Tuesday, July 3, 2012

ရန်ကုန်တွင် သဘာဝပတ်ဝန်းကျင် မထိခိုက်သော လုပ်ငန်းများသာ ခွင့်ပြုမည့် ပထမဦးဆုံး စက်မှုဇုန် ပေါ်လာမည်







ရန်ကုန်တွင် ပတ်ဝန်းကျင် မထိခိုက်သော လုပ်ငန်းများသာ ခွင့်ပြုမည့် ပထမဦးဆုံး စက်မှုဇုန်ကြီးတစ်ခု ပေါ်လာမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ စက်မှုဇုန်ကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအနီးတွင် အကောင်အထည် ဖော်လျက်ရှိကာ ယခုအခါ လမ်းလုပ်ငန်းများ၊ လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းများ၊ ရေစီးရေလာလုပ်ငန်းများ ဆောင်ရွက်မှု ပြီးစီးတော့မည်ဖြစ်ကြောင်း အဆိုပါ စက်မှုဇုန်တွင် အကောင်အထည်ဖော်နေသော ဇေကမ္ဘာကုမ္ပဏီထံမှ သိရှိရသည်။ ယင်းစက်မှုဇုန်မှာ ရန်ကုန်စက်မှုဇုန် (၄)ဖြစ်ပြီး ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အလွန်စိတ်ဝင်စားလျက်ရှိကြောင်း ယင်းကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ “အခုအရောင်းအဝယ်တွေ ရှိနေပါတယ်။ ရောင်းတာလည်း ရောင်းပြီးပြီ။ စက်ရုံတည်ဆောက်မှုတွေတော့ မစသေးဘူး။ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှုတွေ ဖြုတ်လိုက်တဲ့နောက်မှာတော့ အရောင်းအဝယ်က ပိုသွက်လာတယ်။ ပြည်ပက ဝယ်ယူလိုသူတွေက ပိုပြီးစုံစမ်းမှုတွေ ရှိနေတယ်။ သူတို့က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို စောင့်နေကြဟန်တူတယ်။ ကျွန်တော်တို့ စက်မှုဇုန်မှာ သဘာဝပတ်ဝန်းကျင်တွေ မထိခိုက်စေတဲ့ လုပ်ငန်းမျိုးကိုသာ သီးသန့်လုပ်ခွင့်ပြုမှာ ဖြစ်ပါတယ်” ဟု ဇေကမ္ဘာကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ ဦးဇေသီဟက ပြောသည်။ အဆိုပါ စက်မှုဇုန်သည် ဧက ၁၀၀၀ ကျော် ကျယ်ဝန်းပြီး မင်္ဂလာဒုံမြို့နယ် ဘားလားချောင်း၊ သစ်ခွခြံဥယျာဉ်၊ ရွှေနံ့သာ ကျေးရွာတို့၏ အလယ်တွင် တည်ရှိကာ လွန်ခဲ့သော ၂၀၁၀ ပြည့်နှစ်က စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်စက်မှုဇုန် တစ်ခုလုံးကို ဇေကမ္ဘာကုမ္ပဏီက အပိုင်းလိုက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကနဦးတွင် စက်မှုဇုန်(၁) ကို အကောင်အထည်ဖော်ခဲ့ပြီးမှ ဇုန်(၂)၊ ဇုန်(၃)တို့ကိုပါ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်၍ ဆောင်ရွက်ခဲ့ကြောင်း ၄င်းကဆိုသည်။ ယင်းစက်မှုဇုန်နေရာသည် လက်ရှိတွင် ဇေကမ္ဘာကုမ္ပဏီနှင့် ရွှေနံ့သာကျေးရွာမှ လယ်သမားများ အငြင်းပွားလျက် ရှိနေဆဲဖြစ်သော နေရာဖြစ်သည့်အတွက် မပြီးပြတ်သော ကိစ္စများကို အမြန်ဆုံး ဆောင်ရွက်ပြီးမှ လုပ်ငန်းများ စတင်နိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 ကွန်မန့်ရေးရန်:

Post a Comment