Monday, July 16, 2012

ဥပုသ်နေ့အကြောင်းနဲ့ပတ်သတ်သမျှ ထပ်မံသိသင့်စရာများ (၁)


ဥပုသ်စောင့်တဲ့အခါ ညစာမစားရခြင်းနဲ့ပတ်သတ်ပြီး မြတ်စွာဘုရားရှင်လက်ထက် စတင်ဖြစ်ပေါ်လာပုံ ကို ပြောပြပေးပါမယ်။ မြတ်စွာဘုရားရှင်လက်ထက်က အစပထမပိုင်းမှာ ရဟန်းသံဃာများပင် ညနေစာအတွက် ဆွမ်းခံထွက်စားခဲ့ကြပါတယ်။ ဒါပေမဲ့ မြတ်စွာဘုရားရှင်ဝိနည်းသိက္ခာပုဒ်များ ပညတ်ရာ မြတ်ဗုဒ္ဓ၀ါတော်(၂၀)လွန်တဲ့နောက်ပိုင်းမှာတော့ ၀ိကာလဘောဇနသိက္ခာပုဒ်လည်း ပညတ်ဖို့ရန် အကြောင်းဖြစ်ပေါ်လာတာကြောင့် ပညတ်ခဲ့ရပါတယ်။

ပညတ်ရခြင်းအကြောင်းကတော့ (၁) ရဟန်းတော်တစ်ပါး ညပိုင်းဆွမ်းခံထွက်တဲ့အခါ အိမ်တစ်အိမ်ရှေ့ ဆွမ်းခံသွားရပ်ရာ အိမ်ရှင်မက ရဟန်းတော်ရဲ့ သင်္ကန်းရောင်ကိုမြင်ပြီး ရဟန်းတော်ကို အစိမ်း သရဲ၊ မြေပုံဘီလူးလို့ထင်တဲ့အတွက် ဆန်ဆေးရည်နဲ့ ပတ်ခဲ့မိပါတယ်။ အဲဒီတော့ ရဟန်းသံဃာတွေ ညနေဆွမ်းခံတာဟာ လူတွေအတွက် အပြစ်ဖြစ်ကြတယ်။ (၂) ညနေပိုင်းမှာ ရဟန်းတော်များဆွမ်းခံသွားတဲ့ အခါ နွားအုပ်တွေရွာထဲသွင်းချိန်မို့ နွားရောင်နဲ့သင်္ကန်းရောင် ရောနှောနေတဲ့အတွက် လူတွေက ရဟန်းတွေကို နွားတွေထင်ပြီး နွားတွေနဲ့ရောနှော ပြစ်မှားမိကြပါတယ်။ အဲဒီလိုပြစ်မှားမိရင် လူတွေမှာ အပြစ်ဖြစ်ကြရတယ်။ (၃) ရဟန်းတော်များ ညနေပိုင်းမှာ ဆွမ်းခံသွားရခြင်း၊ ဆွမ်းစားပြီးသား သပိတ်တို့ကို ဆေးကြောသန့်ရှင်းရခြင်းစတဲ့ ဗာဟိယအလုပ်တွေကြောင့် ရဟန်းတော်များရဲ့ ပရိယတ္တိ စာသင်၊ စာချ၊ ပရိပတ္တိ တရားအားထုတ်မှုတို့ အချိန်လျှော့နည်းသွားတယ်။ အဲဒီလို အချိန်လျှော့နည်းနေမယ်ဆိုရင် တရားထူးရဖို့ရန် ခက်ခဲမှာဖြစ်သလို သံဃာ့ဝေယျာဝစ္စ၊ လူတွေအား တရားဟောသွန်သင်ပေးဖို့ကိစ္စ၊ စာချ၊ စာသင်ကိစ္စတွေပါ နောင့်နှေးမှုများဖြစ်တာမို့ ညစာမစားကြ ရန် မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။
 
အဲဒီလိုပဲ လူတွေမှာလည်း အရိယာသူတော်ကောင်းတစ်ယောက်ဖြစ်အောင်၊ ကိလေသာများကပ်ငြိနေတာ ကို လျှော့ပါးသွားအောင်ပြုလုပ်တတ်တဲ့ ဥပုသ်ရှစ်ပါးသီလ ဆောက်တည်တဲ့အခါမှာ ညစာမစားခိုင်းခြင်းဟာ အလုပ်ရှုပ်သက်သာပြီး သမထ၊ ၀ိပဿနာတရားများ ပိုမိုပွားများအားထုတ်နိုင်အောင်၊ အစာစားလျှင် အိပ်ချင်စိတ်လျင်မြန်စွာဖြစ်ခြင်း၊ အိပ်ချင်စိတ်နောက်ကနေ ဗိုက်ထဲမှာအစာပြည့်နေရင် ကိလေသာ စိတ်တွေ ဖြစ်ပေါ်လာခြင်းတို့ကြောင့် ဥပုသ်သီလဆောက်တည်တဲ့ရက်လေးမှာ ညစာ မစားရခြင်း ဖြစ်ပါ တယ်။
 
အစာစားလျှင် ကိလေသာစိတ်ဖြစ်တယ်၊ ကိလေသာကိုပိုမိုအားပေးတယ်ဆိုတာကို ဦးဇင်းအရင်ကလည်း အမေးအဖြေများမှာ ဖြေပေးထားတာရှိသလို အွန်လိုင်းမှာတင်ထားတဲ့ တရားခွေထဲမှာ လည်း ပြောထားပါတယ်။ ညစာစားထားလို့ရှိရင် စိတ်ကမကောင်းမှုဘက်ကို အာရုံရောက်သွားတတ်ပါ တယ်။ တချို့ဆို ညပိုင်းမှာ ကိလေသာစိတ်တွေ စိတ်တိုင်းကျဖြစ်ပြီး စိတ်တိုင်းကျပျော်ပါးဖို့အတွက် စားသောက်ဆိုင်များမှာ ရှယ်သွားစားကြတာမျိုးတောင် ရှိကြပါတယ်။ ကောင်းစွာစားပြီး ကောင်းစွာပျော်ပါး ချင်ကြလို့ ဖြစ်မှာပါ။ ဒါကြောင့်လည်း တချို့စားသောက်ဆိုင်တွေမှာ နေ့နဲ့ညဆို ညမှာပိုရောင်း ရပြီး နေ့စာထက်ညစာက ပိုမိုတန်ဖိုးများနေတာလည်း ရှိပါတယ်။
 
နောက်တစ်ခုက မိမိတို့ခန္ဓာကိုယ်ထဲက အစာအိမ်ဟာ နေ့စဉ်စားသောက်သမျှကို အစာချက်နေရတဲ့ အတွက် အနားမယူရသလို အညှီအနှောက်၊ အသိုးအပုပ်တွေနဲ့ အမြဲလိုလိုဖြစ်နေလို့ အစာအိမ်ဟာ မနားရတဲ့အပြင် အစာအိမ်လည်း သန့်ရှင်းမှုမရှိဘဲ ဖြစ်နေတာကြောင့် ကျန်းမာရေးလည်း ထိခိုက်ပါတယ်။ ခုလို တစ်ပါတ်တစ်ခါ ဥပုသ်စောင့်တဲ့နေ့မှာ ညစာမစားတဲ့အခါကျတော့ အစာအိမ်လည်း နားရတယ်။ အသိုးအပုပ်တွေလည်း သန့်ရှင်းပေးရာရောက်တာကြောင့် အစာအိမ်ကောင်းတဲ့အတွက် ကျန်းမာရေး လည်း ကောင်းမွန်မှုအကျိုးရလာဒ်တွေ ရရှိပါတယ်။ ဒါဟာ ဥပုသ်စောင့်ရခြင်း မျက်မှောက်ရရှိတဲ့ အကျိုး ရလာဒ်ပါ။
ဆက်လက်ရေးသားတင်ပေးပါဦးမယ်။

0 ကွန်မန့်ရေးရန်:

Post a Comment