Tuesday, August 21, 2012

ဖားကန့်ဒေသတွင် တကျော့ပြန် စစ်ရေးပြန်တင်းမာလာ


 
 
KIA တပ်ရင်း ၆ လက်အောက်ခံ ပဒိုင်းတောင်တပ်စခန်း (Hpri Bum) နှင့် မောမော်ဘွမ်တပ်စခန်း (Mawmaw Bum) အား ရုပ်သိမ်းပေးရန် ဗမာစစ်တပ်မှ ဖိအားပေးလာသဖြင့် နှစ်လခွဲခန့် ငြိမ်သက်နေခဲ့သော ဖားကန့်ဒေသ တွင် တကျော့ပြန် စစ်ရေးပြန်တင်းမာ လာပါသည်။ သြဂုတ်လ ၁၈ ရက်နေ့မှ စ၍ ဗမာစစ်တပ်သည် အဆိုပါ ဒေသများသို့ စစ်ရေး ပြသလာသဖြင့် ဒေသခံများမှာ စိုးရိမ် ကြောက်လန့်ကာ ဖားကန့် နှင့် မှော်ဝှမ်း ဘုရားကျောင်း များနှင့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ခိုလှုံ စစ်ရှောင် လာကြောင်း ဒေသခံများမှ သိရှိရပါသည်။ ယခုအခါ ဒေသခံများမှာ ကျီးလန့်စာစား အခြေအနေတွင်ရှိနေပြီး အလုပ်ပျက်အကိုင်ပျက်ဖြစ်ကာ အသင့်အနေအထားပြင်ဆင်ထားကြောင်း သိရှိရပါသည်။
KIA အရာရှိတစ်ဦးက “ကျွန်တော်တို့က ဖားကန့်ဒေသမှာ အတတ်နိုင်ဆုံး ငြိမ်းချမ်းအောင် ကြိုးစားပြီး ထိန်းသိမ်းပါတယ်၊ ကျွန်တော်တို့ရှိလို့ ပြည်သူလူထုလည်း ကျောက်ကောင်းကောင်း တူးနေရတာလေ၊ အခုက တပ်စခန်းရွှေ့ဖို့ ဖိအားလာပေးတယ်ဆိုတော့ သိပ်ကို စော်ကားလွန်းသွားပြီ။ ဒါက ခေါင်းငုံခံရမယ့် အရာမဟုတ်ဘူးလေ” ဟု သူ၏ အမြင်ကိုပြောဆို လာပါသည်။
စစ်ပြေးဒုက္ခသည်တစ်ဦးကမူ “ဗမာစစ်တပ်ကို ကျောက်လို့ပါ၊ သူတို့က ကလေးလူကြီးမရွေး၊  နေရာမရွေး စည်းမရှိ ကမ်းမရှိ လုပ်ချင်တာကို လုပ်တတ်တယ်လေ၊ အထူးသဖြင့် ကျွန်မတို့ ကချင်လူမျိုးတွေဆိုရင် ပိုဆိုးတယ်၊ ဒါကြောင့် သူတို့လာမယ်ဆိုတော့ ကျွန်မတို့က ပြေးရတာပေါ့” ဟု သူ၏ အမြင်ကို ပြောပြပါသည်။
ဖားကန့်ဒေသသည် KIA ၏အကာအကွယ်ပေးမှုဖြင့် ပြည်သူအများ လွတ်လပ်စွာ ကျောက်တူးဖော်ရာ နေရာဖြစ်ပါသည်။ ထိုသို့ကျောက်တူးဖော်နေမှုကို မနှစ်သက်သော ကုမ္မဏီများက ဗမာစစ်တပ်ကို ဖိအားပေးကာ ယင်းသို့လုပ်စေခြင်းဖြစ်နိုင်ကြောင်းလည်း ဒေသခံများအကြား ထင်မြင်ယူဆနေကြပါသည်။ ယခုအခါ ဖားကန့်ဒေသတွင်ပြန်တင်းမာလာပြီး စစ်ရေးအရှိန်မြင့်လာမည်ကို ဒေသခံများက စိုးရိမ်နေကြပါသည်။
 
Copy from - jinghpawkasa

0 ကွန်မန့်ရေးရန်:

Post a Comment