Tuesday, August 21, 2012

မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် နွယ်ခွေကျေးရွာရှိ အမှိုက်ပုံမှထွက်ရှိသော အညစ်အကြေးအရည်များ ရေတွင်းများသို့ စိမ့်ဝင်သည့်အတွက် သောက်သုံးရေပြတ်လပ်မှုနှင့်အတူ အနံ့ဆိုးများနှင့် ရင်ဆိုင်နေရ


အညစ်အကြေးရည်များနှင့် အနံ့ဆိုးများ ထွက်ရှိနေသော အမှိုက်ပုံကြီးကို တွေ့ရစဉ်
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်၊ နွယ်ခွေကျေးရွာရှိ အမှိုက်ပုံကထွက်ရှိသော အညစ်အကြေးအရည်များသည် ရေတွင်းများသို့ စိမ့်ဝင်လာသည့်အတွက် သောက်သုံးရေ ပြတ်လပ်မှုနှင့် အတူ အနံ့ဆိုး
များနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
အဆိုပါ အမှိုက်ပုံကြီးသည် ထောက်ကြန့်အမှတ်(၄)တိုးချဲ့ရပ်ကွက်နှင့် နွယ်ခွေစံပြကျေးရွာအနီး လူနေအိမ်များနှင့် အနီးကပ်ဆုံးနေရာတွင် တည်ရှိသည်မှာ ၁၀ စုနှစ်ခန့်ပင်ရှိပြီး စည်ပင်အမှိုက်သိမ်း သယ်ပို့ယာဉ်အမျိုးမျိုးဖြင့် စုပုံစွန့်ပစ်သော အမှိုက်ပုံကြီးဖြစ်သည်။ မိုးမကျမီ ကာလတွင် မြေညှိစက်၊ မြေထိုးစက်၊ မြေတူးစက်များဖြင့် အမှိုက်ပုံကို ဖယ်ရှားကာ မြေကြီးပေါ်လာသည့်အခါ မြေတူးမြေကော်စက်ကြီးများဖြင့် ပေ ၂၀၊ ပေ ၃၀ ခန့်အနက် တူးထားကြောင်း ကျေးရွာနေထိုင်သူများ၏ ပြောကြားချက်အရ သိရသည်။
'' ဒီအမှိုက်ပုံကြီးက ဟိုအရင်ကတည်းက ရွာမှာရှိတာပါ။ ရန်ကုန်မြို့ကရှိတဲ့ အမှိုက်တွေဟာ ဒီမှာလာပြီး စွန့်ပစ်ကြတယ်။ အခုရက်ပိုင်း မိုးက အဆက်မပြတ်ရွာသွန်းတဲ့အတွက် အဲဒီအမှိုက်ပုံကျင်းကြီးဟာရေတွေနဲ့ အမှိုက်တွေပြည့်လာတယ်။ အဲဒီက ထွက်တဲ့ အညစ်အကြေးအရည်တွေ ဟာနိမ့်ရာကို စီးဆင်းပြီး ဦးတို့မှာ ရွာမှာရှိတဲ့ ရွာသူရွာသားတွေ အသုံးပြုနေတဲ့ လက်ရေတွင်းများထဲကို စိမ့် ၀င်လာပါတယ်။  အခုဆိုရင်ရေတွင်း ရေဟာသောက်လို့မရတော့ဘူး။ ရေကလည်း ညစ်ပုပ်ပြီး အနံဆိုးတွေ ထွက်နေပါတယ်''ဟု နွယ်ခွေကျေးရွာတွင် နေထိုင်သော ဦးဌေးဝင်းက ပြောကြားခဲ့သည်။
''ဒီအမှိုက်ပုံက ရွာရဲ့အမြင့်ပိုင်းရှိတဲ့တွက် မိုးအဆက်မပြတ်ရွာရင် အနိမ့်မှာပိုင်းရှိတဲ့ လက်ရေတွင်းကန်ထဲကို တိုက်ရိုက်ဝင်တာရှိတယ်။ စိမ့်ဝင်တာရှိတယ်။ ဘယ်လိုပဲဝင်ဝင် ရေကသောက်လို့ မရဘူး။ သုံးမယ်ဆိုရင်လည်း water guard ထည့်ပြီး သုံးရတယ်။ အခုဟာကမိုးရွာလို့ သောက်ရေကမပူရဘူး။ မိုးမရွာရင် တော့ရေ၀ယ်သုံးရမှာပါ''ဟု အမှိုက်ပုံ အနီးတွင်နေထိုင်သူတစ်ဦးကပြော ကြားသည်။   အဆိုပါ ရေဆိုး၊ ရေညစ်ကြောင့် ထွက်ရှိလာသော အနံ့ဆိုးများအား ဖြေရှင်းပေးရန် ဒေသခံပြည်သူများက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို စာတင်ထားကြောင်း သိရသည်။
နွယ်ခွေကျေးရွာတွင် အိမ်ခြေ ၈၀၀ ခန့်ရှိကြောင်း၊ အိမ်ထောင်စု တစ်စုတွင် လက်ရေတွင်းတစ်တွင်း တူးဖော်ထားကြောင်းလည်း သိရသည်။  

0 ကွန်မန့်ရေးရန်:

Post a Comment