Friday, August 10, 2012

ကမ္ဘာ့ အမြန်ဆုံးလူသား အူစိန် ဘော့တ်



ကမ္ဘာ့ အမြန်ဆုံး လူသား အူစိန် ဘော့တ် (ဓာတ်ပုံ – TPS)

လွန်ခဲ့တဲ့ ၄ နှစ် ဘေဂျင်း အိုလံပစ် ပြီးကတည်းက အားလုံးသိချင်နေကြတဲ့ အဖြေကို ပေးလိုက်သူကတော့ အူစိန် ဘော့တ်ပဲ ဖြစ်ပါတယ်။ အူစိန် ဘော့တ်ဟာ ယခုနှစ် လန်ဒန်အိုလံပစ်မှာ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ၉. ၆၃ စက္ကန့်နဲ့ ပထမ နေရာကနေ ပန်းဝင်ခဲ့ပြီး ကမ္ဘာ့ပရိသတ် ကို ဆက်လက် အံ့အားသင့်စေခဲ့ပါတယ်။

ဘေဂျင်းမှာတုန်းက သူဘယ်လောက်ထိမြန်အောင် ပြေးနိုင်ခဲ့လဲဆိုတာ စိတ်ဝင်စားစရာပါ။ ဂျမေကာ နိုင်ငံသား ဘော့တ် ဟာ ၉. ၆၉ စက္ကန့်နဲ့ ကမ္ဘာ့စံချိန်ရယူပြီး ရွှေတံဆိပ်ရယူခဲ့သလို အိုလံပစ် အဖွဲ့ရဲ့ ဆေးစစ်ချက်ကိုလည်း အောင်မြင်ခဲ့ပါတယ်။အဲဒီအချိန်ကစလို့ ဘောတ့် ရဲ့ ပြေးအားဟာ ပိုမိုတိုးတက်လာခဲ့ပြီး ၂၀၀၈ အိုလံပစ်အပြီး နောက်နှစ် ကမ္ဘာ့ပြေးခုန်ပစ် ပြိုင်ပွဲမှာ ၉. ၅၈ စက္ကန့်နဲ့ ထပ်မံစံချိန် တင်နိုင်ခဲ့ပါတယ်။
ဘေဂျင်း အိုလံပစ်မှာ အောင်မြင်ခဲ့တဲ့ ဘော့တ်ဟာ ကမ္ဘာ့ပရိသတ် အကြားမှာ ရေပန်းစားလာခဲ့ပြီး ပြေးခုန်ပစ် သမား တဦးအနေနဲ့ အမေရိကန် ဂုဏ်ထူးဆောင် အပြေးသမား ကားလ် လူးဝစ် အပြီး ဒုတိယမြောက် သြဇာကြီးတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။

ပြေးခုန်ပစ် သူရဲကောင်း တဦး ထွက်ပေါ်လာခြင်း

အိုလံပစ် သမိုင်းတလျှောက် ပြေးခုန်ပစ် အားကစားဟာ လူထု ကြားထဲမှာ ရေပန်းစားဖို့ ခဲယဉ်းပေမယ့် အခုချိန်မှာတော့ ပရိသတ်တွေ တညီတညွတ်တည်း ထောက်ခံနေတာကတော့ သူတို့ဆီမှာ ပြေးခုန်ပစ် အားကစား သူရဲကောင်းတယောက် တိုးလာပြီ ဆိုတာပါပဲ။

“ကျနော့်ရဲ့ တခုတည်းသော ရည်မှန်းချက်က ချန်ပီယံ တစ်ယောက် ဖြစ်ဖို့ပါပဲ။ ဒါကြောင့် ဒီနေရာကို ကျနော် ရောက်ရှိ နေတာပါ။ ကျနော်ပြောခဲ့တယ် မဟုတ်လား၊ ကျနော်ဟာ နံပါတ် ၁ တယောက် ဖြစ်လာလိမ့်မယ် ဆိုတာလေ။ အဲဒါကို ဖြစ်အောင် ကျနော် လုပ်နိုင်ခဲ့ချိန်ဟာ အရမ်းကို ကြီးကျယ်ခဲ့ပါတယ်” လို့ ဘော့တ်က ပြောခဲ့ပါတယ်။

ဘော့တ် တယောက် စပြီး နာမည်ကြီးလာချိန်မှာ အောင်ပွဲခံမှုနဲ့အတူ ဝေဖန်စူးစမ်းမှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ စာနယ်ဇင်းတွေ၊ နည်းပြတွေနဲ့ ကစားသမားတွေ အားလုံးဟာ ဘော့တ် ဘယ်လောက်ထိ မြန်အောင်ပြေးနိုင်သလဲ ဆိုတာ သိချင်နေကြပါတယ်။ ဘော့တ်ကို လေ့ကျင့်ပေးတဲ့ ဂလန်း မေးလ် ကတော့ သူဟာ ၉. ၆ စက္ကန့် အောက်နဲ့တင် မီတာ ၁၀၀ ကို ပန်းဝင်နိုင်တယ်လို့ ဆိုပါတယ်။ ဘော့တ် ရဲ့ လျင်မြန်မှုကို ပညာရေးအဖွဲ့အစည်းဖြစ်တဲ့ နော်ဝေနိုင်ငံ အော်စလိုကပါ သုတေသန လုပ်ဖို့ စိတ်ဝင်စားနေပြီး ဘောတ့်ဟာ ၉. ၅၅ စက္ကန့်အောက်မှာ ပန်းဝင်နိုင်တဲ့အထိ စွမ်းဆောင်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

၉. ၄ စက္ကန့်နဲ့ ဘော့တ်

အခုဆိုရင် ဘောတ့်ဟာ အမေရိကန် အပြေးသမား ကားလ် လူးဝစ် ပြီးကတည်းက အိုလံပစ် ပြေးခုန်ပစ် မီတာ ၁၀၀ ပြိုင်ပွဲမှာ နှစ်ကြိမ်ဆက်တိုက် ရွှေတံဆိပ်ဆု ယူနိုင်တဲ့ ကစားသမားအဖြစ် စံချိန်တင်သွားပါပြီ။ ဒါပေမယ့် ဘော့တ် ကိုယ်တိုင် ချိုးဖျက်ခဲ့တဲ့ ၉. ၆၉၊ ၉. ၅၈၊ ၉. ၅၅ စက္ကန့် စံချိန်တွေကို ဘယ်သူမှ သတိမထားမိကြပါဘူး။ အခုဆိုရင် ဘော့တ်ဟာ သူတင်ခဲ့တဲ့ စံချိန်တွေကိုသာ ချိုးဖျက်ဖို့ စိတ်ဝင်စားနေပါတယ်။

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က အိုလံပစ် မီတာ ၁၀၀ ပြိုင်ပွဲ မတိုင်ခင် CNN သတင်းဌာနနဲ့ အင်တာဗျူးမှာ ဘော့တ်က “လူတွေ အားလုံးဟာ ကျနော် ၉. ၄ စက္ကန့်နဲ့ ပန်းဝင်နိုင်မလား ဆိုတာပဲ ပြောနေကြပါတယ် ။ အမှန်တကယ်သာ အဲဒီအတိုင်း ဖြစ်နိုင်မယ်ဆိုရင် အဲဒီလူဟာ ကျနော်ပဲ ဖြစ်ပါလိမ့်မယ်” ဆိုပြီး ဖြေကြားခဲ့ပါတယ်။

ဒတ်ခ်ျလူမျိုး သင်္ချာ ပါမောက္ခ တယောက်ကလည်း ဘော့တ်ရဲ့ အိပ်မက်ဟာ သီအိုရီတွေအရ ဖြစ်နိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။ အိုလံပစ် အတွက် အဆုံးစွန်သော ရလဒ်ဟာ ၉. ၃၆ စက္ကန့်အထိသာ ဖြစ်နိုင်ပေမယ့် ဘော့တ်ရဲ့ အရည်အသွေး ကြောင့် ဒီထက်ပိုပြီး မြန်အောင် ပြေးနိုင်ဖွယ် ရှိနေပါတယ်။

ဒါပေမယ့် တကယ့်လက်ရှိ အမှန်တရားမှာတော့ ဘော့တ်ဟာ ဒီနှစ်မှာ ဒဏ်ရာနဲ့သာ ရုန်းကန်နေရပြီး တသင်းတည်းက ပြိုင်ဘက် ယိုဟန် ဘလိတ်ရဲ့ ခြိမ်းခြောက်မှုကိုပါ ခံနေရပါတယ်။ အိုလံပစ် ပြေးခုန်ပစ် ချန်ပီယံဟောင်း မိုက်ကယ် ဂျွန်ဆင် ကတော့ “ဘော့တ်ဟာ ဒီနှစ်မှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပါတယ်။ ဒါပေမယ့် ဘော့တ်ဟာ တခြားသူတွေထက် လျင်မြန်တဲ့ အရည်အသွေး ရှိနေတဲ့သူဖြစ်လို့  ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုမပြည့်ရင် ဘော့တ်ကို ကျော်ဖြတ်ဖို့ မလွယ်ပါဘူး” လို့ အင်တာဗျူး တခုမှာ ပြောကြားခဲ့ပါတယ်။

အခုဆိုရင် ဘော့တ်ဟာ အာရှကနေ အမေရိက တလွှား ပရိသတ် အင်အား များစွာရှိနေပြီး သူ့ရဲ့ လက်မှတ်ကို လိုချင်တဲ့ သူတွေဟာ တိုးဝှေ့ နေကြရပါတယ်။ အိုလံပစ် ရွှေတံဆိပ်ဆုရ ကစားသမားဟောင်း လင်းဖော့တ် ကရစ်စတီကတော့ “ဒီ ဂျမေကာ နိုင်ငံသား ဘော့တ်ဟာ အခုအချိန်မှာ ကမ္ဘာ့ နာမည်အကြီးဆုံး ပြေးခုန်ပစ်သမား ဖြစ်လာသလို၊ သမိုင်း တလျှောက် အကြီးကျယ်ဆုံး ပြေးခုန်ပစ် သမားတယောက်လည်း ဖြစ်လာပါပြီ” ဆိုပြီး ချီးကျူးသွားခဲ့ ပါတယ်။

ပြေးခုန်ပစ် ကစားသမားအဖြစ် စတင်ခြင်း

ဘော့တ်ရဲ့ အပြေးသမားဘ၀ဟာ ဂျမေကာက တခြားလူတွေလိုပဲ တရီလော်နီ မြို့လေးမှာ စတင်ခဲ့ပြီး ဒီမြို့ကနေ အခု အိုလံပစ် အမျိုးသမီး ပြေးခုန်ပစ် ရွှေတံဆိပ် ဆုရကစားသမား ဗရိုနီကာ ကမ့်ဘဲလ်နဲ့ အတူတူ ထွက်ပေါ်လာခဲ့တာပါ။ ဒီမြို့ဟာ ပြေးခုန်ပစ် ကစားသမားတွေကို မွေးထုတ်ရာမှာ နာမည်ကြီးသလို လူပေါင်း ၃ သောင်းလောက်ဟာ ကင်းစတန် အားကစား ကွင်းထဲလာပြီး ၄ ရက်ကြာတဲ့ ဂျမေကာ ပြေးခုန်ပစ် အားကစားပွဲကို လာရောက် အားပေးကြပါတယ်။

သန်းနဲ့ချီတဲ့ ဂျမေကာ နိုင်ငံသား တွေကလည်း တီဗီကနေကြည့်ပြီး အိုလံပစ် ပြိုင်ပွဲအတွက် ထွက်ပေါ်လာမယ့် လူငယ် ကစားသမားတွေကို အားပေးကြပါတယ်။

ဂျမေကာ နိုင်ငံဟာ လူငယ်ကစားသမားတွေကို တွန်းအား ကောင်းကောင်း ပေးပြီး လေ့ကျင့်ပေး ကြပါတယ်။ ဂျမေကာမှာ ယောက်ျားလေးနဲ့ မိန်းကလေး အတွက် သီးသန့် ပြိုင်ပွဲတွေကို သက်တမ်းအလိုက် လုပ်ပေးကြပြီး လူငယ် တွေဟာ သူတို့ရဲ့ အရည်အသွေး တွေကို ပြသခွင့် ရရှိကြပါတယ်။ ဘော့တ်ဟာ အသက် ၁၆ နှစ်မှာတင် ဂျမေကာ ရှိ သက်တမ်းအလိုက် ပြေးခုန်ပစ် ပြိုင်ပွဲတွေမှာ ဗိုလ်ဆွဲနိုင်ပြီး အိုလံပစ် ပြိုင်ပွဲအတွက်ခြေလှမ်းစတင်နိုင်ခဲ့ပါတယ်။

ပရော်ဖက်ရှင်နယ် ကစားသမားအဖြစ် ၂၀၀၄ ခုနှစ် အေသင်အိုလံပစ် မီတာ ၂၀၀ ပြိုင်ပွဲမှာ စတင် ယှဉ်ပြိုင်ခဲ့ပေမယ့် အရေး မလှခဲ့တာကြောင့် ဘော့တ်ဟာ လေ့ကျင့်ခန်းကို ပိုပြီး ဂရုတစိုက် လုပ်လာခဲ့သလို နည်းပြ မေးလ်ကလည်း ဘော့တ်ကို မီတာ ၁၀၀ စတင် ပြေးခွင့်ပြုခဲ့ပါတယ်။ ဘော့တ်ဟာ အရပ်အမြင့် ၆ ပေ ၃ လက်မ ရှိတာကြောင့် တာတို ပြိုင်ပွဲတွေမှာ ရုန်းကန် နိုင်တယ်လို့ ထင်ရပေမယ့် ၂၀၀၈ ခုနစ် ဘေဂျင်း အိုလံပစ်မှာ မီတာ ၁၀၀ ကနေစပြီး ရွှေတံဆိပ်ရရှိခဲ့သလို တဆက်တည်းမှာ မီတာ ၂၀၀ နဲ့ မီတာ ၁၀၀ လေးယောက် လက်ဆင့်ကမ်း ပြိုင်ပွဲမှာပါ အနိုင်ရခဲ့ပါတယ်။

ဒီနှစ် လန်ဒန်အိုလံပစ် လက်ရှိ အချိန်မှာတော့ ဘော့တ်ဟာ မီတာ ၁၀၀ ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ဆက်လက် သိမ်းပိုက်ထား နိုင်ပြီး မီတာ ၂၀၀ ကိုလည်း ပါဝင် ယှဉ်ပြိုင်ဦးမှာဖြစ်ပါတယ်။ ကမ္ဘာ့အမြန်ဆုံး လူသားလို့ တင်စားနေရတဲ့ အူစိန် ဘော့တ် အနေနဲ့ အောင်မြင်မှုတွေ၊ စံချိန်တွေ ဘယ်လို ထပ်ယူမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

http://burma.irrawaddy.org/archives/17307

0 ကွန်မန့်ရေးရန်:

Post a Comment