
ပရိက္ခရား မင်းသားဝတ်တဲ့ ဝတ်စုံကို ကျော်ကျော်ဗိုက သူလိုချင်တဲ့ ဒီဇိုင်းပုံစံကို ပြောပြတဲ့အခါ ဒီဇိုင်နာ မင်းသက်စံနဲ့ ကျော်ကျော်ဗိုရဲ့အမျိုးသမီးတို့ တိုင်ပင်ပြီး ချုပ်ပေးခြင်း ဖြစ်ကြောင်း ပြောပါတယ်။ သဘင်သည်တွေက အနုပညာသမားတွေ အားလုံးထဲမှာ တော်တော်ခက်ခဲ ပင်ပန်းတဲ့ အနုပညာ သမားတွေပါလို့ ကျော်ကျော်ဗို က ဆိုပါတယ်။ သဘင့် တာဝန်ကိုထမ်းနေကြတဲ့ သဘင်သည်တွေက ရုပ်ရှင်၊ ဂီတနဲ့မတူဘဲ အနေအထား ဆင်းရဲကြကြောင်း၊ ပိုပြီးခက်ခဲ ပင်ပန်းကြောင်း၊ သဘင်ဘဝကို ကိုယ်တိုင် ဖြတ်သန်းတဲ့ အတွက် ပိုသိကြောင်း ကျော်ကျော်ဗိုက ပြောပါတယ်။
”တိုင်းပြည် တစ်ပြည်မှာ လူမျိုးရှိရင် ရိုးရာ ယဉ်ကျေးမှု ရှိရပါတယ်။ ရိုးရာယဉ်ကျေးမှုကို ဒီလိုမျိုး ခက်ခဲပင်ပန်းတဲ့ ဒုက္ခတွေ ကြားထဲက ထိန်း သိမ်းနေတဲ့ သဘင် သမား တွေကို နိုင်ငံတော် အနေနဲ့ ပြန်ပြီးကြည့်သင့်ပါတယ်။ ကျွန်တော်တို့ ဇာတ်သဘင် သည်တွေ ပွဲကတဲ့ အနေ အထား တစ်ခုမှာ သူများ နိုင်ငံလို ဇာတ်ရုံကြီးတွေ မရှိပါဘူး။ ကိုယ့်ဘာသာ ကိုယ်ရုံထိုး ဓနိမိုးပြီး ယာယီ ရုံတွေနဲ့ ကကြရတာပေါ့။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းမယ်၊ ကျွန်တော်တို့ နိုင်ငံလည်း ဖွံ့ဖြိုးလာတဲ့ အချိန် မှာ နိုင်ငံတကာက ဧည့်သည်တွေလည်း ဝင်လာမယ် ဆိုရင် သူတို့ အတွက် ပြယုဂ်အဖြစ် ရိုးရာ ယဉ်ကျေးမှုတွေ လိုအပ်သလို၊ ရိုးရာ ယဉ်ကျေးမှုကို ဖော် ထုတ် တင်ဆက် ဖို့ကလည်း ဇာတ်ရုံကြီးတွေ လိုတယ်။ ရန်ကုန်မှာ ဆိုရင် ပွဲကလို့ရတာ အမျိုးသား ကဇာတ်ရုံ တစ်ရုံလောက်ပဲ ရှိတာ ဆိုတော့ အဆင်မပြေပါဘူး။ နိုင်ငံတော် အနေနဲ့ လည်း ဒီ့ထက်မက ပရိသတ်တွေကို ဖျော်ဖြေ တင်ဆက်နိုင်ဖို့ သဘင်သည်တွေ အတွက် ဦးစားပေး ငဲ့ညှာနိုင်ဖို့ ဇာတ်ရုံတွေ ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ ရိုးရာ ယဉ်ကျေး မှု သမားတွေကို မြှင့်တင်ပေးရာ ရောက်သလို ရိုးရာ ယဉ်ကျေးမှုကြောင့် ကမ္ဘာ့အလယ်မှာ မြန်မာ့ ယဉ်ကျေးမှု ဆိုတာ ဒါမျိုးဆိုတာ ပြယုဂ် လေးတစ်ခု လည်းဖြစ်စေ ပါတယ်။ မြန်မာ နိုင်ငံအနှံ့မှာ ဇာတ်ရုံတွေ များစွာ ရှိသင့်ပါတယ်” လို့ ကျော်ကျော်ဗိုက ပြောပါတယ်။ ကျော်ကျော်ဗိုက ဇွန်လ ၂၉ရက်နေ့ ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး ဘောလုံးပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ မသေချာကြောင်း၊ အဲဒီနေ့မှာပဲ နှင်းဆီ အငြိမ့်ကမှာဖြစ်ကြောင်း ကျော်ကျော်ဗိုက ပြောပါတယ်။
0 ကွန်မန့်ရေးရန်:
Post a Comment