလုံးပေါင်းထားတာတွေကို မှန်းဆပြီး အသံထွက်စရာ မလိုတော့တဲ့အတွက်ကြောင့်လည်း ပိုပြီးတော့ လွယ်ကူအဆင်ပြေသွားမှာဖြစ်ပါတယ်။
၅၃။ စာလုံးပေါင်းစည်းမျဉ်းတွေကိုသင်ယူပါ။ အင်္ဂလိပ်စာလုံးပေါင်းက ကြုံရာကျပန်း စာလုံးပေါင်းတာမျိုးလို့ လူအတော်များများက ထင်ကြပါတယ်။ ဒါပေမယ့် တကယ်တော့ စကားလုံး အများစုက စည်းမျဉ်း တစ်မျိုးမျိုးနဲ့ ကိုက်ညီလေ့ရှိပါတယ်။ ဥပမာ mad နဲ့ made လိုမျိုး နောက်ဆုံးမှာ e ပါတဲ့အတွက် အသံထွက်ပြောင်းလဲသွားတာမျိုးဖြစ်ပါတယ်။
၅၄။ ကိုယ့်အသံကို အသံသွင်းထားပြီး ပြန်နားထောင်ပါ။ ဆရာဆရာမက အသံထွက်ပြင်ပေးတာမျိုးမရှိရင် ဒါမှမဟုတ် နည်းပါးလို့ရှိရင် ကိုယ့်ဘာသာ အသံသွင်းပြီး ပြန်နားထောင်ခြင်းဖြင့် အင်္ဂလိပ်ဘာသာ အသံထွက်တွေ တကယ်တမ်း မှန်အောင် ထွက်နိုင်ရဲ့လား ပြန်ပြီးကြားနိုင်မှာဖြစ်ပါတယ်။
၅၅။ အသံထွက်ကို ကွန်ပျူတာနဲ့ စစ်ပါ။ အသံထွက် မှန်မမှန် ပြပေးနိုင်တယ်ဆိုတဲ့ ကွန်ပျူတာပရိုဂရမ် အများစုက တကယ်တမ်းတော့ အတိအကျ မှန်အောင် မပြနိုင်ပါဘူး။ ဒါပေမယ့် အကြိမ်ကြိမ်နားထောင်ပြီး စီဒီမှာပါတဲ့ အသံထွက်တွေအတိုင်း ကိုက်ညီအောင် အကြိမ်ကြိမ် ပြောရတဲ့အပြင် အသံလှိုင်းပုံစံတွေကို တွေ့မြင်နေရတဲ့အတွက် လေ့ကျင့်လို့ကောင်းတယ်။ ကိုယ့်အသံကို အသံသွင်းတာထက်လည်း ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်။
၅၆။ အကြောင်းအရာတစ်ခုနဲ့ပတ်သက်တဲ့ စကားလုံးတွေကို တတ်နိုင်သလောက်များများ သင်ယူပါ။ ဥပမာ တိရစ္ဆာန်အမည်တွေ ဖြစ်ပါတယ်။ ဆင်တူစကားလုံးတွေကို အတွဲလိုက် သင်ယူခြင်းအားဖြင့် အထွေထွေ ဝေါဟာရကြွယ်ဝလာပြီး ဦးနှောက်ထဲမှာလည်း စကားလုံး တစ်လုံးနဲ့တစ်လုံးအကြား ချိတ်ဆက်မှတ်သား နိုင်တဲ့အတွက် သင်ရတာလွယ်နိုင်ပါတယ်။
၅၇။ ပြည်ပကို အားလပ်ရက် ခရီးထွက်ပါ။ ပြည်ပမှာ နေ့စဉ်နေထိုင်မှုအတွက် တခြားသူတွေ နားလည်အောင် အင်္ဂလိပ်လို တကယ်တမ်း ပြောရမယ့် အခြေအနေတွေ ကြုံတွေ့ရမှာဖြစ်ပါတယ်။ အဲဒီအပြင် ခရီးမထွက်ခင် ရက်သတ္တပတ်၊ လများ အတွင်းမှာ အင်္ဂလိပ်စာကို အလေးအနက် လေ့လာဖို့လည်း စိတ်အားထက်သန်စေမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်ဘာသာစကားကို အသုံးပြုနိုင်တဲ့ အချိန်မှာတောင် အင်္ဂလိပ်ဘာသာစကားကို အသုံးပြုဖို့ ကြိုးစားပါ။ ဥပမာ ပြတိုက်မှာ လမ်းညွှန်နဲ့တကွ လျှောက်ကြည့်တာမျိုး၊ သမိုင်းဝင်နေရာမှာ လျှောက်ကြည့်တာမျိုး၊ အင်တာနက်ကနေ လေယာဉ်လက်မှတ် ကြိုတင်မှာထားတာမျိုး ဖြစ်ပါတယ်။ အုပ်စုလိုက် သွားမယ့်နေရာ သတ်မှတ်ပြီး ခရီးစဉ် (package tour) တွေမှာတော့ အင်္ဂလိပ်စကားပြောရဖို့ အခွင့်အလမ်း နည်းတတ်ပါတယ်။
၅၈။ တတ်ချင်တဲ့စကားလုံးတွေကို ရုပ်ပုံရေးဆွဲပါ။ အနုပညာဝါသနာပါသူဆိုရင် ဝေါဟာရတွေကို ရုပ်ပုံဆွဲပြီး မှတ်သားတာက ဘာသာပြန်တာ၊ ဥပမာ ၀ါကျတွေရေးတာထက် ပိုပြီးထိရောက်နိုင်ပါတယ်။
၅၉။ နိုင်ငံခြားသူ နိုင်ငံခြားသားကို မိတ်ဆွေဖွဲ့ထားပါ။ ဘယ်လိုလုပ်ရမယ်ဆိုတာ အကြံတော့မပေးလိုပါဘူး။ ဒါပေမယ့် အင်္ဂလိပ်စကားပြောလို့ရတဲ့သူနဲ့ အဲဒီလို မိတ်ဆွေဖွဲ့နိုင်ဖို့ ရှာဖွေတာနဲ့တင် ဘာသာစကား ကျွမ်းကျင်မှု တိုးတက်ကောင်းမွန်လာဖို့ အများကြီးစေ့ဆော်မှုပေးနိုင်ပါတယ်။
၆၀။ အပြန်အလှန်စကားပြောဖို့စီစဉ်ပါ။ရည်းစားမထားလိုသူတွေ၊ ရှုပ်ရှုပ်ယှက်ယှက် မလုပ်လိုသူတွေ အတွက် ကိုယ့်ရဲ့ဘာသာစကားကို သင်ယူချင်တဲ့သူနဲ့ အပြန်အလှန် သင်ပေး၊ အပြန်အလှန် စကားပြောဖို့ စီစဉ်နိုင်ပါတယ်။ ရွေးချယ်စရာ နည်းလမ်းကောင်းတစ်ခုပါဘဲ။ ရည်းစားထားချင်ရင်လည်း အခွင့်အလမ်း ရလာနိုင်ပါတယ်။
၆၁။ အင်္ဂလိပ်ဘာသာစကားစာမေးပွဲဖြေပါ။ အင်္ဂလိပ်စကားစာမေးပွဲဖြေဖို့ စာရင်းသွင်းပါ။ စာမေးပွဲဖြေဖို့ မလိုဘူးဆိုရင်တောင် ဒါမှမဟုတ် စာမေးပွဲမဖြေချင်ရင်တောင်၊ စာမေးပွဲဖြေဖို့သင်တန်းလည်း မတက်နိုင်ရင်တောင် TOEFL, TOEIC, IELTS ဒါမှမဟုတ် FCE လို စာမေးပွဲအတွက် စာရင်းသွင်းပြီး ဖြေလိုက်မယ်ဆိုရင် အင်္ဂလိပ်စာလေ့လာရာမှာ အလေးအနက်ထားပြီး စိတ်ဝင်တစားဖြစ်လာနိုင်ပါတယ်။
၆၂။ အသံထွက်အတွက် သရုပ်ဆောင်တစ်ဦးကို စံနမူနာထားပြီး လေ့ကျင့်ပါ။ ဥပမာ Robert Deniro လိုမျိုး စကားပြောကြည့်ပါ။ တချို့ ကျောင်းသူကျောင်းသားတွေက အင်္ဂလိပ်စာကို မိခင်ဘာသာစကားအဖြစ် ပြောတဲ့သူတစ်ယောက်လို အသံထွက်ချင်တယ်၊ ဒါပေမယ့် ခက်တာက မိခင်ဘာသာစကားအဖြစ် ပြောတဲ့သူတွေကိုယ်တိုင် တစ်ယောက်နဲ့တစ်ယောက် အသံထွက်က သိပ်မတူကြဘူး။ ဒါကြောင့် တစ်ယောက်ယောက်ကို စံနမူနာအနေနဲ့ ရွေးချယ်လိုက်ခြင်းအားဖြင့် အသံထွက်ပိုကောင်းအောင် လုပ်ရတာ လွယ်သွားတယ်။ ပျော်စရာလည်းကောင်းလာနိုင်တယ်။ ပါတီပွဲတွေလိုနေရာမျိုးမှာလည်း သရုပ်ဆောင်ပြလို့ ရပါတယ်။
၆၃။ အင်္ဂလိပ်-အင်္ဂလိပ်အဘိဓာန်ကိုအသုံးပြုပါ။ ဘာသာနှစ်မျိုး အဘိဓာန်ကို လျှော့သုံးပြီး အင်္ဂလိပ်ဘာသာ တစ်မျိုးတည်း အဘိဓာန်ကို ပြောင်းသုံးခြင်းအားဖြင့် စကားပြောတဲ့အခါ ဒါမှမဟုတ် နားထောင်တဲ့အခါ ဘာသာပြန်မနေရအောင် အထောက်အကူပြုနိုင်ပါတယ်။ အဘိဓာန်သုံးနေတုန်းမှာ အခြားအသုံးဝင်တဲ့ စကားလုံးတွေလည်း ရလာနိုင်ပါတယ်။


၆၄။ ရံဖန်ရံခါ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အင်္ဂလိပ်လို စကားပြောပါ။ e-mail ပို့ပါ။လူအတော်များများက အဲဒီလို အင်္ဂလိပ်လို ပြောရ ရေးရ တာကို ပုံမှန်မဟုတ်သလိုမျိုး၊ ရှက်စရာကောင်းသလိုလို ထင်ကြပါတယ်။ ဒါပေမယ့် ဘာသာစကားလေ့လာ နေတာဘဲလို့ သဘောထားပြီး အချိန် ဒါမှမဟုတ် နေရာ သတ်မှတ်ပြီးတော့ ပြောမယ်ဆိုရင် သင်္ချာအတူ လေ့လာသလိုပါဘဲ၊ ဘာမှ တိုးပြီး ထူးခြားစရာမရှိပါဘူး။
၆၅။ အနောက်တိုင်းစားသောက်ဆိုင်များကိုသွားပါ။ အင်္ဂလိပ်လို Menu ယူပြီးကြည့်ရမှာဖြစ်တဲ့အပြင် အင်္ဂလိပ်စကားပြောနိုင်ငံတွေရဲ့ ယဉ်ကျေးမှုအကြောင်း သိရှိနားလည်ဖို့ နည်းလမ်းကောင်းလည်း ဖြစ်ပါတယ်။ အဲဒီအပြင် အင်္ဂလိပ်ဘာသာနဲ့ စာရင်းတွေ ဖော်ပြထားတဲ့ အခမဲ့မဂ္ဂဇင်းတွေလည်းရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ တီဗွီမှာ အင်္ဂလိပ်လို အားကစားကဏ္ဍ ကြည့်နိုင်ပါတယ်။ စကားပြောလို့ရမယ့် နိုင်ငံခြားသားတွေလည်း တွေ့မှာဖြစ်ပါတယ်။
၆၆။ အသံထွက် အီလက်ထရောနစ်အဘိဓာန်ဝယ်ပါ။ အီလက်ထရောနစ်အဘိဓာန်တွေမှာ ပါတဲ့ စကားလုံးတစ်လုံးစီအတွက် ဖွင့်ဆိုရှင်းလင်းချက်တွေက ပုံနှိပ်အဘိဓာန်တွေမှာလောက် မကောင်းပါဘူး။ ဒါပေမယ့် အချို့ အီလက်ထရောနစ်အဘိဓာန်တွေက အသံထွက်ပါတဲ့အတွက် အသုံးဝင်ပါတယ်။
၆၇။ အီလက်ထရောနစ်အဘိဓာန်ပါတဲ့ Vocabulary စာရင်းကို ကျက်မှတ်ပါ။ အီလက်ထရောနစ် အဘိဓာန် အများစုမှာ နောက်ဆုံးကြည့်ခဲ့တဲ့စကားလုံး ၃၀၊ ဒါမှမဟုတ် အဲဒီထက် ပိုပြီး ပြန်ကြည့်လို့ ရအောင် ခလုတ်တစ်ခု ပါတတ်ပါတယ်။ အသုံးမ၀င်ဘူးလို့ယူဆတဲ့ စကားလုံးတွေ၊ ကျက်မှတ်ပြီး စကားလုံးတွေကို အဲဒီစာရင်းကနေ ဖျက်ထားနိုင်ပါတယ်။ ဒါဆိုရင် အဲဒီစာရင်းကို ကျက်ရမယ့်စာလုံး စာရင်း အနေနဲ့ သုံးနိုင်ပါတယ်။ ရထားစီးချိန် ကားစီးချိန်အတွင်း တစ်နေ့ကို ၃-၄ ကြိမ် အဲဒီစာရင်းကို ကြည့်ပေးနိုင်ပါတယ်။
၆၈။ နေ့စဉ်သုံးစက်ကိရိယာတွေရဲ့ Operating System ကို အင်္ဂလိပ်လို ပြောင်းထားပါ။ လက်ကိုင်ဖုန်း၊ ဗီဒီယို ကင်မရာတွေရဲ့ ဘာသာစကားကို အင်္ဂလိပ်လို ပြောင်းထားခြင်းအားဖြင့် နေ့စဉ်အင်္ဂလိပ်ဘာသာစကားနဲ့ အလွယ်တကူထိတွေ့နိုင်မှာဖြစ်ပါတယ်။
၆၉။ ရည်မှန်းချက်ပန်းတိုင် သတ်မှတ်ထားပါ။တစ်နေ့ကို ဘယ်နှစ်နာရီ လေ့လာမယ်။ စာလုံးဘယ်နှစ်လုံး လေ့လာမှတ်သားမယ်။ စာမေးပွဲမှာ အမှတ်ဘယ်လောက် ရချင်တယ် စသည်ဖြင့် ဆုံးဖြတ်ထားမယ်ဆိုရင် ကျက်မှတ်လေ့လာရာမှာ ပိုပြီး အားထည့်လာနိုင်ပါတယ်။ နည်းလမ်းကောင်းတွေ ဖြစ်ပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment