Sunday, July 8, 2012

ငွေဒင်္ဂါးကိုမြန်မာပြည်မှာ စတင်သုံးစွဲခဲ့ကြပုံ

ပစ္စည်းတစ်ခုနှင့်တစ်ခုရောင်းဝယ်ဖလှယ်ကြရာ၌ ယခုခေတ်၌ငွေစက္ကူအသုံးပြုကြပါသည်။ရှေးကမူ
စက္ကူမပေါ်သေးသဖြင့်ငွေစက္ကူအစားငွေဒင်္ဂါးများဖြင့်ရောင်းဝယ်ရေးကိစ္စ၌ဖလှယ်ရေးပစ္စည်းအဖြစ်
အသုံးပြုခဲ့ကြသည်။အမရပူရနန်းတည်ဘိုးတော်ဘုရားလက်ထက်တွင်အင်္ဂလန်မှဒင်္ဂါးသွန်းစက်ကြီး
ကိုမှာယူကာ မြန်မာသက္ကရာဇ် ၁၁၄၆ ခုနှစ်၊နံယုန်လပြည့်ကျော် ၁ ရက်နေ့တွင် ပြည်တွင်းသုံး ငွေ
ဒင်္ဂါးအဖြစ်ထုတ်ပြန်ကြေငြာသုံးစွဲခဲ့ကြသည်။
ငွေဒင်္ဂါး၏ပုံသဏ္ဌန်မှာ တစ်ဖက်တွင် ဘိုးတော်ဘုရား၏နံသင့် ကျားတံဆိပ်၊အခြားတစ်ဖက်တွင်
၁၁၄၆-ခု၊အမရပူရ ဆင်ဖြူများရှင်နိုင်ငံ ဟုရေးသားထား
သည်။ထို့အပြင် ငွေဒင်္ဂါးသာ ထုတ်ခဲ့သည်
မဟုတ်သေး။ကြေးဒင်္ဂါးများကိုပါထုတ်လုပ်ခဲ့ပါသေးသည်။ကြေဒင်္ဂါး၏ပုံသဏ္ဌန်မှာတစ်ဖက်တွင်ဘိုး
တော်ဘုရား၏နေ့သင့် နံသင့် ငါးရုပ် ဖိုမတံဆိပ်၊အခြားတစ်ဖက်တွင်ဘိုးတော်ဘုရားနန်းတက်သော
၁၁၄၃ ခု၊ တပို့တွဲလပြည့်ကျော် ၁၄ ရက် ဟု ရေးသားထားသည်။သို့ရာတွင် မည်သည့် အကြောင်း
ကြောင့်လောမသိ။ကြေးဒင်္ဂါးများကို ၁၁၇၄ ခုနှစ်တွင် ပြန်လည်ရုပ်သိမ်းခဲ့ပါသည်။
ရွှေဘိုမင်းလက်ထက်သို့ရောက်သောအခါ၎င်းရွှေဘိုမင်းလက်ထက်၌လည်းဒင်္ဂါးများကိုသွန်းလုပ်
ခဲ့ဖူးပါသည်။ဒင်္ဂါး၏တစ်ဖက်တွင် ယုန်ရုပ် ကိုလည်းကောင်း၊ အခြားတစ်ဖက်တွင် ပုဒုမ္မာကြာပန်းပုံကို
လည်းကောင်းထည့်သွင်းသွန်းလုပ်ခဲ့သည်။ပုဂံမင်းလက်ထက်သို့ရောက်လေသောအခါမှာလည်းဒင်္ဂါး
များကို သွန်းလုပ်ပြန်ပါသေးသည်။ ဒင်္ဂါး၏ တစ်ဖက်၌ ရွှေပြည်စိုး၊အခြား တစ်ဖက်၌ သာသနာတော်
သက္ကရာဇ် ၂၃၉၀ ခုဟုရေးထားပါသည်။
မင်းတုန်းမင်းလက်ထက်သို့ရောက်သောအခါ ဒင်္ဂါးစက်ကြီးအား ၁၂၂၇ ခုနှစ်၊တန်ဆောင်မုန်းလ
ပြည့်ကျော် ၉ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ထိုနောက်ငွေဒင်္ဂါးများကိုသွန်းလုပ်ရာတစ်ဖက်တွင်
ကဒေါင်းရုပ်ပုံကိုလည်းကောင်း၊အခြားတစ်ဖက်တွင် ရတနာပုံနေပြည်တော် ၁ိသုံးဒင်္ဂါး၊၁၂၁၄ ခုဟုရေး
ထိုးထားပါသည်။ခြင်္သေ့တံဆိပ် ငွေဒင်္ဂါးမူးပြားတို့ကိုကား ၁၃၁၄ ခုနှစ်ရောက်မှ သုံးစွဲခဲ့ကြောင်းလေ့လာ
တင်ပြလိုက်ရပါသည်။
စာဖတ်သူအပေါင်း ကိုယ်စိတ်နှစ်ပါးချမ်းသာကြပါစေကြောင်း....
မြန်မာ့လျှို့ဝှက်တစ်ရာ မှ ကောက်နှုတ်ပါသည် ။
မောင်မောင်(မာန်အောင်)

0 ကွန်မန့်ရေးရန်:

Post a Comment