Monday, August 27, 2012

ကိုညီနေမင်း(နည်းပညာ) နှင့် ကော့သောင်းကျောက်မီးသွေးစက်ရုံ

Posted: 26 Aug 2012 07:25 AM PDT
ကျွန်တော် အခုအချိန်အထိ နည်းပညာနဲ့ ပတ်သက်ပြီးတော့ပဲ ရေးခဲ့တာ ချည်းပါပဲ။ လူမှု့ရေးခံစားချက်နဲ့ ပတ်သက်ပြီးတော့ မရေးခဲ့ဖူးပါဘူး။ ဒါပေမယ့် အခု နည်းပညာနှင့် ဆက်စပ်ပြီး လူမှု့ရေးနှင့်ပတ်သက်နေတဲ့ အမြင်ကို ပြောပြချင်လို့ပါ။ ကျောက်မီးသွေးစက်ရုံတစ်ခုရဲ့ လည်ပတ်ပုံ နည်းစနစ်၊ ကောင်းကျိုးနှင့်ဆိုးကျိုး ဒါတွေကို ကွဲကွဲပြားပြားမသိဘဲနဲ့ သူများပြောတိုင်း လိုက်ခေါင်းညိတ်နေရင်တော့ ပုတ်သင်ညိုပဲ ဖြစ်သွားမှာပါ။ အကောင်းဆုံးဆိုတဲ့ အရာတစ်ခုရဲ့အောက်မှာ စွန့်လွှတ်အနစ်နာခံခဲ့ ရင်းခဲ့ရ ဒုက္ခခံခဲ့ရတာတော့ ရှိကြစမြဲပါ။ ဥပမာ အခုကော့သောင်းမှာ ကျောက်မီးသွေးနှင့်ပတ်သက်ပြီးတော့ သဘာဝဘေးပတ်ဝန်းကျင် ထိခိုက်နိုင်တာတွေနှင့် ပတ်သက်ပြီးတော့ ပြောဆိုနေကြ တာတွေ၊ ဝေဖန်နေကြတာတွေကို ကြားသိနေရပါတယ်။ ဒီမိုကရက်တစ်ပါတီ ကနေ စပြီးလုပ်ခဲ့တာပါ။ ကျွန်တော်ဟာ နိုင်ငံရေးနဲ့ ပတ်သက်မှု့မရှိသလို နိုင်ငံရေးနှင့် ပတ်သက်ပြီးလည်းပဲ ကင်းရှင်းအောင်နေခဲ့ ပါတယ်။ လုပ်နေတဲ့သူတွေကိုလည်း မချီးကျူးသလို မကဲ့ရဲ့ ပါဘူး။ ကိုလုပ်နိုင်လို့လုပ်ကြတာပါ။ ကျွန်တော် ခုချိန်အထိ ဘယ်သူ့ရဲ့ ထောက်ပံ့ကြေးမှ မပါဝင်တဲ့ ကိုယ့်လမ်းကိုယ်ဖောက် ကိုယ့်တံတားကိုဆောက်ပြီး ရလာတဲ့ ပိုက်ဆံနဲ့ ထမင်းစားခဲ့တာပါ။ အင်းပြောရင်းနဲ့ ကို့အကြောင်းပါသွားခဲ့တဲ့အတွက် ဆောရီးပါ။ ပြောချင်တာက အခု ဆန္ဒပြမယ်ဆိုလို့ ဘာဖြစ်လို့ပါလိမ့်ပေါ့။ 
ကျွန်တော့်ကို လူတစ်ယောက် ဖုန်းဆက်ပါတယ်။ oversea call နဲ့ ဆက်တာပါ။ ၀ဘ်ဆိုက်မှာ ကျောက်မီးသွေးစက်ရုံနဲ့ ပတ်သက်ပြီးတော့ ဒီမိုကရက်တစ်ပါတီ ကနေ စည်းရုံးနေတာကို တွေ့ရပါတယ်။ ကျွန်တော့်ကိုလည်း အဲ့ကျောက်မီးသွေးစက်ရုံကို ကန့်ကွက်ဖို့အတွက် ပို့စ်တင်ပေးဖို့ တောင်းဆိုပါတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်တယ်ဆိုတာတွေပါ ပြောတာပေါ့။ အဲ့တော့ ကျွန်တော်ပြောတာဟာ ဘယ်သူ့ဖက်မှ မလိုက်သလိုဘဲ အလယ်တည့်တည့်ကနေ အမြင်ကိုပြောပြပါ့မယ်။ အခု လျှပ်စစ်ဓါတ်အား ထုတ်လွှင့်ဖို့ စက်ရုံတည်ဆောက်လိုက်တဲ့ နည်းပညာသည် အခုမှလား။ မဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက ရှိခဲ့တဲ့ နည်းပညာပါ။ တိုးတက်နေတဲ့ အနောက်နိုင်ငံတွေ တော်တော်များများ ဥပမာ- အမေရိကန်၊ တရုတ်စတဲ့နိုင်ငံတွေမှာ ဟိုးအရင်အရင် စတင်ဖွံ့ဖြိုးတဲ့အချိန်အခါတုန်းက လျှပ်စစ်ဓါတ်အား အလုံအလောက် ရရှိစေဖို့ ကျောက်မီးသွေးတွေနဲ့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခဲ့ရသလို၊ သင်္ဘောတွေမှာလည်း ကျောက်မီးသွေးနှင့် လည်ပတ်တဲ့ စက်တွေဖြင့် ခုတ်မောင်းခဲ့ရပါတယ်။ အခုမြန်မာပြည်ဟာ တိုးတက်ဖို့ တာစူနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အဲ့လိုအချိန်မှာ ကော့သောင်းမှာ မီတာခ တစ်ယူနစ်ကို မြန်မာကျပ်ငွေ (425 ကျပ်မှ 450 အထိ) ရှိတတ်ပါတယ်။ အဲ့တော့ မီးချောင်းတစ်ချောင်းတည်း ထွန်းတဲ့ လူတွေအတွက် ဒီမီတာခဟာ မသိသာပေမယ့်။ စီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူအတွက်တော့ အရမ်းကို သိသာပါတယ်။ ယူနစ် 100 ကို မြန်မာကျပ်ငွေ 45000 ကျပ်ပေးရပါတယ်။ ကျွန်တော် လစဉ်ပေးနေရတာသည် တစ်လကို တစ်သိန်းခွဲကျော် ပေးနေရပါတယ်။ ဒါစီးပွားရေးလုပ်ငန်းမဟုတ်သေးပါဘူး။ ကွန်ပျူတာ သင်တန်းတစ်ခုတည်း အတွက်ပါ။ အဲ့တော့ တကယ့် လျှပ်စစ်ကို အဓိကထား သုံးနေရတဲ့ စီးပွားရေးလုပ်ငန်းတွေ မှာဆိုရင် ဘယ်လိုလုပ်မလဲ။ ရတဲ့ငွေထက် မီတာခ ပေးရတာက ပိုများနေသလိုပါပဲ။ အဲ့ဒါကို ဒီမိုကရက်တစ်ပါတီ က ကန့်ကွက်တယ်ဆိုတာနဲ့ တစ်ချို့က ဘုမသိဘမသိနဲ့ လိုက်ပြီး လက်မှတ်ထိုးကြတာတွေ တွေ့နေရပါတယ်။ အဲ့ဒီ့ လက်မှတ်ထိုးတဲ့သူတွေကို မေးကြည့်ပါ။ စက်ရုံလည်ပတ်ပုံကနေ ဘေးထွက်ပစ္စည်းထွက်လာတဲ့အထိ အသေးစိတ်ကိုပေါ့။ ဘာမှ သိကြမှာ မဟုတ်ပါဘူး။ အဲ့တော့ ခေတ်မီတဲ့ အနောက်နိုင်ငံတွေမှာတောင် တိုးတက်ခါစတုန်းက ဒီနည်းပညာကို သုံးခဲ့ကြသေးတာပဲ။ အခု တစ်ယူနစ်ကို 200 ကျပ် နှင့်အောက် လောက်ပဲ ယူမယ်ဗျာ။ 200 ကျပ်ငွေပဲထား။ စီးပွားရေးလုပ်ငန်းလုပ်တဲ့သူတွေအတွက် တစ်ဝက်ကျော်သက်သာသွားပြီ။ အဲ့လိုသက်သာမှလဲ။ တိုးတက်တဲ့ခေတ်မီစက်တွေနဲ့ လုပ်ငန်းတွေကို လုပ်နိုင်လာကြမှာပါ။ စက်မှု့လက်မှု့တိုးတက်ဖို့ လျှပ်စစ်မီးဟာ အဓိကပါပဲ။ အခုလို ကော့သောင်းမှာ ကျောက်မီးသွေးနှင့် လျှပ်စစ်မီးထုတ်လုပ်ဖို့ စက်ရုံကို သိန်းပေါင်းများစွာ အကုန်အကျခံပြီး မီးရရှိရေးအတွက် ကြိုးပမ်းမှု့ကို ကျွန်တော့်အနေနဲ့တော့ ကြိုဆိုပါတယ်။ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ပဲ ဆက်ကြိုးစားစေချင်ပါတယ်။ ဒါမှသာ ကော့သောင်းမြို့ဟာ စီးပွားရေးနှင့် လူနေမှု့အဆင့်အတန်း မြင့်မားလာစေမှာပါ။ လူတိုင်းနီးပါး ရေခဲသေတ္တာသုံးနိုင်လာမယ်၊ အဲယားကွန်းတတ်နိုင်လာမယ်။ လျှပ်စစ်စက်ပစ္စည်းတွေကို သုံးနိုင်လာမယ်ဗျာ။ အဲ့တော့ ဒါဟာ ဖြစ်သင့်တယ်။ ဖြစ်ထိုက်တယ်လို့ ကျွန်တော့်အနေနဲ့ကတော့ ယူဆပါတယ်။ ကျွန်တော့်ကို ကန့်ကွက်စာရေးပေးဖို့ ဖုန်းဆက်တဲ့ အစ်ကို့ကိုတော့ အားနာပါတယ်။ ကန့်ကွက်စာရေးခိုင်းလိုက်တာဟာ ကျွန်တော်ကို ဖြစ်သင့်တဲ့ အကြောင်းအရာတစ်ခုကို ရေးပေးဖို့အတွက် တွန်းအားပေးလိုက်သလိုပါပဲ။ အခုမီးအားပေးမည့် နည်းစနစ်သည် အခုမှ ကော့သောင်းမှာ စတင်လုပ်ဆောင်မှာ အကောင်အထည်ဖော်မည့် နည်းစနစ်အသစ်မဟုတ်ပါဘူး။ အနောက်နိုင်ငံတွေ သုံးခဲ့ဖူးပြီးသား နည်းပညာပါ။ ဟုတ်မဟုတ် အင်တာနက်မှာ လိုက်ရှာလိုက်ပါ။ အခုဆိုရင် အဲယားကွန်းမပြောနဲ့ ပန်ကာတောင် အပတ်ရေမြန်မြန်လည်လာရင် ပြန်လျှော့လိုက်ရပါတယ်။ အအေးပတ်သွားမှာကြောက်လို့ မဟုတ်ပါဘူး။ မီတာခ သက်သာစေဖို့ပါ။ အဲ့လိုဖြစ်လာလေ လျှပ်စစ်နဲ့ပတ်သက်တဲ့ ပစ္စည်း အ၀တ်လျှော်စက်အပါအ၀င် ၀ယ်နိုင်ရဲ့သားနဲ့ မသုံးနိုင်ကြပါဘူး။ ဘာလို့လဲလို့ အဖြေရှာရင် ဘယ်လိုပဲ ပုံသေနည်းတွေနဲ့တွက်တွက် အဖြေဟာ မီတာခ ဈေးနှုန်းမြင့်မားလို့ပါ။ ကျွန်တော့်ကို ဖုန်းဆက်တဲ့ အစ်ကိုကိုလည်း ကျွန်တော်ပြန်ပြောဖြစ်ပါတယ်။ ဟုတ်ပြီ ကျွန်တော့်အနေနဲ့ ၀ဘ်ဆိုက်ကနေ ကန့်ကွက်လိုက်ပြီဆိုပါစို့။ အားလုံးက ကန့်ကွက်လို့ စက်ရုံပိတ်ခံရပြီ ဆိုပါစို့ဗျာ။ ခင်ဗျားအနေနဲ့ အခု အဲ့စက်ရုံကနေ ကောက်ခံမည့် တစ်ယူနစ်ကို 200 ဈေးနှုန်းနှင့်တူညီတဲ့ လျှပ်စစ်မီး အလုံအလောက်ကို ပေးနိုင်မလားလို့ ကျွန်တော်မေးပါတယ်။ သူကပြန်ဖြေပါတယ်။ အခုတော့ အကောင်အထည်မဖော်နိုင်သေးပေမယ့် နောက်တော့ အကောင်အထည်ဖော်ပေး မှာပါတဲ့။ နောက်ဆိုတာ တကယ်တော့ ကျောပဲရှိပါတယ်။ လက်ရှိ လျှပ်စစ်မီးပြဿနာနဲ့ ပတ်သက်ပြီးတော့ ရင်ဆိုင်နေရ တာတွေက ကော့သောင်းတစ်မြို့လုံးတင်မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးပါ။ ရန်ကုန်မှာတောင် အ၀တ်လျှော်စက်သုံးနိုင်ပါသေးတယ်။ ကော့သောင်းမှာတော့ ၀ယ်နိုင်ရဲ့သားနဲ့ မသုံးနိုင်ကြဘူး။ အတော်စိတ်မကောင်းစရာပါ။ အခုလို လုပ်ပေးမယ့်သူပေါ်လာလို့ ၀မ်းသာမယ် ကြံသေးတယ်။ ကန့်ကွက်ဖို့အတွက် လိုက်ပြီး စည်းရုံးနေတဲ့ အဖွဲ့ကိုတော့ ကျွန်တော် တော်တော်လေး အံ့သြမိပါတယ်။ ကျွန်တော့်အမြင်ကတော့ ဒီလောက်ပါပဲ။ နည်းပညာတိုးတက်လာဖို့ အဓိကဟာ လျှပ်စစ်မီး ဖြစ်သလို။ နည်းပညာ တိုးတက် လာတာနှင့်အမျှ ဘေးထွက်ဆိုးကြိုးတွေကို နည်းပါးအောင် နည်းပညာအကူအညီနဲ့ ပြန်ပြီး လုပ်ဆောင်သွားနိုင်ပါတယ်လို့လဲ အကြံဥာဏ်ပေး လိုက်ပါတယ်။ ကော့သောင်းမှာ ရှိတဲ့သူများ အားလုံး ဖြစ်သင့်တာနှင့် ဖြစ်ထိုက်တာကို ဝေဖန်နိုင်ပါစေ၊ ပိုင်းခြားနိုင်ပါစေလို့ ကျွန်တော့်အနေနဲ့ ဆန္ဒပြုလိုက် ပါတယ်။ အားလုံးပဲ သူများနိုင်ငံမှာ သုံးနေသလို လျှပ်စစ်မီးကို ပေါပေါသီသီ သုံးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 

(ကျောက်မီးသွေးစက်ရုံရှိ မည်သူနှင့်မျှ မပတ်သက်သလို၊ သက်ဆိုင်မှု့လည်းမရှိပါ။ ဖြစ်သင့်တာကို ထောက်ပြခြင်းသက်သက်သာ ဖြစ်ပါတယ်)

(နောက်တစ်ခုကတော့ ၀န်ထမ်းခန့်အပ်တာမှာ ဘယ်သူနဲ့အမျိုးတော်လည်း၊ ဘယ်လိုပတ်သက်တာလည်း စသည်ဖြင့် လူမှု့ရေးနှင့်ပတ်သက်သည့် မေးခွန်းများကိုသာ အဓိကထားမေးတယ်လို့ သိရပါတယ်။ တကယ်ဖြစ်သင့်တာသည်။ ယခုလို လုပ်ငန်းမျိုးမှာ တကယ်တတ်ကျွမ်းသော လူငယ်များနှင့် စာရင်းဇယား ကျွမ်းကျင်စွာ ကွန်ပျူတာဖြင့် တွက်ချက်လုပ်ဆောင်နိုင်သည့် လူမျိုးကိုပဲ ဦးစားပေးခန့်အပ်ရမည့်အစား၊ လူမှု့ရေးနှင့် ပတ်သက်သူများ ကိုသာ ခန့်အပ်နေတာတွေဟာ အဲ့လို လျှပ်စစ်ထုတ်လုပ်ပေးမည့် စက်ရုံအတွက် အလွန်ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခုပါ။ တကယ်တတ်ကျွမ်းတဲ့သူများ ကတော့ ဘေးရောက်ပြီး အမျိုးတွေက နေရာယူနေတာဟာ မဖြစ်သင့်ပါဘူး။ ရည်ရှည်မှာ လုပ်ငန်းပိုင်းဆိုင်ရာ ထိုခိုက်မှု့တွေ၊ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အဲ့လို ၀န်ထမ်းခန့်အပ်တဲ့အခါမှာ နည်းပညာမေးခွန်းများအစား အမျိုးစပ်သည့် မေးခွန်းတွေမေးနေတာဟာ အတော်ဆိုးရွားတဲ့ အဖြစ်အပျက် တစ်ခုပါပဲလို့လဲ ပြောချင်ပါတယ်။)


အားလုံးကို ခင်မင်လေးစားလျှက်
ညီနေမင်း
Posted: 26 Aug 2012 07:25 AM PDT
၁။ ၀ဘ်ဆိုက်တွင် အသံအရမ်းကျယ်လို့ ဘေးအိမ်တွေနဲ့ ကျောင်းကတောင်မှ ကလေးတွေ လန့်ပြေးကြတယ်လို့ ဆိုထားတဲ့ ၀ဘ်ဆိုက်အတွက် ပြောပြချင်တာလေးပါ။
ဖြေ။ ကျောက်မီးသွေး စက်ရုံစတင် မလည်ပတ်ခင်မှာ အထဲမှာ ရှိနေတဲ့ သံမှုန်များနှင့်ချေးများကို ရေနွေးနှင့်ချေးချွတ်ရပါတယ်။ ပြီးတာနဲ့ အထဲက အမှုန်အမွှားများနှင့်လည်ပတ်မှု့စနစ် ရှင်းလင်းသွားအောင်လို့ စက်ရုံကို ရေနွေးငွေ့ကို pressure ပေးပြီး အပြင်ကို ရေမကျန်အောင်နှင့်အထဲကကချေးများ ပြင်းထန်စွာတုန်ခါပြီး အပြင်ကိုထွက်သွားအောင်လို့ လွှတ်ထုတ်ရပါတယ်။ ဒါဟာ ပထမတစ်ချက်ပါ။ အမြဲတမ်းဖြစ်နေမယ့် အရာမဟုတ်ပါဘူး။

၂။ မီးခိုးပြာများကျလို့ အနားက အိမ်တွေတောင် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။
တစ်ခြားသူအတွက်တော့ ဘယ်လိုနေလဲတော့ မသိပါဘူး။ ကျွန်တော့်အတွက်တော့ အတော့်ကို ဟာသပါပဲ။ စက်ရုံတောင် စပြီးမလည်ရသေးပါဘူး။ ချေးချွတ်ဆေးကြောနေတဲ့အဆင့်ပဲ ရှိပါသေးတယ်။ အဲ့မှာ အသေးစိတ်သိချင်ရင် အင်္ဂလိပ်လို ကျွမ်းကျင်သူများနှင့် မေးမြန်းခွင့်ရှိသူများ တာရိုက်မေးမြန်းကြည့်ပါ။ သိပါလိမ့်မယ်။ စက်ဆေးတဲ့အတွက် မီးခိုးပြာက ဘယ်ကကျသသလဲဆိုတာကို ကျွန်တော်တော့် မခန့်မှန်းတတ်ပါ။

၃။ နေအိမ်နဲ့အရမ်းနီးလို့ဆိုတဲ့ ညီလေးတစ်ယောက် အတွက်ကိုလည်း ပြန်ပြောပြချင်ပါတယ်။
ယခုသတ်မှတ်ဆောက်လုပ်ထားသော နေရာသည် ညီပြောသလို နေအိမ်နှင့်ညီပြောသလောက် မဝေးပါ။ ပြီးတော့ စက်ရုံတကယ်လည်ပတ်ပြီဆိုရင် အင်ဂျင်သံသာ ဘာသံကြားရမလဲ၊ အခုလည်ပတ်နေတဲ့ စက်သုံးဆီအင်ဂျင်သံ(မြို့လည်တွင် တည်ဆောက်ထားသည့် စက်ရုံ)နှင့် ယှဉ်ကြည့်လိုက်ပါ။ လည်ပတ်မှု့အဆင့်ရောက်မှ ဒါတွေကို ဝေဖန်ပါ။ မြို့ရဲ့ ၁၀၀%လောက်ဟာ ဒီလုပ်ရပ်ကို ဖြစ်မြောက်ဖို့ ဆုတောင်းတဲ့သူနဲ့ မဖြစ်စေချင်သူ ဘယ်သူများမယ်ထင်ပါသလဲ။ ကျွန်တော့် ခန့်မှန်းချက်အရ ၉၃% ကျောက်ဖြစ်မယ်ထင်ပါတယ်။ ပြီးတော့ တကမ္ဘ္ဘာလုံးမှာ မီးအသုံးအများဆုံးနိုင်ငံက ဘယ်နိုင်ငံလဲ။ မီးဘာလို့သုံးနိုင်သလဲ။ ကိုပဲပြန်ဖြေပေးပါ့မယ်။ တရုတ်နိုင်ငံပါ။ ဘာလို့ တရုတ်နိုင်ငံဟာ မီးအများဆုံး သုံးနိုင်သလဲ။ အဓိကက ကျောက်မီးသွေးနှင့် လျှပ်စစ်ဓါတ်အားပေးတဲ့ စက်ရုံတွေများပြားလှတဲ့အတွက် တကမ္ဘ္ဘာလုံးက မယှဉ်ပြိုင်နိုင်လောက် အောင်အထိကို စက်မှု့လက်မှု့အပိုင်းမှာ ဈေးအချိုဆုံးနှင့်အဆင့်အမီဆုံး အဆင့်အနိမ့်အမြင့် စက်ရုံပေါင်းများစွာ လည်ပတ်နိုင်သွားတာပါ။ ပြီးတော့ စက်ရုံရဲ့အသံဘယ်လောက်ကျယ်သလဲ။ ဘယ်လိုနေရာမှာ တည်ဆောက်ထားသလဲ။ google earth ရှိသူများ ကြည့်တတ်သူများ ကြည့်နိုင်ပြီး ရှာဖတ်သူများရှိက ရှာဖတ်စေလိုပါတယ်။ ခုပြောနေတာ ဘယ်ဖက်ကိုမှ ထိခိုက်နစ်နာစေလိုစိတ်မရှိပါဘူး။ ကျွန်တော့်အမြင်တော့။ လုပ်ငန်းတစ်ခုဟာ အမြဲတမ်း တသက်တာလုံးလုပ်ကိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဘယ်အချိန်ဖယ်ပေးရမလဲ။ သူပေးနိုင်တဲ့ ဈေးနှုန်းထက် ချိုသာတဲ့သူက နည်းပညာနှင့်ပေါင်းပြီး သင့်တော်တဲ့ဈေးနှုန်းချပေးပြီး လူထု့အတွက် အနစ်နာခံပေးရင် ဖယ်ပေးရတတ်ပါတယ်။ ဒါဟာတကမ္ဘ္ဘာလုံးက စက်မှု့လက်မှု့တိုးတက်တဲ့နိုင်ငံတိုင်းဟာ ဖြစ်ပျက်နေတဲ့ တွေ့ကြုံနေတဲ့ အဖြစ်အပျက်ပါ။ made in china ဆိုတဲ့ တံဆိပ်တိုင်းကို လူတိုင်းနီးပါး တွေ့ဖူးမှာပါ။ နာမည်အကြီးဆုံး iphone, ipot, ipad, mac book, ထုတ်လုပ်နေတဲ့ အဓိက ပင်မစက်ရုံနှင့် apple product ကိုယ်ထည်တွေကို ထုတ်လုပ်ပေးနေတဲ့စက်ရုံတွေ ဘယ်မှာ ရှိသလဲ။ လျှပ်စစ်ဓါတ်အား များများသုံးနိုင်တဲ့ တရုတ်နိုင်ငံပါ။ တရုတ်နိုင်ငံမှာ မီးအားကြောင့် စက်ရုံတွေများလာတာ မဟုတ်ဘဲ။ နည်းပညာပိုင်းမြင့်မားပြီး။ စက်ရုံတစ်ရုံကို ၂၄ နာရီ ပတ်လုံးနီးပါး လည်ပတ်နိုင်ဖို့အတွက် တရုတ်နိုင်ငံသား လုပ်သားတွေ ရှိနေလို့ပါ။ တရုတ်နိုင်ငံသားတွေဟာ တစ်ခြားနိုင်ငံမှာ အောက်ခြေလူတန်းစား မလုပ်တတ်တာ ဘာ့ကြောင့်လဲ။ တစ်ခြားနိုင်ငံသားတွေကို ဘာလို့မခန့်သလဲ။ အဓိကက နိုင်ငံချစ်စိတ်ကြောင့်၊ လူမျိုးချစ်စိတ်ကြောင့်ပါ။ တစ်ခြားနိုင်ငံမှာ နည်းပညာပိုင်းလုပ်နေတဲ့တရုတ်တွေလဲ တစ်ချိန်မှာ တရုတ်ကို ပြန်ကြတာပါပဲ။ အဲ့တော့ မျက်စိဖွင့်၊ နားစွင့်ကြည့်လိုက်ပါ။ အခု ကော့သောင်းမှာ ပထမဦးဆုံး စတင် တည်ဆောက်တဲ့စက်ရုံရဲ့ mega watt ဟာ တရုတ်ရဲ့ တစ်သန်းပုံပုံရင် တစ်ပုံတောင် မရှိသေးပါဘူး။

၎။ မြန်မာနိုင်ငံကို ဒီနည်းပညာ ရောက်လာရင် အောင်မြင်စွာ လျှပ်စစ်ဓါတ်အားထုတ်ပေးနိုင်ရင် ကျွန်တော်တို့နိုင်ငံ ဘာတွေဖြစ်လာနိုင်လဲ။ မြန်မာနိုင်ငံတိုးတက်သွားနိုင်သလား၊ ဆုတ်ယုတ်သွားနိုင်သလား။ စဉ်းစားပါ။ အခုလျှပ်စစ်စက်ရုံကို တည်ဆောက်တဲ့သူဟာ ကော့သောင်းက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီးတော့။ မြန်မာနိုင်ငံသားပါ။ စီးပွားရေးလုပ်ငန်းလုပ်ပြီး ကြီးပွားချင်ရင် သူ့မှာ တစ်ခြားနည်းလမ်းတွေ အများကြီးရှိပါလျှက်နဲ့ ဘာလို့ ဒီစက်ရုံကို တည်ဆောက်သလဲ။ သူ့ပိုက်ဆံသန်းနဲ့ချီပြီး ဒီစက်ရုံကို တည်ထောင်သလဲ။ တစ်ခြားနိုင်ငံသားဆိုရင်ထားပါ။ သူတစ်ခြားမြို့တွေမှာ သွားတည်ရင်ကော မဖြစ်ဘူးလား။ Result ကတော့ တစ်ခုတည်းပါ။ သူလည်းကော့သောင်းသားဖြစ်လို့ ကော့သောင်းမြို့ကြီးကို သံယောဇဉ်ရှိလို့၊ ကော့သောင်းကလူတွေကို တိုးတက်စေချင်လို့ လုပ်ဆောင်ပေးလိုက်တာပါ။ ဒါကို အတိုက်အခံလုပ်နေကြတဲ့သူတွေဟာ ဘာလို့လဲ။ ကို့စီးပွားရေးကြောင့်လား။ မတိုးတက်စေချင်လို့လား။ တကယ်တော့ ဒီလို အနစ်နာခံလုပ်ပေးတဲ့လူမျိုးကို လက်ကမ်းကြိုဆိုသင့်တာပါ။ မြန်မာပြည်အနှံ့ အဲ့လိုစက်ရုံတွေ ပိုပြီးများလာရင် ကျွန်တော်တို့အတွက် လူနေမှု့အဆင့်အတန်းမြင့်မားလာနိုင်ပါတယ်။ ဒါတွေကို ထည့်စဉ်းစားပါ။ မြန်မာနိုင်ငံမှာ ပထမဦးဆုံး ထုတ်လုပ်အောင်မြင်သွားရင် အဲ့နည်းပညာကို သူကကော လက်ဆင့်ကမ်းမသွားဘူး တဲ့လား။ မြန်မာပြည်မှာကော ဒီနည်းပညာ မပြန့်ပွားသွားတော့ဘူးလား။ နိုင်ငံတစ်နိုင်ငံကို ရောက်လာတဲ့ နည်းပညာတိုင်းဟာ တိုးတက်သွားတာချည်းနီးပါးပါပဲ။ ခုအင်တာနက်ကို ကျွန်တော်တို့ ခင်ဗျားတို့ ဘာလို့သုံးနိုင်သလဲ။ အင်တာနက်ဆိုတာ ဘာလို့မြန်မာနိုင်ငံသားတွေ ရင်းနှီးလာသလဲ။ ရှေ့ကနေ အကုန်အကျခံပြီး။ နည်းပညာတွေ ပြည်တွင်းရောက်အောင် သယ်လာနိုင်ခဲ့လို့ ကျွန်တော်တို့တွေ ခုလိုအင်တာနက်ကို သုံးနိုင်လာတာပါ။ တကယ်လို့သာ ဒီနည်းပညာ မရောက်လာရင် ခုချိန်အထိ fax ထိုးတဲ့ခေတ်၊ လက်နှိပ်စက်ခေတ်ကနေ တိုးတက်လာမယ် မထင်ပါဘူး။ ခုဆိုရင် လူတော်တော်များများ ကွန်ပျူတာဆိုတာ သိလာပြီး။ နည်းပညာတွေ တိုးတက်လာတာ၊ ဒီပညာရပ်နဲ့ရပ်တည်လာနိုင်တာ ဘယ်သူတွေလာလုပ်သွားတာလဲ။ ဘယ်သူတွေက လာသင်ပေးနေတာလဲ။ ကိုယ့်နိုင်ငံသားအချင်းချင်း နည်းပညာတွေ လက်ဆင့်ကမ်းပြီး သင်တန်းတွေ ပေးနေကြလို့ဆိုတာ မမေ့ပါနဲ့။ အဲ့သင်တန်းတွေကကော ဘာကိုမှီခိုနေရသလဲ။ ပြန်စဉ်းစားဖို့တော့ လိုပါတယ်လို့ ကျွန်တော် အကြံပေးချင်ပါတယ်။ တိုးတက်အောင်မြင်ဖို့ စတင်ဖြစ်ပေါ်လာတဲ့ ဒီလိုအခွင့်အရေးကို မကြိုဆိုပဲ လူမျိုးစုအများအတွက်မကြည့်ဘဲ။ လူနည်းစုအတွက်ပဲ ကြည့်နေရင်တော့ အဲ့လူနည်းစုပဲ ချမ်းသာသွားမှာပါ။ လူများစုအတွက် အကျိုးမရှိပါဘူး။

ကျွန်တော် ဘယ်သူ့ကိုမှ ထိခိုက်လိုစိတ်နှင့်ပြောခြင်းမျိုးမဟုတ်ဘဲ တိုးတက်ဖို့ အဓိကကျတဲ့ လျှပ်စစ်ဓါတ်အားကို ဈေးချိုချိုနှင့် သုံးနိုင်အောင် အကောင်အထည်ဖော်ပေးတဲ့သူကို ကြိုဆိုလိုက်ကြပါ။ ခေတ်မီအမြင်နဲ့ကြည့်လိုက်ကြပါ။ ကော့သောင်းမြို့ဟာ မီးအားကိုတောင် ထိုင်းနိုင်ငံကနေ မျှသုံးဖို့အထိ ဖြစ်ခဲ့ရတဲ့မြို့ပါ။ ခုပြောနေတာ ကော့သောင်းတစ်မြို့တည်းအတွက် မဟုတ်ဘူးနော်။ ကျွန်တော်တို့ မြန်မာနိုင်ငံတစ်ခုလုံးအတွက် စတင်လာတဲ့ မျိုးစေ့လေးတစ်စေ့ဆိုတာ သိသင့်တယ်ထင်လို့ ကျွန်တော့်အနေနှင့် ပြောပြမိတာ တစ်ခုပါ။


အားလုံးအမြင်မှန်ရပြီး အနာဂတ်အတွက် အကျိုးမျှော်ကိုးနိုင်ပါစေလို့ ဆုတောင်းရင်း မြန်မာနိုင်ငံ သားတွေ  အားလုံးကိုယ့်တိုင်းပြည်မှာ ပြန်လည်အလုပ်လုပ်နိုင်ပြီး ကိုယ့်တိုင်းပြည် ကောင်းကျိုးအမြန်ဆုံးပြုနိုင်ပါစေလို့ လည်းဆုတောင်းရင်း ............
စေတနာများစွာဖြင့်
ညီနေမင်း(နည်းပညာ)
Posted: 26 Aug 2012 07:39 AM PDT
ရှေ့ဖက်မှ

      ကျွန်တော် နေမကောင်းလို့ ထိုင်းကို ခဏသွားပါတယ်။ သွားတုန်းမှာပဲ အိမ်ကို ဖိတ်စာလာပို့ပါတယ်တဲ့ ဖုန်းဆက်တယ် ဘာဖိတ်စာလဲ မေးတော့ ဒီမိုကရက်တစ်ပါတီကနေ ဖိတ်တာဆိုပဲ။ ပါတီ (၃) ခုပေါင်းပြီး  ဆွေးနွေးမှာ ဖြစ်ပါတယ်တဲ့။ ကျွန်တော်က ဘာတီဝင်လည်းမဟုတ်၊ နိုင်ငံရေးသမားလည်း မဟုတ်တဲ့အတွက် ဘယ်လိုမှ အဲ့လို ပါတီမျိုးမှာ သွားပြီးတော့ ဆွေးနွေးစရာမလိုအပ်ဘူးထင်ပြီး မသွားခဲ့ပါ။ တကယ်လို့ ဆွေးနွေးချင်ရင် ဆိုင်ကိုလာခဲ့ပါလို့ အကြံပြုပါရစေ။  ကိုသန်းထွန်းရေ. ကျွန်တော် နားလည်သလောက်နဲ့ ကိုသန်းထွန်း နားလည်သလောက်ကို ဆွေးနွေးလို့ရပါတယ်။ ဒါပေမယ့် တစ်ခုတော့ ကျွန်တော်အံ့သြမိတယ်ဗျာ။ ဗိုလ်ချုပ်အောင်ဆန်း ခေတ်တုန်းက လွတ်လပ်ရေးမရခင် အင်္ဂလိပ်နယ်ချဲ့တွေကို တော်လှန်ဖို့အတွက် နိုင်ငံရေးသမားတွေအဖြစ် လုပ်ခဲ့ကြတယ်။ တကယ့်ကို ချီးကျူးထိုက်ပါတယ်။ အဲ့တစ်ချိန်တုန်းက နိုင်ငံရေးသမားဆိုတာဟာ ခုလို ကိုသန်းထွန်းလို ခပ်တုံးတုံး ခပ်ပဲ့ပဲ့ အတွေးတွေနဲ့ မဟုတ်သလို၊ ပညာရေးမှာလည်း နိုင်ငံခြားမှာ ပညာသွားသင်နိုင်တဲ့ အရည်အချင်းပြည့်ဝတဲ့ သူတွေချည်းပါပဲ။ အခု ကိုသန်းထွန်း ဖိတ်လိုက်တဲ့ ဖိတ်စာအနောက်ကြောဖက်မှာ ကိုပို့တဲ့စာကို ကိုသေချာ ပြန်ဖတ်ကြည့်ပါဦး "Technology" ကိုတောင် ဖြောင့်ဖြောင့်တန်း တန်းမရေးနိုင်ဘဲနဲ့ ကျောက်မီးသွေးစက်ရုံတစ်ခု လည်ပတ်ဖို့ကို ဆွေးနွေးမယ်ဆိုတော့ အတော်လေးကို ဟာသဖြစ်စရာပါပဲ။ ဒီမိုကရက်တစ်ပါတီမှာ ကိုသန်းထွန်းက ပါတီခေါင်းဆောင်လား၊ ပါတီဝင်လား ဆိုတာတော့ ကျွန်တော်မသိပါဘူး။ ပါတီခေါင်းဆောင် ဆိုရင်တော့ ခင်ဗျားလက်အောက်က ပါတီဝင်တွေကို ဘယ်လို အုပ်ချုပ်ပါသလဲ။ အသိပညာ အတတ်ပညာတွေနဲ့လား။ အရာရာကို အမြင်ကျယ်တဲ့ နိုင်ငံရေးသမားတစ်ယောက်ရဲ့ အတွေးအမြင်တွေနဲ့လား။ ခုလို ခပ်ပဲ့ပဲ့စာတွေနဲ့ရေးလိုက်တဲ့ စာသားတစ်ချို့ကတော့ ကျွန်တော်သုံးသပ်ချက်အရတော့ 5 တန်းတောင် မအောင်သေးလောက်ဘူး ထင်ပါတယ်။ ကျွန်တော်ရိုင်းသွားရင် ဆောရီးပါ။ လူတိုင်းမှာ အမြင်တစ်မျိုးစီရှိသလိုပဲ။ ကျွန်တော့်ကိုလည်း သုံးသပ်လို့ရပါတယ်။ ဝေဖန်လို့ရပါတယ်။ မဆော်ကားရင် ပြီးတာပါပဲ။ လူတိုင်းမှာ လွတ်လပ်စွာ သုံးသပ်ပိုင်ခွင့်ရှိပါတယ်။ ကျွန်တော်ကြားဖူးတာကတော့ နိုင်ငံရေးသမားဆိုတာ အမှန်တရားကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ရဲတဲ့ သူတွေလို့ ကျွန်တော် သိထားတာပါ။ ကျွန်တော် ကိုသန်းထွန်းကို ထပ်ပြီးတော့ သုံးသပ်လိုက်ပါ့မယ်။ အရမ်းပဲ့လိုက်တာ ကိုသန်းထွန်းရယ်ပေါ့။ စာမပို့ခင် စာကိုတော့ မှန်အောင် အရင်ရေးပြီးမှ ပို့စေချင်တာပါ။ ခင်ဗျားက ဒီမိုကရက်တစ်ပါတီဆိုတဲ့ အမည်နဲ့လာတဲ့အတွက် ဒီမိုကရက်တစ်ပါတီမှာ ခင်ဗျားလိုနိုင်ငံရေးသမားကို ခန့်ထားတာဟာ သူများဒို့အရေးဆိုတိုင်း လိုက်ပြီး ဒို့အရေး၊ ဒို့အရေးလုပ်နေလို့လား ဆိုတာတော့ ကျွန်တော် မသိပါဘူး။ ကျွန်တော် ပြောတာ ရိုင်းလား မရိုင်းဘူးလားဆိုတာကိုတော့ စာဖတ်သူတွေထဲမှာ ပညာတတ်တွေ တော်တော်များပါတယ်။ အားလုံးပဲ ကျွန်တော်မှားတယ်ဆိုရင် ဝေဖန်နိုင်ပါတယ်။ ကွန်မန့်ဝင်ရေးနိုင်ပါတယ်။

ကျောဖက်မှ

၁။  သင့်နိုင်ငံရေးသမားတွေကို မလေးစားတာ သင့်ထ္မင်းစားဖို့ လုပ်ပေးနေတဲ့ သူကိုစော်ကားလိုက်တာပဲ့
  • အမှားပြင်ဆင်ချက်(သင့် အစား သင်လို့ ရေးသင့်ပါကြောင်း ပဲ့ အစား ပဲ လို့ရေးသင့်ပါကြောင်း)
ဖြေရှင်းချက်။  ။ကျွန်တော်နိုင်ငံရေးသမားတွေကို မလေးစားတဲ့အကြောင်း တစ်ခွန်းမှ မပါပါ။ လေးစားသင့်သော ပုဂ္ဂ္ဂ္ဂိုလ်အားလုံးကို လေးစားပါတယ်။ နိုင်ငံရေးသမားမှ မဟုတ်ပါဘူး။ နိုင်ငံရေးမလုပ်ဘဲ ခေတ်လူငယ်တွေ တိုးတက်အောင် ကြိုးပမ်းနေတဲ့ သူအားလုံးကို ကျွန်တော့်ထက်အသက်ငယ်ပါစေ။ ကျွန်တော်လေးစား ပါတယ်။ ကျွန်တော်ထမင်းစားဖို့ လုပ်ပေးနေတယ်ဆိုတော့ ကျွန်တော့်ကို ဘာတွေများ ပေးကမ်းထား၊ ထောက်ပံ့ပေးထားတာ ရှိပါသလဲ။ သူများဟောင်ခိုင်းတိုင်း လိုက်ဟောင်တတ်တဲ့ သူမျိုးထဲမှာတော့ ကျွန်တော်မပါတာ အမှန်ပါပဲ။ ကိုသန်းထွန်းကော ကျွန်တော့်ကို ဘာတွေများ ခုချိန်အထိ ထောက်ပံ့ပေးဖူးပါသလား။ ထမင်းကြွေးဖူးပါသလား။ ကျွန်တော် ကျောင်းပြီးကတည်းကနေ ခုချိန်အထိ ထမင်းစားလာတာဟာ နိုင်ငံရေးလုပ်လို့ ရလာတဲ့ ငွေကြေးအထောက်အပံ့နဲ့မဟုတ်ဘူးနော်။ ကိုယ့်ဒူးကိုယ်ချွန်ပြီးမှ ရလာတဲ့ ပိုက်ဆံနဲ့ ထမင်းစားခဲ့တာခုစာရိုက်နေတဲ့ အချိန်အထိပါပဲ။ (ပဲ့လိုက်တာနော် နိုင်ငံရေးသမားတဲ့ အဟတ်ဟတ်)

၂။      အဲ့ဒီ့စော်ကားခြင်းဟာ သင့်အဖေအမေကို စော်ကားခြင်းထက် ပို၍အပြစ်ကြီးလေ၏။ သင်စဉ်းစားပါ?
ဖြေရှင်းချက်။      ။ကျွန်တော်သစ္စာဆိုထားပါတယ်။ ဘုရား၊ တရား၊ သံင်္ဃာ၊ မိဘ၊ ဆရာ သမားများကို အသက်ထက်ဆုံး ကံသုံးပါးစလုံးဖြင့် မပြစ်မှား မဆော်ကားပါဘူးလို့ သစ္စာဆိုထားပါတယ်။ ဘာလို့လဲဆိုရင်တော့ အနန္တော အနန္တငါးပါးထဲမှာ မိဘပါနေလို့ပါ။ ဘယ်နိုင်ငံရေးသမားကိုမှလည်း မဆော်ကားခဲ့ပါ။  အခုကိုသန်းထွန်း(ဒီမိုကရက်တစ်ပါတီ) ပြောမှ နောက်နောင် အနန္တော အနန္တငါးပါးမဟုတ်ဘဲ။ နိုင်ငံရေးသမား ဆိုပြီး (၆)ပါးထပ်တိုးရတော့မယ်နဲ့တူပါတယ်။ မိဘနှစ်ပါးထက်တောင် အပြစ်ပိုကြီးတယ်ဆိုတော့။ ဘုရားဘေးနားကို ကပ်ပေးပြီး ရှိခိုးရမှာလားမသိဘူး။  အနန္တော အနန္တငါးပါးထဲမှာ နိုင်ငံရေးသမား ပါပါသလား။ အခုနောက် ပါလာတာလား။ ဆိုတာတော့ ကျွန်တော်မသိပါ။ ကျွန်တော့်ကို ဖြစ်နိုင်ရင် ထောက်ပြပေးစေလိုပါတယ်။

၃။     သင် Techanilogy သမားဟုပြောသည်။ သင်ပြောသည့်အမည် နာမသည် ဘာကိုဆိုလိုသနည်း ဆိုတာ သင်သိမှ ပြောရင် ပိုကောင်းပါသည်။ 
ဖြေရှင်းချက်။   ။ ဟုတ်ကဲ့ ကိုသန်းထွန်းရေ အစ်ကိုပြောတဲ့ Techanilogy ဆိုတာကိုတော့ ကျွန်တော် တကယ်မသိပါဘူး။ ကျွန်တော်ရေးခဲ့တာက Technology (နည်းပညာ) နှင့်ပတ်သက်ပြီး အမြင်ကိုတော့ ရေးခဲ့ဖူးပါတယ်။ အစ်ကိုခုပြောတဲ့ Techanilogy ဆိုတာကိုတော့ ကျွန်တော် မသိတာအမှန်ပါ။ English to English မှာ ထပ်ဖြည့်သင့်တယ်ထင်ပါတယ်။ အစ်ကိုပြောတဲ့ Techanilogy ရဲ့ အဓိပ္ပါယ်ကို ဖွင့်ပြစေလိုပါတယ်။ အခုကျွန်တော် မသိတဲ့အတွက် ဘာကိုမှ မပြောနိုင်တဲ့အတွက် ကျွန်တော်လေ့လာမှု့ ညံ့ဖျင်းသွားတယ်လို့ပဲ အပြစ်တင်ပါရစေ။ (မင်းတော်တော် လေ့လာဖို့ လိုသေးပါလား ညီနေမင်းရယ် အဟတ်ဟတ် .... )။

၎။    သင့်လုပ်ငန်းသည် မည်သူကို ကိုယ်စားပြုသနည်း? ကျုပ်တို့လုပ်ငန်းသည် ပြည်သူကို ကိုယ်စားပြု၏။ 
ဖြေရှင်းချက်။    ။ကျွန်တော့် http://www.nyinaymin.org ဆိုပြီး ၀ဘ်ဆိုက်ပြုလုပ် ထားခြင်းသည် ကိုယ်ကျိုးရှာရန်အတွက် မဟုတ်ပါ။ အဲ့အတွက်ကြောင့်လည်း မည်သူမဆို ၀ဘ်ဆိုက်တွင် ၀င်ရေးချင်သူများအားလုံးကို ဖိတ်ခေါ်ခဲ့ ပါသည်။ ၀ဘ်ဆိုက်၏ နောက်ဆုံး စာလုံးသည် .org(Organization) ဆိုတာသည် အများနှင့် သက်ဆိုင်သည့်ဝဘ်ဆိုက်ဖြစ်ကြောင်းကို သိစေလိုသည့်အတွက် အများကိုယ်စားပြုအနေဖြင့် ထည့်ထားခြင်းဖြစ်ပါသည်။ Domain name များ၏ Definition ကို သိအောင် အရင်လေ့လာစေလိုပါသည်။
ကိုသန်းထွန်းကော ပြည်သူကို အကျိုးပြုတယ်လို့ပြောခဲ့သလို ပြည်သူတွေအတွက် ဘာတွေများ ခုချိန်အထိ အကျိုးပြုပြီးခဲ့ပါသလဲ။ လူထုကော ဘာတွေ အကျိုးခံစားခဲ့ရပါသလဲ။ 

၅။     အခကြေးငွေသည် လူကိုပျက်စီးစေသည် ကြွေးတိုင်းလဲ မစားနှင့်ပေးတိုင်းလဲမယူနဲ့ ငါ့သား။
ဖြေရှင်းချက်။     ။ ပထမဦးစွာ ကြွေး ကို အရင်ဆုံး ကျွေး လို့ပြင်ရေးသင့်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်ခင်ဗျာ။ စာလုံးပေါင်း စပါးလင် လေး နည်းနည်း လွဲနေတယ်ထင်တယ်။ ဘယ်သူ့ဆီက ထောက်ပံ့ငွေကို ကျွန်တော် စားခဲ့ပါသလဲ။ ညီနေမင်းသည် ကွန်ပျူတာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေပါသည်။ ဘာလုပ်သလဲဆိုတာကို ဆိုင်က ဆိုင်းဘုတ်မှာ လာဖတ်ပေးပါ။ ခုချိန်အထိ ဘယ်သူကျွေးတာမှ စားခဲ့တာမရှိ သလို။ မာနလည်း ရှိထားပါတယ်။ အဲ့ဒါဘာလဲဆိုရင် ကိုယ့်ဥာဏ်ပညာဖြင့် အလုပ် လုပ်ထားသော လုပ်အားခမဟုတ်ဘဲ ရယူခဲ့တဲ့ ပိုက်ဆံခုချိန်အထိ မရှိပါ။ သူများဟောင်ခိုင်းတိုင်းလည်း လိုက်မဟောင်တတ်ပါ။ အမှန်တရားကို မြတ်နိုးစွာ တန်ဖိုးထားထားပါသည်။ ငါ့သား လို့ပြောတာတော့ နည်းနည်းလေး အဆင့်နိမ့်သွားတယ်ထင်တယ် ကိုသန်းထွန်းရေ့။ ထက်မြက်ပြီး လူထုကို ကိုယ်စားပြုထားပါတယ် ဆိုတဲ့ စာသားဟာ ဒီစကားလုံး တစ်လုံးတည်းနှင့်ကို ကိုသန်းထွန်းအဆင့်ဟာ zero Laval အောက်ကို ဆင်းသွားပါပြီ။ ကျွန်တော့်ကို မွေးထားတဲ့ ဖခင်ကတော့ ဆုံးပါးသွားပါပြီ။ ကျွန်တော့်ကို သားလို့ခေါ်နိုင်တာ အမေတစ်ယောက်တည်းပဲ ရှိပါတော့တယ်။ နိုင်ငံရေးသမားတွေထဲမှာ Quantity နဲ့ Quality ဆိုပြီးခွဲကြည့်ရင်တော့ ကိုသန်းထွန်း Laval ဟာ Quality(အရည်အချင်း) မဟုတ်ဘဲ Quantity(အရေအတွက်) ပဲရှိတဲ့သူဆိုတာ ပေါ်လွင်နေပါတယ်။ 


၅။  သင့်မှာ သင်စရာတွေအများကြီးပါ။ သင်ကျုပ်ဖိတ်တဲ့ ဆွေးနွေးပွဲသို့ ဖြစ်အောင်တက်ပါ။ သင့်အတွက် ကောင်း၏။ DPM (သန်းထွန်း)
ဖြေရှင်းချက်။      ။ကျွန်တော် နာမည်ကို ကွင်းစကွင်းပိတ်ထည့်မိတာကတော့ စာလုံးပေါင်းမတတ်လို့ပါ။ ကွင်းစကွင်းပိတ်ထည့်ရင် ပိုကြည့်ကောင်းသွားမလားလို့ပါ။ ကျွန်တော်သင်ယူစရာတွေ အများကြီးရှိပါတယ်။ မှန်ပါတယ်။ ကိုသန်းထွန်းခင်ဗျာ။ ဒါပေမယ့် ကိုသန်းထွန်းဆီမှာတော့ မဟုတ်တာ အသေအချာပါပဲ။ ဘုရား၊ တရားလုပ်ဖို့ ပထမခြေလှမ်းဖြစ်တဲ့ သမထ အလုပ်ကို အရင်နိုင်နင်းအောင် ပုတီးစိတ်၊ တရားထိုင်၊ ၀င်လေ ထွက်လေ ရှု့ပြီးတော့ ခန္ဓာကိုယ်ရဲ့ အတွင်းထဲက စိတ်ကို နိုင်နင်းအောင် ညတိုင်းကြိုးစားနေပါတယ်။ ဒုတိယအဆင့်ဖြစ်တဲ့ ၀ိပဿနာကတော့ နည်းနည်းအလှမ်းဝေးပါသေးတယ်။ ၀ိပဿနာလုပ်တဲ့ အချိန်ကျရင်တော့ ကျွန်တော်အားလုံးကို စွန့်လွှတ်ခဲ့တဲ့နေ့ဖြစ်မှာပါ။ အတွင်းစိတ်ကို အရင်အောင်နိုင်မှ ခန္ဓာကိုယ်အပြင်ဖက်ကနေ ရှု့ပြီး အပြင်ပိုင်းအောင်ခြင်းကို ရယူရမှာဖြစ်တဲ့အတွက် ဒုတိယအဆင့်ကိုတော့ မရောက်နိုင်သေးပါဘူး။ သမထအဆင့်ပဲ ရှိပါသေးတယ်။ ဆရာတော်ကြီးတွေဆီမှာ သင်ယူရဦးမှာပါ။


ပို့စ်တင်ခဲ့တုန်းက အမည်နာမအနေဖြင့် မသုံးဘဲ နည်းပညာပိုင်း အမြင်ဖြင့်သာ ကျွန်တော် ဝေဖန်အကြံပြုခဲ့ ပါတယ်။ ထိခိုက်နစ်နာမည် ဆိုးသဖြင့် နာမည်ကို ထိန်ချန်ခဲ့ပါသည်။ ယခုကျွန်တော့်ထံ ညီနေမင်း အမည်ဖြင့် By name လာဖိတ်ပြီး။ အရည်အချင်းပြည့်မီတဲ့ လေးစားထိုက်ဖွယ် စာသားများကြောင့်သာ ကိုသန်းထွန်း အမည်အား ချီးကျူးထောပနာ ပြုစေခြင်းငှာ ထည့်သွင်းဖော်ပြလိုက်ရပါကြောင်း .............. ....

(စာရှူ့သူများ  မည်သူမဆို ဤပို့စ်အား ဝေဖန်အကြံပြုရေးသားနိုင်ပါသည်။)

အားလုံးကို ခင်မင်လေးစားလျှက်
ညီနေမင်း(နည်းပညာ)

2 ကွန်မန့်ရေးရန်:

very Good ကိုညီနေမင်း ရေး အားပေးတယ် ဆက်လုပ်....

ဒါမှ တို့ကိုညီနေမင်းကွ..........................


Post a Comment