Wednesday, August 22, 2012

ဂတိတလုံးလွယ်လွယ်မပေးဖို့ဒါလေးဖတ်ကြစို့


ဘယ်သောအခါမှ ဆန္ဒအမှန်မပါပဲ ကတိစကားတစ်ခုကို လွယ်လွယ်နဲ့ မပေးပါနဲ့ ..
သေးငယ်တဲ့ကတိပဲဖြစ်ဖြစ်
ကြီးမားတဲ့ကတိပဲဖြစ်ဖြစ်
ကတိဟာ ကတိပါပဲ..

ကတိစကားဆိုတဲ့အရာကို အရေးတကြီးလို့ မယူဆလို့  ပေါ့ပေါ့ပါးပါးလွယ်လွယ်ကူကူနဲ့ ကတိပေးလိုက်ပြီး နောက်မတည်နိုင်လဲဖြစ်တာပါပဲ လို့ တွေးချင်တွေးနိုင်ပေမယ့် တဖက်ကသင့်ကိုယုံကြည်သူတစ်ယောက်အတွက်တော့
သင့်နှုတ်ဖျားက ကတိစကားဆိုတာဟာ..
သူ့ အတွက်
နှလုံးသားတစ်ခုလုံးလဲ ဖြစ်ရင်ဖြစ်နေနိုင်တယ်..
ကမ္ဘာတစ်ခုပမာလဲ ဖြစ်ရင်ဖြစ်နေနိုင်တယ်..
သူ့ ရဲ့ အကြီးမားဆုံးဆန္ဒတစ်ခုလဲ ဖြစ်နေနိုင်သလို..
နောက်ဆုံးအချိန်ထိ သူဘယ်တော့မှမစွန့် လွှတ်နိုင်မယ့် မျှော်လင့်ချက်တစ်ခုလဲ ဖြစ်နေနိုင်တယ်မဟုတ်လား..

ဒါကြောင့်
ဘယ်သောအခါမှ ဆန္ဒအမှန်မပါဝင်ပဲ ကတိစကားတစ်ခုကို လွယ်လွယ်နဲ့ မပေးပါနဲ့ ..
ဒီလိုကတိပေးခြင်းမျိုးဟာ တစ်ဖက်သားကို လိမ်လည်လှည့်ဖြားခြင်းတစ်မျိုးပါပဲ..
ဆန္ဒအမှန်ပါဝင်ပေမယ့် ပျက်စီးလွယ်ကူနိုင်တဲ့ကတိမျိုးဆိုရင်တောင်မှ မလွှဲမသွေသဘောမျိုး ကတိပေးတာထက်စာရင်
“အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်” ဆိုတဲ့ကတိစကားဟာလဲ
နှစ်ဦးနှစ်ဖက်အတွက် ပြည့်စုံလုံလောက်စေနိုင်ပါတယ်..

ကတိတွေဘယ်လောက်ပဲပေးပေး ရင်ထဲကဆန္ဒအမှန်တစ်ခုနဲ့ တန်ဖိုးမထားနိုင်ရင်
ပေးသမျှကတိစကားတွေအားလုံးဟာလဲ အလကားပဲ မဟုတ်လား...

0 ကွန်မန့်ရေးရန်:

Post a Comment