Friday, July 20, 2012

အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ် ကိစ္စမှာ မြန်မာနှင့် ဒေသန္တရ နိုင်ငံရေး (Geopolitics) ဆက်စပ်


southchinaseastudies.org

အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ် ကိစ္စမှာ မြန်မာနှင့် ဒေသန္တရ နိုင်ငံရေး (Geopolitics) ဆက်စပ်

အာဆီယံအနေနဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အခက်အခဲတွေကို ပြေလည်အောင် ကြိုးပမ်းလာနေနိုင်ချိန်မှာ နောက်ထပ် ပြဿနာအ
သစ်တခုကို ရင်ဆိုင်ရဖို့ကတော့ တောင်တရုတ်ပင်လယ်မှာ တရုတ်က အင်အားသုံး အနိုင်ကျင့်ပြီး လွှမ်းမိုးလာတာ ဖြစ်မယ်လို့ ယူဆရပါမယ်။

သန်း ၅ဝဝ ရှိတဲ့ အာဆီယံဈေးကွက်ဟာ တရုတ် စီးပွားရေးအတွက် ဘယ်တော့မှ လက်လွှတ်လို့ မရနိုင်စကောင်းပါပဲ။ တရုတ်က အနိုင်ကျင့်လာရင် ဂျပန်၊ တောင်ကိုးရီးယား၊ ထိုင်ဝမ်အပြင် အမေရိကန်နဲ့ ဥရောပ ဈေးကွက်ပါ ပျောက်သွားမှာ ဖြစ်ပါတယ်။ တကမ္ဘာလုံးမှာ တရုတ်ပစ္စည်း သပိတ်မှောက်တာတွေထိ ဖြစ်သွားနိုင်ပါတယ်။

အင်အားသာတဲ့ တဘက်က အင်အားသုံးလာရင် အင်အားနည်းတဲ့ အခြားတဘက်က ဥာဏ်သုံး ရင်ဆိုင်ဖို့သာ ရှိရပါတော့မယ်။ ဒါကတော့ စစ်ရေးအင်အားမှာ တရုတ်ကို မယှဉ်နိုင်တဲ့ အာဆီယံ နိုင်ငံငယ်လေးများအတွက် လက်နက်ကောင်းတခုပါ။

တရုတ်ဟာ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းကလာတဲ့  ရေနံလောင်စာတွေကို မလက်ကား ရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ်ကို ဖြတ်ပြီး သယ်ယူနေရပါတယ်။ အဲဒီလမ်းကြောင်းအပေါ်ါ် အမှီအခို လျော့ပါးနိုင်ဖို့ တရုတ်က အားထုတ်ရာမှာ အာရှအလယ်ပိုင်း နိုင်ငံတွေအပြင် မြန်မာနိုင်ငံ ကုန်းတွင်းကို ဖြတ်ပြီး သယ်ယူဖို့ ပိုက်လိုင်းတွေ တည်ဆောက်လာပါတယ်။

တရုတ်အနေနဲ့ မြန်မာနိုင်ငံကို ဖြတ်သွားတဲ့ ပိုက်လိုင်းက ပြီးသွားရင်တောင်၊ ပြီးတော့ မြန်မာအစိုးရနဲ့ ပြေလည်နေတဲ့တိုင်အောင် (လက်နက်အပါအဝင်) တရုတ်ကုန်တွေကို ပို့ဖို့ တောင်တရုတ်ပင်လယ်နဲ့ မလက်ကား ရေလက်ကြားကို တရုတ်က ဆက်လက် အသုံးပြုနေရဦးမှာ ဖြစ်ပါတယ်။

လာမယ့်နှစ်တွေအတွင်းမှာ ဖြစ်ပျက်လာနိုင်စရာတွေဟာ တရုတ်နဲ့ အာဆီယံ ဆက်ဆံရေး ဘယ်လောက်ထိ စိတ်ချလက်ချ ကောင်းနေအောင် ဘယ်လိုထိန်းထားနိုင်မလဲ... အာဆီယံဟာ ဒေသတွင်း စီးပွားရေး အဖွဲ့အစည်းအဖြစ်နဲ့ လုံလောက်အောင် ရပ်တည်နိုင်ပါ့မလား... အာဆီယံရဲ့ ညီညွတ်မှုဟာ ဘယ်လောက်ထိ ကြံ့ကြံ့ခံနိုင်မလဲ ... စတဲ့ အချက်တွေပေါ် အနည်းအများ မူတည်လာပါတယ်။

မြန်မာ့နိုင်ငံရေးဟာ အရင်ဆယ်စုနှစ်တွေလို လူတဦး-တဖွဲ့က စိတ်ကြိုက်စီမံတာမျိုး မဟုတ်တော့ဘဲ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒအရ စီမံတာမျိးသာ ဖြစ်လာရပါတော့မယ်။ မြန်မာပြည်သူတွေဟာ ဒေသန္တရ နိုင်ငံရေး (Geopolitics) ကို များများကြီး သိနေမှလည်း လူထုဆန္ဒနဲ့ တိုင်းပြည်အကျိုးကို ပိုမိုကောင်းမွန်အောင် ဝိုင်းဝန်းအကြံပြု စီမံပေးနိုင်စရာ ရှိပါမယ်။

Geopolitics ကို ဖြစ်နိုင်သမျှ လေ့လာစေလိုပါတယ်။

လွင်အောင်စိုး
၁၉-၇-၂ဝ၁၂

0 ကွန်မန့်ရေးရန်:

Post a Comment