Saturday, April 14, 2012

ရွှေမြန်မာဥယျာဉ် Fri, Apr 13, 2012

ရွှေမြန်မာဥယျာဉ်



Posted: 12 Apr 2012 08:35 PM PDT

http://www.nyinaymin.org/ 

 12:50 PM  ညီနေမင်း  2 comments
anti.spy11@gmail.comအကို ကျွန်တော်လေ mail ပို့ချင်လို့ အဲဒီ့ mailကို ရောက်ချင်တဲ့နေ့မှ ရောက်စေချင်တယ် အဲဒါဘယ်လိုလုပ်မလဲ ဟင်

Outlook express အကြောင်းကိုတော့ ဒီမှာ ရေးပေးထားပြီးသားပါ .
ဒါကတော့ ညီလေး လား ညီမလေးလားတော့မသိဘူး တစ်ယောက် မေးလာလို့ ပြန်ဖြေပေးတာပါ .. ကျွန်တော်တို့ အနေနဲ့ မေးလ်တွေကို အခုအချိန်မှာ မပို့ချင်ဘူး . နောက်  နာရီ ဒါမှမဟုတ် နောက်ထပ် 5 နာရီ အစရှိသဖြင့်ပေါ့ . အဲ့လိုအချိန်မှာ အချိန်ကိုက် ပို့ချင်တယ် . တစ်ကယ်တော့ ကျွန်တော်တို့အနေနဲ့ Blog post ကို အချိန်ကိုက်ပို့ရတာ လွယ်ကူပေမယ့် . mail ကျတော့ နဲနဲ အလုပ်ပိုသွားတယ် . လူတော်တော်များများက ဒါကို သိပ်စိတ်မ၀င်စားကြတာလဲ ပါမယ်ထင်ပါတယ် . ဟုတ်တယ်လေ မေးလ်ပို့တာပဲ ဘယ်အချိန်ပို့ပို့ အတူတူပဲဟာကိုလို့ ထင်ကြမှာပါ . ဒါကလဲ မွေးနေ့တွေအတွက် ပို့ပေးတဲ့မေးလ်မျိုးအတွက် အဆင်ပြေအောင်လို့ ရေးပေးလိုက်တာပါ . ဘလောဂ်မှာတော့ ဘယ် Blog မှ ရေးထားသေးတာ မတွေ့လို့ ပြန်ရေးလိုက်တာလဲ ပါပါတယ် . အဆင်ပြေကြပါစေဗျာ ... နောက်တစ်ခု ပြောချင်တာက Outlook express ကို သုံးဖို့အတွက် အဆင်မပြေပါဘူးဆိုတဲ့ သူများအတွက်လဲ ဒါလေးက outlook express ထက်ပိုကောင်းတဲ့ အဆင်အယဉ်တွေနဲ့ အတော်လေး လှပတာကို တွေ့ရပါတယ် . Firefox ဆိုတော့ သိတဲ့အတိုင်းပဲလေ . လုပ်ပေးလိုက်ရင် အလန်းတွေချည်းပဲ . Firefox ကို သဘောကျတဲ့သူ လက်ညှိုးထောင်ဆိုရင် မောင်ညီနေမင်း က ထပ်ဆုံးက ပါပြီးသားပဲ .. ကျွန်တော်ကတော့ Firefox crazy သမားလေ . ဘာ့ကြောင့်လဲလို့မေးရင် အဖြေက ရှိပြီးသားပဲAdd-ons ရဲ့ အားသာချက်တွေကြောင့်ပေါ့ . ကဲပါ အောက်မှာ လုပ်နည်းပေးထားပါတယ် . သေချာဖတ်ပြီးလုပ်လိုက်ပါ ..

Send Later Extension [SL8TR]
  • (၁) ပထမဦးဆုံး Thunderbird ကို Download လုပ်ယူလိုက်ပါ .
  • (၂) ပြီးတာနဲ့ ရလာတဲ့ Thunderbird ကို install လုပ်လိုက်ပါ .
  • (၃) Outlook express မသုံးချင်သူများနှင့် အဆင်မပြေသူများ လဲ ဒီ Thunderbird ကို Outlook express နည်းတူ အသုံးပြုလို့ရပါတယ် . ကျွန်တော့်အထင် Outlook express ထက်ကို ပိုကောင်းသေးတယ်ဗျ . သူ့မှာက add-on ပါတယ်လေ ..
  • (၄) အခုဆိုရင် Thunderbird အတွက်တော့ အိုကေသွားပြီ . ပြီးရင် အောက်ကပေးထားတဲ့ sl8tr.xpi Add-on ကို Download ထပ်လုပ်လိုက်ပါ . လင့်ကတော့ အရင်ကတိုင်း  နေရာကနေ တင်ပေးထားပါတယ် .
Download sl8tr.xpi
ပြီးသွားပြီလား ပြီးသွားရင် Thunderbird ကို ဖွင့်လိုက်ပါ ..
  • (၅) ပုံထဲမှာပြထားသလိုမျိုး Tools >> add-on ကို သွားလိုက်ပါ
  • (၆) ပြီးရင် Add-ons >> install ကို နှိပ်ပြီး အပေါ်က Download လုပ်ယူထားတဲ့ sl8tr.xpi ကို ရွေးလိုက်ပါ .
  • (၇) Open ကို နှိပ်ပြီး Add-on ကို install လုပ်လိုက်ပါ ..
  • (၈) Thunderbird ကို restart လုပ်လိုက်ပါ ...
အားလုံးအိုကေသွားရင် အောက်ကအတိုင်း စလုပ်ပါတော့မယ် .
  • (၁) Write ကို နှိပ်ပြီး mail စပို့ပါတော့မယ် .
  • (၂) သူက ကို့အကောင့်ကို တောင်းရင် ပို့မယ့် email အကောင့်ကို ဖြည့်ပေးလိုက်ပါ . gmail ဆိုလဲ gmailပေါ့ .
  • (၃) ပို့မယ့်မေးလိပ်စာဖြည့် ပို့မယ့်စာသားရေးသားတဲ့နေရာမှာ ကျွန်တော်တို့ ရေးသားမယ့် font ကို ပြောင်းလို့လဲ ရပါတယ် . zawgyi ဆိုလဲ zawgyi ကို ရွေးပေးလိုက်ပါ
  • (၄) File >> sent later (ctrl + shift + return) ကို ရွေးလိုက်ပါ .
  • (၅) ကဲ အဲ့မယ်ပေါ်လာတဲ့ Sent this email later ကိုတဲ့ Box အကွက်မှာ စာဖတ်သူပို့ချင်တဲ့ အချိန် ရက်စွဲ တွေကို ဖြည့်ပြီးပို့လိုက်လို့ရပါပြီ . အားလုံးပဲ အဆင်ပြေနိုင်ကြပါစေဗျာ .. အောက်မှာ ပုံတွေနဲ့ ရှင်းပြထားပါတယ် .
တဆင့် ကူးယူဖော်ပြပေးပါသည်။
This posting includes an audio/video/photo media file: Download Now
Posted: 12 Apr 2012 08:24 PM PDT
သင်္ကြန် သံချပ် ကိစ္စအပေါ် အစိုးရသူ အချင်းချင်း သဘောကွဲလွဲတာ အန္တရာယ်ကြီးတခု
“သင်္ကြန်မှာ သံချပ်မတိုင်ရ”လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ပိတ်ပင်လိုက်တာဟာ အကြီးအကျယ် လွဲမှားနေပြီး ရှေ့အနာဂတ် တိုင်းပြည်အရေးတွေအတွက် စိုးရိမ်စရာကောင်းနေတဲ့ ကိစ္စပါ။
ပြည်နယ် (သို့) တိုင်းဒေသကြီး အစိုးရရဲ့ လုပ်ပိုင်ခွင့်ကို သီးသန့် ဖော်ပြထားတာ ရှိတဲ့အပြင် အဲဒီက ကင်းလွတ်နေတဲ့အခါ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားခြင်း မရှိမှသာ သက်ဆိုင်ရာ ပြည်နယ် (သို့) တိုင်းဒေသကြီးရဲ့ “ဥပဒေ ပြဌာန်းချက်” အရသာ ဆောင်ရွက်ပိုင်ခွင့် ရှိပါတယ်။ အမိန့်၊ ကြေညာစာ၊ လမ်းညွှန်ချက်နဲ့ မလုံလောက်ပါဘူး။
အမျိုးသားလွှတ်တော်က ပြောဆိုပြီး နိုင်ငံပိုင် သတင်းစာတွေမှာ အတိအလင်း ဖော်ပြထားတဲ့ကိစ္စကို ရန်ကုန်တိုင်း ဒေသကြီးက ကြားဝင်စွက်ဖက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်း ဒေသကြီးရဲ့ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁၂/၂၀၁၂) ဆုံးဖြတ်ချက်အပိုဒ် (၁၈) ဆိုတာ အာဏာသက်ရောက်ဖို့ မဖြစ်နိုင်ပါဘူး။
ပြည်ထောင်စုလွှတ်တော်တခုအပေါ် ပြည်နယ် (သို့) တိုင်းဒေသကြီးတခုရဲ့ အစိုးရတရပ်က သြဇာညောင်း လွှမ်းမိုးနေတဲ့အဖြစ်ကို လက်ခံလိုက်ရင် အစရှိ အနောင်နောင် ဆိုသလို အနာဂတ်မြန်မာနိုင်ငံရဲ့အရေးဟာ အလွန်ကို စိုးရိမ်ဖွယ်ရာ ဖြစ်လာရပါလိမ့်မယ်။ တနည်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို မလေးစား မလိုက်နာရာ ရောက်သွားဖို့ အစပြုပေးသလို ဖြစ်သွားနိုင်ပါတယ်။
ဒီကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားလိုက်လို့ မဖြစ်ပါဘူး။ အခြား ပြည်နယ် (သို့) တိုင်းဒေသကြီးတွေကလည်း ကြိုတင် မမှန်းဆနိုင်သေးတဲ့ အခြားကိစ္စတွေမှာ အလားတူ လုပ်ဆောင်လာဖို့ မီးစိမ်းပြသလို ဖြစ်စေပါတယ်။
(၁) အမျိုးသားလွှတ်တော်အနေနဲ့ မိမိပြောဆိုထားပြီးကိစ္စမှာ အခိုင်အမာ ပြတ်ပြတ်သားသား ရပ်တည်စေချင်ပါတယ်။
(၂) လိုအပ်မယ် ဆိုလို့ရှိရင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာခုံရုံးကို တင်ပြပြီး ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ခံယူစေချင်ပါတယ်။ (သို့) အရေးပေါ် ပြည်ထောင်စုလွှတ်တော် (လွှတ်တော် ၂ ရပ်ပေါင်း) ကို ခေါ်ယူပြီး မဲခွဲဆုံးဖြတ် အတည်ပြုပေးစေချင်ပါတယ်။
လွင်အောင်စိုး
ဧပြီ ၇ ရက် ၂ဝ၁၂ ခုနှစ်
ဆက်စပ်သတင်း - မြန်မာတိုင်း(မ်)သတင်းဂျာနယ် - သံချပ်ပွဲကျင်းပခွင့်မရတာကြောင့် အနုပညာရှင်များ ဝမ်းနည်းနေကြ
Posted: 12 Apr 2012 08:22 PM PDT
      လောကဟူသည် ဆန့်ကျင်ဘက်အရာများဖြင့် ဖွဲ့တည်ထားသည်ဆိုသော ဝေါဟာရကို တစုံတယောက်က စတင်ပြောဆိုခဲ့ပေလိမ့်မည်။ သို့သော်လည်း ထိုသူ မပြောမီကပင် တည်ရှိခြင်းက ရှိနှင့်ပြီးဖြစ်ပါလိမ့်မည်။ ကျနော်မမွေးဖွားမီကပင် ရှိနှင့်သော ယင်းနိယာမက ကျနော့်ဘဝကိုပါ သက်ရောက်စေခဲ့ပါသည်။

       မြို့တော်ကြီးတစ်ခုတွင် မွေးဖွားခဲ့ပြီးနောက် တောရွာကလေးများတွင် ကြီးပြင်းခဲ့ရသည့် ကျနော်သည် ယနေ့အချိန်ထိ တောသားလား မြို့သားလား ကိုယ့်ကိုယ်ကို ခွဲခြားမသိခဲ့ပေ။ တောသား မြို့သား ဘယ်ဟာမျှ မသေချာသော်လည်း နိုင်ငံသားတစ်ယောက်တော့ ဖြစ်ရပေလိမ့်မည်ဟု ဆိုနိုင်ပါသည်ဟု အချို့က ကောက်ချက်ပေးကောင်းပေးပေလိမ့်မည်။ သို့သော်လည်း ကျနော်ကား မည်ကာမတ္တမျှပင်။
ကိုယ့်မြေကိုယ့်ရေ ကိုယ့်ဒေသဖြစ်သော တောမှာလည်း မရှိ၊ မြို့မှာလည်းမရှိ၊ ကိုယ့်နိုင်ငံမှာလည်း မရှိသော ကျနော့်အဖို့ အလွမ်းတွေသာ ရှိနှင့်ပေသည်။
          အလွမ်းကား စုံလှ၏။
          အမိအဖကို လွမ်းသည်၊ အဘိုးအဘွားကို လွမ်းသည်၊ သွေးချင်းများကို လွမ်းသည်။
          အညာက သင်းသင်းကလေး မွှေးကြူသည့် တမာနံ့ကလေးတွေကို လွမ်းသည်။
          မလှော်တတ် လှော်တတ် တစ်ကိုယ်တည်းလှော်သဖြင့် ပတ်ချာလည်နေသည့် လှေတစ်စင်းနှင့်  လူငယ်ငယ်ကလေးကို ကြည်ဖြူခဲ့သော မြစ်ဝကျွန်းပေါ်က ချောင်းငယ်ကလေးကို လွမ်းသည်။
          နေကြာရိုင်းများ စီတန်းပေါက်နေသည့် အကွေ့အကောက် အတက်အဆင်း များပြားလှသည့် ရှမ်းမြေမြင့်က လမ်းကြမ်းကြမ်းကလေးများကို လွမ်းသည်။
          နေ့ဘက်တွင် မီးလင်း၍ ညဘက်တွင် ပိန်းပိတ်အောင် မှောင်နေသည့် မြို့ပြက ဓာတ်မီးတိုင်ကလေးများကို လွမ်းသည်။
တံခါးခေါက်သံများကို နားစွင့်ရင်း နိုးတစ်ဝက် ပျော်တစ်ဝက် အိပ်ခဲ့ရသော ညကလေးများကို လွမ်းသည်။
ရင်ခုန်စရာ၊ ကြည်နူးစရာ၊ စိုးရိမ်စရာ၊ ပျော်ရွှင်စရာ၊ ငိုကြွေးစရာ အားလုံးက ခုတော့ လွမ်းမောစရာပါပေ။
ဥသျှစ်သီး၏ စေးကပ်ကပ်အရသာကို မြည်းစမ်းရင်း သို့တည်းမဟုတ် မမှည့်တမှည့် မန်ကျည်းသီးများကို ဆားဖြင့် တို့စားရင်း မြေတလင်းဝယ် စပါးနယ်ခဲ့စဉ် ခံစားခဲ့ရသည့် နေအပူရှိန်ကား ဘဝတလျှောက် အပူပြင်းဆုံး ဖြစ်လိမ့်မည်ဟု ထင်မှတ်မှားခဲ့သည်။
         ဘဝကျောင်းကြီးသည် ထိုထက်ပြင်းပြသော အပူတို့ကို ကျနော်တို့အား မြည်းစမ်းစေခဲ့သည်။ ပြီးတော့ ကျနော်တို့ ရင်ထဲသို့ အပူတွေတသီကြီး လောင်းချခဲ့သည်။
         မည်မျှပူခဲ့သည်ကို မတွက်ဆမိသော်လည်း လောင်ကျွမ်းမှုများက ကျနော်တို့အား နှိပ်စက်ပြီးခဲ့လေပြီ။ ကျနော်က ထိုအပူများကြားမှနေ၍ ငယ်ငယ်က အပူပျော့ပျော့ကို ပြန်လည်တမ်းတနေမိသည်။
         စပါးရိတ်သိမ်းခြွေလှေ့ပြီး၍ မြေပဲပေါ်ချိန်သည် ကျနော်တို့ ရွာတွင် သင်္ကြန်ကျချိန်ဖြစ်သည်။ ဤအမှတ်သင်္ကေတက တခြား အရပ်ဒေသ တခြား ပြက္ခဒိန်များနှင့် တူချင်မှ တူပါလိမ့်မည်။ ကျနော်တို့ရွာတွင် အလှပြကား မရှိ၊ ရေပက်မဏ္ဍပ်မရှိပါ။ မျက်နှာတွင် ပေါင်ဒါတွေ အဖွေးသားလိမ်းရင်း ရွာလမ်းတလျှောက် လှည်းမောင်းထွက်တတ်သော ဖိုးထောင်တို့ တသိုက်၊ ရံဖန်ရံခါ မြို့မှရောက်လာတတ်သည့် ကျောင်းဆရာလေး ကိုကျော်၏ ညီဝမ်းကွဲတချို့မှလွဲ၍ ရွာ၏ မူလအနေအထားအတိုင်းသာပင်။
         သို့သော်လည်း ကျနော်တို့ရွာတွင် ရင်ခုန်ဖွယ်ဖြစ်သည့် သင်္ကြန်ရှိနေကြောင်း တော်ရုံလူက မသိကြပါ။ ထိုသင်္ကြန်ကို နှစ်တိုင်းဦးဆောင်သူက ရွာတောင်ပိုင်းက မကျင်ဖြစ်သည်။ သူက ရွာရှိ အိမ်ထောင်သည်အမျိုးသမီးအချို့ကို ဦးဆောင်သည်။
         သူတို့က ရေပက်မဏ္ဍပ်မထိုးပါ။ သို့သော်လည်း သက်တမ်းကြီးရင့်လှပြီဖြစ်သော ကုက္ကိုပင်ကြီးများက သူတို့၏ မဏ္ဍပ်လည်းဟုတ်၊ ကတုတ်ကျင်းလည်းဟုတ်၊ စစ်မျက်နှာလည်း ဟုတ်သည်။ ရွာထဲက လူပျိုပေါက်များက သူတို့ကို ကြောက်သည်။ ဝေးဝေးက ရှောင်သည်။ သို့သော်လည်း မကျင်တို့၏ ကျွမ်းကျင်လှသည့် ပြောက်ကျားစစ်ဆင်ရေးကို တော်ရုံဖြင့် မလွတ်နိုင်ကြပါ။
          သူတို့ ဖမ်းမိသည့် လူပျိုယောက်ျားလေးများသည် တဒင်္ဂအတွင်းမှာပင် ဘဝပေါင်းများစွာပြောင်းသွားနိုင်ပေသည်။ စည်းချက်မညီမညာ လက်ခုပ်တီးရင်း တစ်ယောက်တစ်ပေါက်သီဆိုနေကြသည့် တေးသွားများအတိုင်း က ရမည်၊ ကြိုးတုပ်ခံရမည်၊ အိုးမည်းခွေ ခံရမည်ပေါ့။ အကယ်၍ သူတို့ အမျိုးသမီးအုပ်စုထဲမှ တစ်ယောက်ယောက်ကို ယောက်ျားလေးများက ဖမ်းမိခဲ့လျှင်လည်း ထိုနည်းနှင်နှင်ပင်။ သူတို့သည် လူ့အခွင့်အရေး ဆိုသည်ကို မသိ၊ အမျိုးသား အမျိုးသမီးအခွင့်အရေးဆိုသည်တို့ကို မသိပါ။ သို့သော် စိတ်မဆိုးတတ်ကြပါ။
        ပျော်ရွှင်မြူးထူးခြင်း၏ တစ်ဖက်တွင် အေးမြငြိမ်းချမ်းသော မြင်ကွင်းများလည်း ရှိပါသည်။ အချို့ မိန်းမပျိုကလေးများက ရွာဦးဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ ဥပုသ်သီတင်းဆောက်တည်ကြသည်။ အချို့သော ယောက်ျားပျိုများကလည်း ဆွမ်းအုပ်ပို့ရင်း သမာဓိပိုး ပိုးကြသည်။ အချို့သော ယောက်ျားပျိုများကမူ ဥပုသ်သည်မိန်းကလေးအချို့ကို ရေလောင်းခွင့်ရအောင် ကြံကြံဖန်ဖန် ကြိုးပမ်းကြသည်။
        ထိုကာလ၊ ထိုအချိန်များသည် မိုးအုံ့ချင် အုံ့မည်၊ နေသာချင် သာမည်၊ ပိတောက်ပွင့်လျှင် ပွင့်မည်။ အလေ့အထကတော့ ရုတ်ချည်း ပြောင်းလဲခြင်း မရှိပါ။ ထို့အတူ ရွာ၏ လူနေမှုအခင်းအကျင်းကလည်း လွန်ခဲ့သော ဆယ်စုနှစ်များနှင့် ဆန့်ကျင်ဘက်ဖြစ်လောက်အောင် မပြောင်းလဲခဲ့ပါ။
        ကျနော်သည် ဝါးလုံး ခပ်သေးသေးကလေးများကို ရေပြွတ်ဖြစ်အောင် လုပ်ပေးတတ်သော အစ်ကိုတို့ကို ကျောခိုင်း၍ မော်တာဖြင့်စုပ်ကာ ပိုက်ဖြင့် ရေဖြန်းပက်သည့် သင်္ကြန်များရှိရာ အရပ်ဒေသများဆီ ထွက်ခွာခဲ့သည်။ လသာသော ညများကို ကျောခိုင်းခဲ့သည်။ ပြီးတော့ မြို့ပြများ၏ ဘာသာစကားကို လေ့လာရင်း ဘဝသင်ခန်းစာများကို ရွတ်ဖတ်ခဲ့သည်။ သိခြင်း၊ မသိခြင်းများ ရောထွေးနေသည့် ဝန်းကျင်များကို မသိခြင်းများဖြင့် ဖြတ်သန်းခဲ့သည်။ တစုံတရာ တိမ်းစောင်းနေသည့် ကမ္ဘာလောကကြီးပေါ်တွင် ခပ်ယိုင်ယိုင် လမ်းလျှောက်ခဲ့သည်။
         သင်္ကြန်ပေါင်းများစွာကို ဖြတ်သန်းမိသောအခါ ကျနော့်မှာ ပိုင်ဆိုင်မှုပေါင်း များစွာ ရှိလာသည်။ အထူးသဖြင့် ရှုံးနိမ့်မှုများ၊ မုန်းတီးမှုများ၊ မှားယွင်းမှုများ၊ ကတိကဝတ်ပြုခဲ့မှု အကြွေးများဖြစ်သည်။ ကျေးလက်သင်္ကြန်ကို ဆုံတွေ့ခဲ့ရသည့် ငယ်ငယ်တုန်းက အချိန်တွေကိုလည်း ထွက်ပေါက်တစ်ခုလို လွမ်းဆွတ်မိပြန်သည်။ သို့သော်လည်း ကျနော်ကား ကမ္ဘာထဲမှာပင် ကမ္ဘာနှင့်ဝေးကွာနေသူတစ်ဦး ဖြစ်နေပေသည်။
        သင်္ချာစာအုပ်ပြင်ပက ညီမျှခြင်းများကား ရှုပ်ထွေးသည်ဟု အသေအချာမသိမီမှာပင် ကျနော်က ညီမျှခြင်းများစွာကြားမှာ နစ်မြုပ်နေခဲ့သည်။ အချို့က ခင်မင်ကြသော ကျနော့်အား အချို့က အဆပေါင်းများစွာ မုန်းတီးကြသည်။ အချို့က ဖိတ်ခေါ်ချင်သော ကျနော့်ကို အချို့က ခါးခါးသီးသီး မောင်းထုတ်ကြသည်။ အချို့က အကျိုးရလဒ် အထိုက်အလျောက် ခံစားနေရသူဟု ယူဆထားသော ကျနော့်ကို အချို့က အမှိုက်တစ်ခုလို ကင်ပွန်းတပ်ကြသည်။ သို့သော်လည်း ယနေ့ချိန်ထိ အမှိုက်ပုံးတစ်ခုခုထဲ ကျနော် မဆင်းဝံ့သေးပါ။ အမှိုက်ပုံးထဲ ရောက်မှန်းမသိ ရောက်နေမည်ဆိုလျှင်လည်း ကိုယ်တိုင်သိချင်မှ သိပါလိမ့်မည်။ ကျနော့်လို မသိသောသူများလည်း ကျနော့်အနားမှာ ရှိချင်ရှိပါလိမ့်မည်။
          တခါတရံ ရဲဝံ့၍ တခါတရံ ကြောက်ရွံ့စိုးရိမ်တတ်သော၊ တခါတရံ တည်ငြိမ်၍ တခါတရံ ဂဏှာမငြိမ်ဖြစ်တတ်သော ကျနော်က ဆန့်ကျင်ဘက်သဘောတရားများကို ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လက်ခံတတ်မိသည်။ သို့သော်လည်း ရေရာလှသည်တော့ မဟုတ်။
        တရုတ် ပညာရှိ လင်ယုတန်က ဆိုသည်။
          “ကလေးဘဝတုန်းက ကျွန်ုပ် ဘာမျှ မသိခဲ့ပါ။
          ကောလိပ်ရောက်တဲ့အခါ အလုံးစုံ သိတယ်လို့ ထင်မိတယ်။
          ဘွဲ့ရပြီးချိန်ကျပြန်တော့ ငါ ဘာမှ မသိပါလားလို့ သဘောပေါက်သွားတယ်။
          ဒါပေမယ့် လူလတ်ပိုင်းရောက်တဲ့အခါ အကုန်သိတယ်လို့ ထင်ပြန်ရော။
          အိုမင်းတဲ့အချိန်ရောက်တော့မှ ငါ ဘာမှကို မသိပါလားလို့ သဘောပေါက်မိပြန်တယ်”
     လင်ယုတန်က ပညာရှိဖြစ်သည်။ ကျနော်က ဘာမျှ မဟုတ်။ ထို့ကြောင့် ကျနော် သိပ်ပြီး မတွေးရဲပါ။    ။
ထိန်လင်း
၈၊ ၄၊ ၂ဝဝ၃
(ငယ်ငယ်တုန်းက အကြောင်းကို ငယ်ငယ်တုန်းက (လွန်ခဲ့တဲ့ ၉ နှစ်က) ရေးထားတာပါ။
This posting includes an audio/video/photo media file: Download Now
Posted: 12 Apr 2012 08:18 PM PDT
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ အကြည်ညိုဆုံးပုဂ္ဂိုလ်မှာ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ် အောင်ဆန်းသာဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ထုတ်ဖော် ပြောဆိုလိုက်သည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို ဆေးမှင်ထိုးထားသူတဦး (ဓာတ်ပုံ - Reuters)
ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်ခေါင်းဆောင်ဖြစ်သော်လည်း ယူနီဖောင်းသုံးစုံသာရှိကြောင်း၊ သက်တမ်းတိုတောင်းသော်လည်း တိုင်းပြည်အတွက် အလုပ်များစွာလုပ်သွားကြောင်း၊ ထိုသို့ခေါင်းဆောင်မျိုး ရှားပါးကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် ထုတ်ဖော်ချီးကျူးခဲ့သည်ဟု ဦးခင်အောင်မြင့်က ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံစဉ်ပြောခြင်းဖြစ်သည်။
“မှန်တဲ့သစ္စာစကားပြောရရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကျနော့်ကို လုပ်ငန်းကိစ္စပြောရင်း တခါပြောဖူးတယ်၊ ဟေ့ … ဒီနိုင်ငံမှာ အကြည်ညိုဆုံးက ဗိုလ်ချုပ် အောင်ဆန်းပဲရှိတယ်၊ ဒီလို ခေါင်းဆောင်မျိုးရှာကြည့် လုံးဝမရှိဘူး” ဟု ပြောဆိုကြောင်း ဦးခင်အောင်မြင့်က ပြောသည်။
ဦးသန်းရွှေသည် ယမန်နှစ် မတ်လက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရာထူးမှ အနားယူခဲ့သည်။ ယခုအခါ ကျန်းမာရေးဆိုးရွား နေကြောင်း၊ သို့သော် တပ်မတော်အပေါ်တွင်လည်း ဆက်လက်ပြီး သြဇာလွှမ်းမိုးနေသေးကြောင်းလည်း သတင်းများလည်း ထွက်ပေါ်နေသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမ္မတဦးသိန်းစိန်အား အာဏာလွှဲပြောင်းပေးစဉ်က“ငါခင်းပေးသော လမ်းကြောင်းအတိုင်း မင်းတို့ အချင်းချင်း ညှိနှိုင်းပြီးလုပ်ကြ။ ဒါပေမယ့် ငါနဲ့ ကိုအေးတို့ရဲ့ မိသားစုကိုတော့ လာပြီးမထိနဲ့” ဟု ပြောဆိုဖူးကြောင်း တပ်မတော် ထောက်လှမ်းဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ် အဆိုအရ သိရသည်။
ယခုရက်ပိုင်းက ဘန်ကောက်ပို့စ် သတင်းစာပါ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်က ဒီပဲယင်း အကြမ်းဖက်မှုအတွင်း ဒေါ်အောင်ဆန်းစုကြည်အား ကယ်တင်ခဲ့ရသည်ဆိုသော ပြောဆိုမှုသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ထိခိုက်နိုင်ပြီး နိုင်ငံရေးတွင် ပြန်လည် စွက်ဖက်လာမည်ကို နေပြည်တော် အစိုးရအဖွဲ့ဝင်များအကြား စိုးရိမ်နေကြကြောင်း သိရှိရသည်။
လက်ရှိတပ်မတော်အတွင်း ဗိုလ်ချုပ် အောင်ဆန်းအပေါ် ကြည်ညိုသော စိတ်ဓာတ်များ ဆက်၍ရှိမရှိ ဧရာဝတီက မေးမြန်းရာ  မိမိအနေဖြင့်ဖြင့် မခန့်မှန်းနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် တပ်မတော်နှင့် ကင်းကွာခဲ့သည်မှာ ၆ နှစ်ခန့်ရှိပြီး မျိုးဆက်လည်း ကွာဟသွားပြီဖြစ်ကြောင်း ဦးခင်အောင်မြင့်က ပြောသည်။
ထို့အပြင် ဦးခင်အောင်မြင့်က မိမိသည်လည်း ဗိုလ်ချုပ်အောင်ဆန်းကို ဖခင်ကဲ့သို့ သဘောထားပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင်လည်း မောင်နှမရင်းချာကဲ့သို့ လေးစားသဘောထားကြောင်း ဆက်လက်ပြောသည်။
“ငယ်ငယ်လေးကတည်းက အောင်ဆန်းနော်၊ ဗိုလ်ချုပ်နော်၊ တေဇနော်တို့နဲ့ ကြီးလာတာပဲ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ဆောင်းပါး အကုန်ဖတ်တယ်၊ အကုန်သိမ်းထားတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ၎င်းအနေဖြင့် တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေး ညွန်ကြားရေးမှူးတာဝန် ထမ်းဆောင်စဉ်က တပ်တပ်မတော်သားများ မျိုးချစ်စိတ်ဓာတ်ရှင်သန်စေရန် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို ဟောပြောကြောင်းလည်း ပြောသည်။
မြန်မာတပ်မတော်ကို ဗိုလ်ချုပ် အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်ဝင်များသည် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သော်လည်း ၁၉၈၈ ခုနှစ် တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလောကသို့ ၀င်ရောက်လာသောအခါတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ပတ်သက်သည့် အခမ်းအနားများ၊ စာအုပ်စာပေများကို တင်းကျပ်စွာစိစစ် တားမြစ်ခဲ့သည့်အပြင် တပ်မတော်ဖခင်ဆိုသည့် အခန်းကဏ္ဍကိုပါ မှေးမှိန်စေခဲ့သည်။
အစိုးရ ရုံးဌာနများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ပုံများကို ဖြုတ်ပယ်ခြင်း၊ ငွေစက္ကူများပေါ်မှ ဗိုလ်ချုပ်၏ ပုံများကို တဖြည်းဖြည်းဖယ်ရှားခြင်းများ စစ်အစိုးရလက်ထက်တွင် လုပ်ဆောင်ခဲ့သည်။
ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်း လွတ်မြောက်လာခဲ့သည့် နိုင်ငံရေးအကျဉ်းသား ဗိုလ်ကြီးဟောင်း နေမျိုးဇင်သည် ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်အား ၀တ်ဆင်မှုကြောင့် ထောင်တွင်းတရားရုံးတွင် တရားစွဲဆိုခြင်း ခံခဲ့ရသေးသည်။
ယခုအခါ ဗိုလ်ချုပ် အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည် ပုံပါ တီရှပ်အင်္ကျီများကို လူထုက လွတ်လပ်စွာ ဝတ်ဆင်နေကြပြီး ရုပ်ပုံကားချပ်များ၊ ပိုစတာများကိုလည်း လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း၊ လူငယ်တချို့က ဗိုလ်ချုပ်ပုံ ဆေးမှင်များ ထိုးနှံမှုလည်း ခေတ်စားနေကြောင်းလည်း သိရှိရသည်။
ရန်ပိုင်
April 12, 2012 12:15 pm
ဧရာဝတီ
(ယုံချင်စရာကြီးပေါ့ဗျာ)
Posted: 12 Apr 2012 07:26 PM PDT
ရွှေမြန်မာ မိသားစုဝင်အားလုံး မင်္ဂလာပါရှင်။ ခိုင်လေး အကူညီလေး တစ်ခုတောင်းချင်လို့ပါရှင်။ မနေ့က ဆိုဒ်ထဲက
ညီမငယ်လေး လမင်းငယ် နဲ့ စကားပြောဖြစ်ကြရင်း ညီမငယ်လေးတို့ ပရိဟိတ လုပ်ငန်းလေး တစ်ခု လုပ်နေကြောင်းနဲ့
ပတ်သတ်ပြီး ပြောဖြစ်ခဲ့ကြပါသည်။ ဒီအတွက် အလှူခံ ဘလော့လေး တင်ပေးပါလို့ ပြောလာတာကြောင့် ဒီဘလော့လေးကို
တင်ပေးဖြစ်ပါတယ်ရှင်။ အမှန်တကယ် လိုအပ်တဲ့ နေရာမှာ လှူဒါန်းခြင်းဟာ မွန်မြတ် လှတဲ့ ဒါနကုသိုလ်တရားလေး တစ်ခုဖြစ်ပါတယ်ရှင်။
တတ်အားသမျှ ပါဝင်ကူညီကြပါလို့ ခိုင်လေးက လေးလေးစားစား နှိုးဆော်တိုက်တွန်းလိုက်ပါရစေရှင်။
****************************
အားလုံးသော ဘလော့ဂ်ဂါမောင်နှမများ  မင်္ဂလာပါလို့  ဦးစွာပထမ  နှုတ်ခွန်းဆက်လိုက်ပါတယ်။ အခု ဒီအလှူခံပိုစ်လေးကို  ရေးသင့်  မရေးသင့်  ဦးဇင်းဘလော့မှာ တင်သင့် မတင်သင့် စဉ်းစားနေတာ အချိန်အတော်ကြာခဲ့ပါပြီ။ သို့သော် လိုအပ်နေသောနေရာလေးရဲ့  ကိုယ်စား ဦးဇင်းဘလော့လေးကဘဲ လိုအပ်နေသူတို့ရဲ့ ရင်ဖွင်သံစကားကို ဒီဘလော့လေးကနေ ရင်ဖွင့်ပြောပြလိုက်ပါတယ်။

ကျန်ခဲ့တဲ့ ၂၀၁၁ခုနစ် ဧပြီလ(၂၆)ရက်နေ့မှာ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် ဝက်ခြံဂယက်ရွာလေးတစ်ရွာ သို့ တရားဟောသွားခဲ့ပါတယ်။အဲမှာ အဖြစ်ပျက်လေးတစ်ခုက တရားဟောတဲ့ထိ မိုက်က ပြင်လို့မပြီးဘူး။ လျှပ်စစ်မီးကမရှိတော့ မီးစက်နှိုးပြီး ဟောရတာပါ။ မီးစက်ကမနိုင်လို့လားတော့မသိဘူး။ မိုက်က အသံတက်လာလိုက် ကျသွားလိုက်နဲ့ အချိန်တော်တော်ကြာသွားတယ်။ ဦးဇင်းထင်တာက မီးမလာလို့ မီးစက်နှိုးတယ်လို့ထင်တာ။ ဒါပေမယ့်အဲလိုမဟုတ်ဘူး။ လျှပ်စစ်မီးကိုမရှိတာ။ အဲညက မကောင်းတဲ့မိုက်လေးနဲ့ ထိန်းပြီးဟောခဲ့တယ်။ နောက်နေ့ ရွာထဲက အိမ်တစ်အိမ်ရောက်လို့ လျှပ်စစ်မီးမလာလို့ မီးစက်နှိုးပြီးဟောစေတာ လားလို့မေးတော့ ဒကာကြီးက မဟုတ်ဘူးဦးဇင်းတဲ့ ။တပည့်တော်တို့ ရွာတည်တဲ့အချိန်ကစပြီး ယနေ့ချိန်ထိ လျပ်စစ်မီးကိုမရှိတာတဲ့။ ဒါဖြင့်ရင် ဒကာကြီးတို့ ဘယ်လိုနေကြလဲ။ ညဘက်မှောင်နေတဲ့အချိန်မှာ ဆိုတော့ သူကဆက်ပြောတယ်။ ဖယောင်းတိုင်မီးထွန်းနေတယ်တဲ့။ ကက်ဆက်တို့ဘာတို့ ဘယ်လိုဖွင့်ကြလဲဆိုတော့ မြို့မှာ ဘက်ထီရီ တစ်ပါတ်တစ်ခါ အားသွင်းပြီးဖွင့်တယ်လို့ပြောတယ်။ ဒါနဲ့ဦးဇင်းဆက်မေးတယ်။ ဒကာကြီးတို့ ရွာကလူတွေ စုပြီး လျှပ်စစ်မီးရအောင် မီးစက်ဖြစ်ဖြစ် လုပ်ပါလားဆိုတော့ တပည့်တော်တို့ရွာ အရှင်ဘုရား မြင်တဲ့ အတိုင်း လက်လုပ်လက်ကိုင်သမားတွေဆိုတော့ မတတ်နိုင်ကြဘူးတဲ့။
အဲလိုကြားရတော့ ဦးဇင်းအတော်လေး စိတ်မကောင်းဖြစ်ရသလို သူတို့ကိုလည်း အတော်လေး သနားသွားပါတယ်။ ဒါဖြင့်ရင် ဒကာကြီးတို့ ဦးဇင်း ဒကာကြီးတို့ရွာမှာ ထရန်စဖာဖြစ်ဖြစ်၊ တစ်ရွာလုံး မီးရနိုင်လောက်တဲ့ မီးစက်ဖြစ်ဖြစ် ရအောင်ကြိုးစားကြည့်မယ်။ ဦးဇင်းကို အဆင်ပြေအောင်သာ ဆုတောင်းပေးပါလို့ ဦးဇင်း သူတို့ကို ပြောခဲ့တယ်။ အဲဒီစကားကြောင့် မီးစက်က ဘယ်ဆီနေမှန်း မသိသေးဘူး။ ရွာသူရွာသားတွေ အတော်လေး ဝမ်းမြောက်သွားပုံရပါတယ်။ ရွာက အိမ်ခြေ(၁၂၀) လောက်ရှိပါတယ်။ တစ်ရွာလုံး မီးရဖို့အတွက်ဆို တော်တော်လေး ကုန်ကျမယ်ဆိုတာ ဦးဇင်းသိပါတယ်။ ဦးဇင်းအနေနဲ့လည်း ငွေကြေးပြည့်စုံတဲ့ ဦးဇင်းတစ်ပါးမဟုတ်ပါ။ စာသင်သားဘဝနဲ့ ပရဟိတအလုပ်ကို စေတနာထက်သန်ပြီး စိတ်ပါဝင်စားတဲ့ ဦးဇင်းလေးမို့ ဒီ(ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်က ဝက်ခြံဂယက်ရွာလေးကို) မီးရစေဘို့ အမြဲစဉ်းစားမိခဲ့တယ်။ ဦးဇင်းသာငွေကြေးပြည့်စုံ ပိုလျှံနေတဲ့ စာသင်သား ဦးဇင်းတစ်ပါးဖြစ်ခဲ့မယ်ဆိုရင် ဒီရွာလေးမီးရဘို့ မီးစက်ချက်ချင်း ဝယ်လှူမိမှာပါ။ ဒါပေမယ့် ပညာသင်တစ်ဖက်နဲ့ဆိုတော့ ငွေမတတ်နိုင်ဘူး။ ဆန္ဒတွေသာရှိခဲ့ပြီး လက်တွေ့အကောင်အထည် မဖော်ခဲ့နိုင်ဘူး။ဦးဇင်းအနေနဲ့ မနိုင်ဝန်ထမ်းတယ်လို့ ပြောမယ်ဆိုလဲ ပြောလို့ရပါတယ်။ ရွာသူရွာသားတွေကို လျှပ်စစ်မီးရစေချင်တဲ့ စေတနာအား ကြီးမားသောကြောင့်သာ ဒီလိုပြောခဲ့ခြင်း ဖြစ်ပါတယ်။
ဒီကိစ္စကို ဘယ်လိုဆောင်ရွက်ရမလဲလို့ နေ့စဉ်နေတိုင်းစဉ်းစားမိတယ်။ စဉ်းစားရင်း အချိန်တွေသာ ကုန်လွန်ခဲ့ပြီး တစ်နှစ်သာပြည့်တော့မှာ ဖြစ်တယ်။ ဦးဇင်းလက်ထဲမှာ ငွေအင်အားက ဘာမှမရှိသေးပါဘူး။ ဒါနဲ့ ကျန်ခဲ့တဲ့ သီတင်းပါတ်အချို့က ဘလော့မောင်နှမတွေဖြစ်တဲ့( ဒကာကြီး-ရာဇာထွေး.- ဒကာမ-အလွမ်းမြို့- ဒကာမ ချစ်စံအိမ်) တို့ကို အွန်လိုင်းပေါ်မှာ ဆုံတုန်း ပြောပြခဲ့ပါတယ်။ သူတို့ကလည်း တတ်နိုင်သလောက် ကူညီမယ်လို့ပြောတော့  ဦးဇင်းအလွန် အားတက်သွားတယ်။ တတ်နိုင်သလောက် ကူညီမယ့်အပြင် အကြံကောင်းဥာဏ်ကောင်းများကိုလည်း ပေးခဲ့ပါသေးတယ်။ တစ်ရွာလုံး မီးရဖို့ဆိုရင်  ဦးဇင်းတစ်ပါးတည်း  လတ်တလောမှာ မတတ်နိုင်သလို သူတို့လေးတွေကလည်း တစ်ဦးတည်း တစ်ယောက်တည်း ဒီရွာလေးမီးရဘို့ကို မတတ်နိုင်ကြတာမို့ ခုလိုအကြံလေးကို ပေးပါလာတယ်။“ဦးဇင်းကိုယ်တိုင် တရားဟောကြွခဲ့တာမို့ ရွာရဲ့လိုအပ်ချက်နဲ့ အခြေနေကို ပိုစ့်လေးတစ်ပုဒ်လောက် ရေးပြီး စေတနာထက်သန်တဲ့  အလှူရှင်တွေကို ဘလော့တွေကနေ ဖိတ်ခေါ်ကြည့်ပါလားတဲ့။ မြန်မာလူမျိုးတွေဆိုတာ အလှူအတန်း အလွန်ရက်ရောကြသူတွေပါ။ ဦးဇင်းရဲ့ မီးစက်အလှူလေးကို ပိုစ့်တင်ပြီး သဒ္ဒါတရားထက်သန်တဲ့ အလှူရှင်တွေကို နည်းများမဆို ဖိတ်ခေါ်မယ်ဆို ဒီရွာလေးမှာ အိမ်တိုင်းမီးမကြာခင်မှာ မြင်ရမှာဖြစ်ပြီး ဦးဇင်းအပါအဝင် အလှူရှင်များအားလုံးလည်း အလှူပြီးမြှောက်ပြီး ဝမ်းသာပီတိဖြစ်ခဲ့ကြရမှာပါ။  မိုးရေစက်လေးတွေလိုပေါ့ တစ်စက်ချင်းကျပေမဲ့ အချိန်တန်တော့ ရေအိုးလေးပြည့်ခဲ့ရသလို ဦးဇင်းတို့အလှူမှာလည်း တစ်ယောက်နည်းနည်းအားနဲ့ ဝိုင်းဝန်းကူညီ သဒ္ဒါဖြူကြမယ်ဆို မိုးရေခံတဲ့အိုးလေးလို အချိန်တန်တော့ ဆန္ဒတွေပြည့်ဝသွားရမှာပါ။ ဒါကြောင့် (ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်က ဝက်ခြံဂယက်ရွာလေးကို) မီးရရှိဖို့အတွက် ဒီပိုစ့်လေးကိုတင်ပြီး ကိုယ့်ဘလော့လေးမှာ ကြေငြာထားရင် စေတနာ သဒ္ဒါထက်သန်သူတွေရဲ့ စေတနာ မေတ္တာ သဒ္ဒါတွေပေါင်းစပ်ပြီး စုပေါင်းစပ်ပေါင်းလေးနဲ့ ဝိုင်းဝန်းကြိုးပန်း တတ်နိုင်တဲ့ဘက်က တတ်နိုင်သလောက် ကူညီကြမယ်ဆို ရွာလေးမှာ မီးစက်အလှူအတွက်  ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ အကြံပေးပါတယ်။”  ဒါနဲ့ ဒီပိုစ့်လေးကို ရေးဖြစ်ခဲ့တာပါ။

(ဦးဇင်းအနေနဲ့ အခုလိုအွန်လိုင်းပေါ်မှာပရဟိတ လုပ်ဖို့တခါဖူး မှအလှူမခံခဲ့ဖူးပါဘူး။ အခုတော့ အမှောင်တောထဲမှာ နေကြရတဲ့ (ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်က ဝက်ခြံဂယက်ရွာလေး) ကို အလင်းရောင်ရစေချင်တဲ့ ဆန္ဒတွေကဦးဇင်းရဲ့စိတ်ကို တော်တော်လေးတွန်းအားပေးနေပါတယ်။ ဒါပေမယ့် ဦးဇင်းဟာ စာသင်သားရဟန်းတစ်ပါးသာ ဖြစ်နေတာမို့ကုန်ကျမယ့် မီးစက်အလှူအတွက် ဦးဇင်းတပါးထဲနဲ့လည်း  မတတ်နိုင်ပါဘူး။ ဒါကြောင့် ဦးဇင်းနဲ့အတူ (ဝက်ခြံဂယက်ရွာလေး) မီးလင်းဖို့အရေး စိတ်အားထက်သန်တဲ့ စေတနာရှင် အလှူရှင် ဘလော့မောင်နှမတွေကိုလည်း တတ်အားသ၍ (နည်းသည်၊ များသည်အဓိကမထားဘဲ) ပါဝင်လှူဒါန်းနိုင်ဖို့ ဦးဇင်းဖိတ်ခေါ်ပါတယ်..။ )
ဦးဇင်းရဲ့ ဦးတည်ချက်နဲ့ ရည်ရွယ်ချက်က ရွာစတင်တည်ထောင်ကတည်းက မီးမရသေးသော (ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်က ဝက်ခြံဂယက်ရွာလေးကို) ရွာလေးကို မီးအလင်းရစေလိုတဲ့ စေတနာ သက်သက်သာဖြစ်ပါတယ်။ ပရဟိတဆိုပေမဲ့ ဦးဇင်းတစ်ပါးတည်း ဒီမီးစက်အလှူဖြစ်လာဘို့ အရေးကိုတစ်ပါးတည်း မတတ်နိုင်သောကြောင့် ဘလော့ဂ်ဂါမောင်နှမများကို ဦးဇင်းနဲ့အတူ အလှူမှာပါဝင်အားဖြည့်ပေးဘို့ အထူးဖိတ်ခေါ်ပါတယ်။ ဒီပိုစ့်လေးဟာ ဦးဇင်းရဲ့ပထမဆုံး အလှူခံပိုစ့်လေးဖြစ်သလို  ပရဟိတလုပ်ဆောင်မှု့ ပထမဆုံးဖြစ်တာမို့ စေတနာ သဒ္ဒါတရား ထက်သန်သူနဲ့ အကြံညဏ်ကောင်းများ ပေးလိုသူတွေကိုလည်း  ဦးဇင်းမှလှိုက်လှဲစွာ ဖိတ်ခေါ်ပါတယ်။


တစ်ဆက်တည်းမှာ မီးအလှူနဲ့ပါတ်သက်ပြီး ဦးဇင်းအနည်းငယ် ပြောပြချင်ပါတယ်။

မီးအလှူနဲ့ ပတ်သတ်ပြီး မြတ်စွာဘုရားဟောတော်မူခဲ့တဲ့ တရားစာလေးတစ်ကြောင်းကိုသတိရမိတယ်။ အဲဒါဘာလဲလို့ဆိုတော့ “ဒီပတော စက္ခုတော ဟောတိ” မီးလှူတာဟာ မျက်စိကိုပေးလှူတာဖြစ်ပါတယ်။ မျက် မမြင်တစ်ယောက်ဘဝဟာ အမြဲတန်းမှောင်မိုက်နေပါတယ်။ ထိုမျက်မမြင်ကို မျက်လုံးပေး လှူလိုက်မည်ဆိုပါက အလင်းရသလိုမျိုး၊ အမြဲတန်းမှောင်မိုက်နေတဲ့ ရွာလေးမှာ အလင်းရဖို့အတွက် မီးစက်လေးတစ်လုံးလောက် ပေးလှူလိုက်မယ်ဆိုလျှင် ထိုရွာသူရွာသားများလည်း မီးအလင်းရပြီး စိတ်ချမ်းချမ်းသာသာနဲ့ နေရမှာအမှန်ဖြစ်ပါတယ်။ ထိုမီးအလင်းရောင် လှူဒါန်းခြင်းကြောင့်လည်း အကျိုးများပါတယ်။ ယခုဘဝ နှင့် နောင်ဘဝတွေမှာ တပြောင်ပြောင် ကိုယ်ရောင်ထွန်းတောက်၍ အရပ်ဆယ်မျက်နှာတို့မှာ မိုက်စွာသော အမှောင်မရှိ၊ ပကတိ မီးအရောင်ကဲ့သို့ ထွန်းလင်း၍ ကောင်းခြင်းပြည့်စုံတဲ့ ပဘာဝတီသတို့သမီးတို့လို၊ တစ်ခုသော လက်ချောင်း၏ အရောင်ဖြင့် တစ်ထောင်သော စကြာဝဠာကို ထွန်းလင်းနိုင်တဲ့ ဗြဟ္မာမင်းတို့လို၊ တညီးညီးတရှိန်ရှိန် တထိန်ထိန် တောက်ပ၍  ကိုယ်ရောင်၏ လှပခြင်းသို့ မီးအလှူရှင်များဟာ အကျိုးများစွာကိုရစေနိုင်ပါတယ်။
 မြတ်စွာဘုရားရှင်လက်ထက်တော်က သာသနာမှာ ဗကုလာထေရီမဆိုတာ ရှိခဲ့ဖူးပါတယ်။ ဗကုလာထေရီမ လောင်းလျာဘဝ ကဿပမြတ်စွာဘုရှင် သာသနာတော်မှာ ပုရဗိုဇ်ရဟန်းမိန်းမ ပြုလုပ်ကာ တစ်ယောက်တည်း နေခဲ့ပါတယ်။ တစ်နေ့တော့ ထိုပုရဗိုဇ် ရဟန်းမိန်မက အိမ်စဉ်လှည့်လည်ကာ ဆီကိုအလှူခံပြီး ကဿပမြတ်စွာ ဘုရားရှင်၏ ရင်ပြင်တော်မှာ ညဥ့်သုံးယံပတ်လုံး ဆီမီးကို ပူဇော်လှူဒါန်းခဲ့ပါတယ်။ ထိုရဟန်းမိန်းမ စုတေသော် တာဝတိံသာ နတ်ပြည်မှာနတ်သမီးဖြစ်လို့ အခြွေအရံ နတ်သားတွေနဲ့ အရောင်အဝါတောက်ပလို့နေပါတယ်။ နောက်ပြီး ကဿပမြတ်စွာဘုရားရှင် နှင့်ဂေါတမမြတ်စွာဘုရားရှင်  ကြားကာလမှာလည်း အပါယ်လေးပါးသို့ မလားရောက်ဘဲ နတ်ပြည်မှာသာ မွေ့လျှော်ပြီး နောက်ဆုံးပစ္ဆိမဘဝမှာ ဂေါတမမြတ်စွာဘုရားရှင် လက်ထက်ဝယ် သာဝတ္ထိမြို့ ပုဏ္ဏားအမျိုးမှာ လာဖြစ်ပြီး နာမည်ကို ဗကုလာသတို့သမီးရယ်လို့ ဖြစ်လာခဲ့ပါတယ်။ ထိုသတို့သမီးသည် လူဘောင်ကို ခွာရှောင်ပြီး ဘိက္ခူနီမတို့ထံ သွားပြီးရဟန်းပြုပါတယ်။
ရှေးကုသိုလ် ဆီမီးအလှူဒါနကြောင့် ရဟန္တာဖြစ်လာပြီး ဗကုလာထေရီမရယ်လို့ ထင်ရှားကာ နိဗ္ဗာန်ရွှေပြည်မြတ်ကို ရခဲ့ဖူးတဲ့ သာဓကတွေရှိပါတယ်။ ထို့ပြင် မီးအလှူဟာ အလင်းရဖို့ ပေးလှူတာဖြစ်တဲ့အတွက် မျက်စိကို ပေးလှူသကဲ့သို့ဖြစ်သလို ပညာဥာဏ်ကြီးမားစေဖို့ ပေးလှူခြင်းမျိုးလည်းဖြစ်ပါတယ်။ ပညာဆိုတာ အားလုံးအတွက် အလွန်အရေးကြီးပါတယ်။ လောကီပညာပြည့်စုံဖို့ လိုအပ်သလို လောကုတ္တရာပညာရှိဖို့ ကလည်း လိုအပ်ပြန်တယ်။ အမိုက်မှောင်ကိုပယ်ဖျောက်နိုင်တဲ့ အလင်းရောင်(၄)မျိုးရှိပါတယ်။ ပညာအလင်း၊ မီးအလင်း၊ နေအလင်း၊ လအလင်းပါ။ ပကတိသော အမှောင်ကို ပယ်ဖျောက်ပေးနိုင်တာက မီးအရောင်၊ နေအရောင်၊ လအရောင်ဖြစ်ပြီး၊ပညာရောင်ကတော့ အချိန်ကာလမရွေး ကာလသုံးပါးလုံးမှာရှိတဲ့ အမိုက်မှောင်ကို ပယ်ခွာနိုင်သလို တစ်သံသရာလုံးက အမှောင်ကျလာတဲ့ အဝိဇ္ဇာတည်းဟူသော အမိုက်မှောင် ကိုပယ်ခွာနိုင်ပါတယ်။( ပညာစက္ခုံ အနုတ္တရံ) ဟုဟောတော်မူသည့်အတိုင်း ပညာတည်းဟူသော မျက်စိ၊ ပညာတည်းဟူသော အလင်းရောင်သာ  အမြတ်ဆုံးဖြစ်ပါတယ်။ လောကီအထွတ်ဆုံး အမြတ်ဆုံးဖြစ်တဲ့ သဗ္ဗညုတဥာဏ်တော်ကိုရ၍ ဘုရားအဖြစ်သို့ ရောက်စေနိုင်ခြင်းဟာ ထိုပညာမျက်စိကြောင့်ပင် ဖြစ်ပါတယ်။ အမှား အမှန်ကိုခွဲခြားနိုင်ဆုံးဖြတ်နိုင်တာဟာ ပညာကြောင့်ပါပဲ။ ပညာရဲ့ အရာကျယ်ပုံ အသုံးကျပုံ မြင့်မြတ်ပုံကတော့ ပြောလို့ပင် ကုန်ဆုံးမည်မဟုတ်ပါ။ ထိုအမြတ်ဆုံးပညာမျက်စိရစေဖို့ အထောက်ကူဖြစ်စေဖို့ မီးအလင်းကို ပေးလှူကြပါစို့လို့ တိုက်တွန်းမှုပြုလိုက်ရပါသည်။
မီးလှူရကျိုးရှစ်ပါး
၁။ လုံခြုံစွာကြီးပွားချမ်းသာခြင်း
၂။ အမျိုးမြတ်ခြင်း။
၃။ ဥာဏ်ပညာကြီးမားခြင်း။
၎။ အင်္ဂါကြီးငယ်တို့နှင့်ပြည့်စုံခြင်း
၅။ အဆင်းလှခြင်း။
၆။ ကိုယ်ရောင်ကိုယ်ဝါတောက်ပခြင်း။
၇။ ဘုန်းတန်ခိုးကြီးခြင်း။
၈။ ဘေးအန္တရာယ်ကင်းခြင်း။
ဆောင်။     ။ လုံခြုံစွာ့၊ ကြီးရတဲ့ချမ်းသာ၊ မျိုးမြတ် ဥာဏ်ကြွယ်နှင့်။ အင်ကြီးငယ်ပြည့်စုံရ။ ဆင်းလှရောင်ဝါ၊ ဘုန်းတေဇာ၊ ကြီးစွာပတန်ခိုး၊ ရန်ဘယာ၊ ဘေးကာဆီးတယ်၊ မီး၏အကျိုး။

(မှတ်ချက်။  ။ ဦးဇင်းအနေနဲ့ အထွေထွေကုန်ကျမယ့် စာရင်းကို နားလည်တတ်ကျွမ်းသော သူများနဲ့တိုင်ပင်ပြီး အနီးဆုံးခန့်မှန်းတွက်ချက်ပြီး  ထပ်မံဖော်ပြပေးပါမယ်..။ ကောက်ခံရရှိလာမယ့် အလှူရှင် စာရင်းနဲ့ လှူဒါန်းငွေ အစုစုတို့ကိုလည်း ဦးဇင်းရဲ့ ဘလော့ဖြစ်တဲ့ ၀ိရဓမ္မ(WIRADHAMA) ဘလော့အပြင် အလွမ်းမြို့လေး၊ ချစ်စံအိမ်၊ ရာဇာထွေးblogမှတ်စု ဘလော့တွေမှာပါ ဖော်ပြပေးထားပါမယ်...။ အလှူငွေစာရင်းနှင့် အလှူအပြီးတွင်လည်း အလှူရှင်စာရင်းနှင့် လုပ်ဆောင်မှု့များကိုလည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
(ကောက်ခံရရှိမည့် အလှူငွေနှင့်အတူ (၅လပိုင်း-မေလ အကုန်တွင်) (၂၀၁၂) ဦးဇင်း မြန်မာပြည်သို့ ပြန်လည်ကြွရောက်ပြီး ဦးဇင်းကိုယ်တိုင် ((ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်က ဝက်ခြံဂယက်ရွာလေး) ) ကြွရောက် အလှူပေးမှာဖြစ်ပါတယ်။
အလှူနဲ့ပါတ်သက်ပြီး လှူဒါန်းချင်ရင်

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
ဆက်သွယ်ရန် ဖုန်း           +918083881812
ဆက်သွယ်ရန်  အီးမေးလ်  ashinwimalawuntha@gmail.com

အလွမ်းမြို့လေး
  ဆက်သွယ်ရန်  အီးမေးလ်  ( alwanmyolay@gmail.com)

ရာဇာထွေး ( မလေးရှား )
ဆက်သွယ်ရန်  ဖုန်း          = 016 6787843
ဆက်သွယ်ရန်  အီးမေးလ်  = yarzar.htwe5@gmail.com

စကာၤပူ တာဝန္ခံ
နန်းထွေးစန္ဒာ (စကာင်္ပူ)
ဆက်သွယ်ရန်မေလ်း - rainblue2010@gmail.com
ဆက်သွယ်ရန်  ဖုန်း - +6593812015

ဇော်ဇော် (စကာင်္ပူ)
ဆက်သွယ်ရန်  ဖုန်း - +6581422464

မြန်မာပြည် တာဝန်ခံ
အရှင်သီရိန္ဒ (ရန်ကုန်- တာမွေ)
ဆက်သွယ်ရန်မေလ်း - thirinda000387@gmail.com

မကြင်စန်း (ရန်ကုန်- သင်္ဃန်းကျွန်း)
ဆက်သွယ်ရန်  ဖုန်း - 95973036380

တူးတူးမာ - မုံရွာ -
ဆက်သွယ်ရန် (ရုံးဖုန်း)  71-23629
                                                                                                     ဆက်သွယ်ရန်မေလ်း - ttchitnyima@gmail.com

ချစ်စံအိမ်
ဆက်သွယ်ရန်မေးလ် babyrevlon@gmail.com
တို့ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်....)
 **************
ခိုင်လေးဆီကို ဆက်သွယ် လှူဒါန်းမယ်ဆိုရင်တော့
ခိုင်ဇာအောင်.......09423676997
သို့ဆက်သွယ် မေးမြန်းနိုင်ပါသည်။
Posted: 12 Apr 2012 01:12 PM PDT


2012 ခုနှစ်ရဲ့ သင်္ကြန် အမှတ်တရလေးပေါ့ဗျာ....:) 
IDM Update လးထွက်လာလို့ အချိန်မှီ တင်ပေးလိုက်ပါတယ်... IDM ကိုတော့ သူငယ်ချင်းများအားလုံး သုံးတတ်ကြပြီထင်ပါတယ်..။ 2012 ခုနှစ်ရဲ့ သင်္ကြန် အမှတ်တရလေးပေါ့ဗျာ...
IDM ကို Install / Uninstall မလုပ်တတ်သေးတဲ့သူတွေရှိခဲ့ရင်တော့ ဒီပို့စ်မှာ ရှင်းပြပေးထားပါတယ်..။ 
 
 
ဝင်းကမ္ဘာကျော်(နည်းပညာမှတ်တမ်း) လေးဆီကို လာရောက် လည်ပတ် အားပေးကြတဲ့ Member ဝင် အားလုံးနဲ့ သူငယ်ချင်း မိတ်ဆွေ များ အားလုံး...

 နှစ်သစ်မှာ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေ.....:)

 
 
 
 
 
 
ဝင်းကမ္ဘာကျော်(နည်းပညာမှတ်တမ်း) 
This posting includes an audio/video/photo media file: Download Now
Posted: 12 Apr 2012 10:30 AM PDT
( လာလည်ပေးကြပါ)

ရွှေမြန်မာကို...
ငါမရောက်ခဲ့ ခင်က..ငါ့ ဘ၀ထည်းမှာ
ငါ့ တစ်ယောက်ထည်းသာ
ယောင်ချာချာလည်ပတ်ရင်း သွေ့ ချောက်မှု နွမ်းနယ်မှု
အားငယ်မှုတွေနဲ့ နှောင်ငင်ကာ
သောင်တင်နေခဲ့ ရပါတယ်.... ...
လသာတဲ့ ညတွေမှာ...လှပလာမှာမဟုတ်တဲ့ 
ငါ့ ကဗျာအစုတ်အနုပ်တွေနဲ့ ...လုံးထွေးရင်း
တင်းကြပ်မှုတွေခါးသီးတဲ့ ခါ...ငါ့ ကိုယ်ငါ
ရန်ရှာမိခဲ့ တာကအကြိမ်ကြိမ်.... ....
နောက်ဆုံးတော့ ...ဖန်လုံအိမ်လို
ငါ့ လှောင်အိမ်...အိပ်ခန်းကျဉ်းကျဉ်းထည်းမှာ
အတိတ်နာတွေကိုထွေခင်း...စိတ်ဝေဒနာတွေကို
ကျောက်ချ၇င်းတင်းမာမှုတွေနဲ့ ...နေခဲ့ ရတဲ့ ငါ......
************* ************** **************
အခုတော့ ...
ငါမမျှော်လင့် ထားပါဘဲ...ရောက်ခဲ့ မိတာက
ရွှေမြန်မာ ငါခင်တွယ်စရာ...member ၀င်
ကိုကို မမ ညီ ညီမတွေနဲ့ ...လက်ပွန်းတတီး
ရင်းရင်းနှီးနဲ့ အထီးကျန်...ငါ့ ဖန်လုံအိမ်ကမ္ဘာလေး
နွေးထွေးစွါနဲ့ စိုပြေလို့ ...လာခဲ့ ရပြန်ပေါ့ 
main ထည်းမှာ...နေ့ စဉ်နဲ့ အမျှ
ဆုံတွေ့ ကြရတဲ့ ...သူငယ်ချင်းတွေနဲ့ 
သတင်းမေးသီချင်း...ကလေးတွေနားထောင်
ပျော်လာအောင်ရီစရာပြော...မောကြတော့ ငြိမ်
သောကကင်းဝေးရတဲ့ ...ဒီအချိန်မှာငါ့ ကမ္ဘာ
ဖန်လုံအိမ်တောင်...ပျောက်ဆုံးနေပါပေါ့ လား....
ဒီကမ္ဘာလေးသီးချား...တည်ဆောက်ပေးထားတဲ့ 
ဥယာဉ်မှူးလေးနဲ့ ...တာဝန်ခံတွေ
ငါလေကျေးဇူးတင်လိုက်တာ... ....
***************** ************** *******
တကယ်တော့ ...
ငါလိုဘ၀မလှတဲ့ ...ဒုက္ခိတအတွက်
သုံညအဆင့် က...မြှင့် တင်မရတဲ့ 
ငါ့ စိတ်ဓါတ်တွေ...မြင့် တက်စေတာ
ရွှေမြန်မာနဲ့ member၀င်...သူငယ်ချင်းတွေကြောင့် ပါ
ဒါကြောင့် ငါဘယ်တော့ မှ...အားမငယ်တော့ ပါဘူး
wheel chair ပေါ်က...ငါဘယ်တော့ မှ
ဆင်းနိုင်မှာမဟုတ်ပေမဲ့ ...အချိန်နဲ့ အမျှ
ငါ့ သူငယ်ချင်းတွေနဲ့ ...တွေ့ ဆုံနေကြရတယ်လေ
ဒါပေမဲ့ ငါတစ်ခုတော့ စိုးရိမ်မိတယ်
ငါလိုဘ၀မလှသူ...ဒုက္ခိတရဲ့ အခြေအနေ
သိလာတဲ့ တစ်နေ့ ...သူတို့ ငါ့ ကိုတွေ့ နိုင်ပါဦးမလား
ခင်နိုင်ပါဦးမလား
ရီမောစရာလေးတွေ
ပြောပေးနိုင်ကြပါဦးမလား
ေ၀၀ါးတဲ့ အသိစိတ်နဲ့ ...ငါစိုးထိတ်နေမိတယ်...
အိပ်မရညတွေနဲ့ ...တာရှည်ခဲ့ ရတဲ့ ငါ့ ဘဝ
အခုတော့ နေ့ ညတွေတိုင်း...ငါ့ ဘေးမှာဝိုင်းနေတဲ့ 
ငါ့ သူငယ်ချင်းတွေနဲ့ ...ပျော်နေခဲ့ ရတာ
ငါ့ ဖန်လုံအိမ်ကမ္ဘာလေး...ဆွေးနေလောက်ရော့ မယ်
**************** ********** ************
သူငယ်ချင်းတို့ ရေ....
အဖြစ်မှန်ကို...ထိန်ချန်မထားလိုတဲ့ 
ငါ့ ဘ၀အခြေနေကို...မင်းတို့ တွေသိလာကြပြီမို့ 
ငါ့ ကိုထားလို့ တော့ ...မသွားကြပါနဲ့ 
ငါ့ ဘ၀ငါ့ ကမ္ဘာဖြစ်တဲ့ ...ရွှေမြန်မာဥယာဉ်ထည်းမှာ
ငါ့ အတွက်ဆက်ဆက်...လာလည်ပေးကြပါ..
လာလည်ပေးကြပါ...............
လာလည်ပေးကြပါ.................
************* *************** ************
(သူငယ်ချင်းများအားလုံးသို့ ခင်မင်စွါဖြင့် )
Kyaw Shein..
Posted: 12 Apr 2012 10:30 AM PDT
ရွှေ မောင်နှမများ အားလုံး မင်္ဂလာအပေါင်းနှင့် ခညောင်းတဲ့ နှစ်သစ်မင်္ဂလာ ဖြစ်ပါစေ... လို့ 
ပထမဦးစွာ နှုတ်ခွန်းဆက်သ ပါတယ်... ရှင်
ဒီနေ့ ဟာ မြန်မာ့နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ရဲ့  သင်္ကြန်အကျနေ့ ပဲ ဖြစ်ပါတယ်ရှင်.....
ဒီနေ့ မှာ စိမ်း မဏ္ဍုပ်ကို ကြွရောက်လာကြတဲ့ မောင်နှမများကို စိမ်းက
ပထမဦးဆုံး သပြေခက် နဲ့  အတာရေစက်များ သွန်းလောင်းပါရစေလားရှင်..
သင်္ကြန်ရေဆိုတာ အေးချမ်းလှပြီး အန္တရာယ်ကင်းပါတယ်.... နော်...
ဒီနေ့  မဏ္ဍပ်မှာ .....................
ပိတောက်ပန်းတွေ ထား ထားပေးတယ်နော်....
ဒီနေ့ တော့.....
 စိမ်း မဏ္ဍပ်မှာ ရေလာကစားကြသူ အပေါင်း ဒီလို တစ်ဦးနဲ့  တစ်ဦး ရင်းရင်းနှီးနှီး ရေကစားလို့ ရအောင်ခွက်များနဲ့  ရေကစားဖို့  စီစဉ်ထားပါတယ်...
ရေကစားရင်း သီချင်းများလည်း နားသောတ ဆင်ပြီး
ရုပ်ရှင် မင်းသားကြီး ဦးဝင်းဦးသီဆိုပြီး အန်တီ နွဲ့ နွဲ့ စန်း က ပြသော ခေတ်ဟောင်းတေး ချစ်စရာ့ သင်္ကြန်
ရင်ဂို သီဆို၍ မိုးယုစံ က ပြသော  နွေလည်မိုး
G3 သီဆိုတဲ့ G3 သင်္ကြန်
ဇော်ပိုင် ရဲ့   ရေတွေ စိုကုန်ပြီ
Jenny ရဲ့   မြန်မြန်သာပြော
လှပျိုဖြူတွေရဲ့  အက ပဒေသာကိုလည်း ကြည့်ရှုနိုင်ပါတယ်...ရှင်
ဒီနေ့  အစားသောက်ကတော့ ဖါလူဒါ နဲ့ 
ဒိုးနပ် မုန့် ပါ....
သင်္ကြန် သီချင်းသံနားထောင် သင်္ကြန်ယိမ်းလေး ရှုစားရင်း ဖါလူဒါ သုံးဆောင်ပါနော်...
ဒါလေး မပါရင် မဏ္ဍပ် မလာဘူး ဆိုတဲ့ အကိုတော်တွေ အတွက်
မြန်မာ တိုက်ဂါး ဘီယာ ၊ မန္တလေး ဘီယာ တိုက်ပါ့မယ်ရှင်.....
မမတို့ အတွက်ကတော့ ၀ိုင်ပေါ့ နော်.......
သောက်လည်း သောက် မူးလည်း မမူးစေနဲ့ နော်.... မူးရင် မဏ္ဍပ် က လက်မခံဘူးနော်....
ဒီမှာတင် မနက်ပိုင်း ရေကစားမဏ္ဍာပ် သိမ်းပါပြီရှင်....
ညဘက်မှာကော ဘာတွေနဲ့  ဧည့်ခံမလဲ ဆိုတာ စောင့်မျှော် ကြည့်ရှုပါအုံး ရှင်
ဒီ ည မှာတော့ Lazy Club  တေးဂီတ အဖွဲ့ နဲ့  ဧည့်ခံပါ့မယ်ရှင်....

အာဇာနည်နဲ့  ၀ိုင်းစုခိုင်သိန်း
တို့ ရဲ့  လိုက်ဖက်တဲ့ ဘဝ
ဂျေမီ ရဲ့ Rock the House
ဓနုဖြူဇော်ဦး နဲ့  ၀န်းဆုပြည့်ကျော် တို့ သီဆိုပြီး မင်းသူနဲ့ ရွှေရည်သိန်းတန် သရုပ်ဆောင်တဲ့ မောင်ရွှေရိုးနဲ့  ချစ်စပါယ် ပြဇာတ်လေးပါ...
ဖြူဖြူကျော်သိန်း ရဲ့  ဇာတ်ဆရာ အလိုကျ ဖြိုးကြီးနဲ့ မေဆွိ တို့ ရဲ့  လေကို ဆန်ပျံစို့ လား
စတိတ်ရှိုး ကြည့်ရင်း မြန်မာ့ရိုးရာ မုန်ု့ ပဲသရေစာများ လည်း သုံးဆောင်ကြပါအုံးနော်...
ကောက်ညှင်းပေါင်းလေး သုံးဆောင်ပါရှင်..
ပလာတာ နဲ့  ကြက်သားဟင်းပါ..
ပဲပြုတ် နံပြား ပါရှင်
ပြီးရင်တော့ အလှူပွဲတွေမှာ မပါမဖြစ်တဲ့ လ္ဘက်သုပ်လေးကို
ရေနွေးကြမ်း နှင့်အတူ သုံးဆောင်ပါနော်...
စတိတ်ရှိုး၊ ပြဇာတ်လေး တွေ ကြည့်ရှုပြီး .... မုန့် ပဲသရေစာ စားသောက်ရင်း အာလာပ သလာပ စကားလေးတွေ ပြောကြတာပေါ့နော်....
မနက်ဖြန်မှာကော ဘယ်လို စီစဉ်ထားမလဲ ဆိုတာ စောင့်မျှော်ရင်း
ဒီနေ့  သင်္ကြန်အကျနေ့  မဏ္ဍပ်လေး ကို သိမ်းလိုက်ပါပြီရှင်...

ဥယျာဉ်လေးထဲမှာ အပန်းဖြေနေကြသော ရွှေမောင်နှမ အပေါင်း
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ရွှင်လန်း ချမ်းမြေ့စွာ မင်္ဂလာနှစ်သစ်ကို ကြိုဆိုရင်း
တစ်နှစ်တာ ပါတ်လုံး အေးချမ်း သာယာ စွာ လျှောက်လှမ်းသွားနိုင်ကြပါစေ...
လို့ 
စိမ်း မှ
ဆုမွန်ကောင်း တောင်းပေးပါတယ်ရှင်...



This posting includes an audio/video/photo media file: Download Now
Posted: 12 Apr 2012 07:33 AM PDT
ကို့ကိုချစ်မိခဲ့တယ်..ဒါပေမယ့်..ကိုကတော့
 ကို့အတွက်ပေးဆပ်ခဲ့တာက..ရိုးရိုးလေးပါ
  ကို..လှစ်ခနဲ့..ပြုံးရယ်သွားမဲ့အချိန်လေးတခု..ဖန်တီးပေးခဲ့တာပါ
   ဂုဏ်တွေငွေတွေနောက်မှာရှိနေတဲ့..ပျော်ရွှင်ခြင်းအရသာသက်သက်ကို..ယူဆောင်ပေးခဲ့တာပါ
    ပျော်ရွှင်ခြင်းတွေထက်.....၀မ်းနည်းခြင်းကို....မျှဝေခံစားပေးခဲ့သူပါ
     ကို့ရှေ့မှာ..ထာဝရပြုံးနေနိုင်အောင်..ဟန်ဆောင်ရင်း..တိတ်တဆိတ်ငိုကြွေးနေသူပါ
      ကိုပျော်ရွှင်နိုင်ဖို့..ဆုတောင်းရင်း..၀မ်းနည်းမှုတွေကို...ကြိတ်မှိတ်ထားသူပါ
       ကို့အချစ်ကိုမရခဲ့ရင်တောင်...ချစ်ခွင့်လေးရဖို့..မျှော်လင့်မိသူပါ
        အချစ်ဆိုတာထက်...နားလည်မှုတွေကို..တည်ဆောက်ခဲ့သူပါ
         ကို့ကိုချစ်ခဲ့တာ....စွန့်လွှတ်အနစ်နာခံမှုသက်သက်ပါ
Posted: 12 Apr 2012 07:21 AM PDT
ပြည်သူ့ဆန္ဒ

နယ်စပ်စစ်ဘေး ပြည်တွင်းရေး
အာရုံထားပါ ဒို့ဗမာ
တားစီးနိုင်လျှက် Law (ဥပဒေ) မထွက်
သိလျှက်နဲ့စေ ငပေတွေ
ပစ်ချင်ရာပစ် စစ်တွေဖြစ်
ဒို့ရင်မှာမကျေ မင်းတို့တွေ
ကျည်ဆံကမြန် သေကြပြန်
ဝုန်းကနဲကွဲ အသေဘဲ
နေ့စဉ်ဖြစ်နေ နယ်စပ်မြေ
ခါးသီးနှောင်ကျင် ပြည်သူ့ရင်
နာကျင်ခံစား ပြည်သူများ
အော့ နှလုံးနာလှ စစ်ဘေးကွ..



စစ်၏အနိဌာရုံကိုစိုးရွံ့မိပါသည်


Posted: 12 Apr 2012 07:19 AM PDT

                         ဒီမိုကရေစီ စနစ်တွင်  နိုင်ငံတော် အလံကို မည်သို့  အဓိပ္ပါယ်ဖွင့်ဆိုသည်မသိပါ....... မည်သို့ ကာကွယ် ထားသည်
မည်သို့ သတ်မှတ်ထားသည် မသိပါ.....
                         သို့သော် လုပ်ချင်သလိုတော့ မလုပ်ရကောင်းမှန်းတော့ သိပါသည်......
                         ယခု မြန်မာနိုင်ငံတွင်လည်း ဒီမိုကရေစီ စနစ်ကို စတင် ကျင့်သုံးနေပါပြီ........ ဘ၀င်မကျပါ.....

                             နိုင်ငံတော် အလံသည်... နိုင်ငံသားတိုင်းအတွက်  အထွဋ် အမြတ်ထားရာ...အလေးအမြတ်ပြုရာ.... နိုင်ငံတော်နှင့် 
နိုင်ငံသားတို့ကို ကိုယ်စားပြုကြောင်း.... တတ်နိုင်သမျှ ကာကွယ်ပေးစေချင်ပါသည်... မကာကွယ်ပါက နိုင်ငံတော် အလံသည် အောက်ပါ
အတိုင်း အောက်ပါ နေရာများသို့ ရောက်ရှိ သွားမည်ဖြစ်ပါကြောင်း............

This posting includes an audio/video/photo media file: Download Now
Posted: 12 Apr 2012 06:37 AM PDT
အနီရောင်က ရဲရင့်ခြင်းနှင့်အောင်မြင်ခြင်း
အ၀ါရောင်က ချမ်းသာခြင်း
ခွပ်ဒေါင်း က အမျိုးသားရေးကိုယ်စားပြုတယ်
စက်ဝန်းက သူရိန် နေမင်းကြီးကိုကိုယ်စားပြုတယ်

မြန်မာ တွေက လမှာ ယုန် ၀ပ်တယ်
နေမှာ ခွပ်ဒေါင်း လို့ အယူရှိတယ်
ရောင်ခြည်တထောင်ဆောင်တဲ့
နေမင်းကြီးက ခွပ်ဒေါင်းဟာ ဖိနိပ်မှု မတရားမှုတွေကို
တွန်လှန်ရန် ခုန်တွက်လာပုံကိုဖေါ်ကြူးထားခြင်းဖြစ်တယ်
 ဒီအဓိပါယ်ဖွင့်ဆိုချက်ကို
လွတ်လပ်ရေးကြိုးပန်းပေးခဲ့တဲ့ ဖခင်ကြီးတွေက
အဓိပါယ်ဖွင့်ဆိုပေးခဲ့ခြင်းဖြစ်ပါတယ်....
(ရဲဇော်ကို)
This posting includes an audio/video/photo media file: Download Now
Posted: 12 Apr 2012 03:36 AM PDT
သင်္ကြန်အကျနေ့ နံနက်ခင်းကလေးသည် ခပ်ပြေပြေနေရောင်ချည်ကလေးကို လွှမ်းခြုံလျက် သာယာလှပေ၏ ။
မိုးကောင်းကင်ကလည်း တိမ်ညိုပြောက်တိပြောက်ကျားနှင့် မအုံ့တအုံ့၊
ရွှင်ရွှင်ပျပျ ခုန်ပေါက်ပြေးလွှားနေသော မိုးလေကလေးကလည်း မအေးတအေး၊
ဆာဆာဝေေ၀ လန်းလန်းဆန်းဆန်း ခါတော်မှီ  သန္ဓေမှီးကြကုန်သော ပိတောက်ဖူးကလေးတို့လည်း မပွင့်တပွင့်။
ထိုသို့သောနံနက်ခင်း၏ ပျံ့သင်းလတ်ဆတ် နူးညံ့လန်းရွှင်သော ထွက်သက်ကိုရှုရှိုက်ရင်း
အိပ်ရာမှနိုးလာသော ကျွန်တော့်မှာ လွမ်းရတော့မလိုလို၊ ရွှင်ရတော့မလိုလိုနှင့်၊
မြစ်ဆုံသို့ ဆန်တက်မျောပါလာသော ဗေဒါပင်ကလေးပမာ၊ ယောင်တောင်တောင်ဖြစ်၍ နေမိ၏ ။
ထိုခဏ၌ ကျွန်တော်တို့ရွာကလေး တောင်ဘက်အစွန်းဆီမှ တထုံထုံမြည်ဟည်းသော အိုးစည်သံသည်
ပိတောက်ဖြင့်ကြိုင်အပ်သောလေပြည်တွင် လေယာဉ်စီး၍လိုက်ပါလာပြီးလျှင်
ကျွန်တော်၏သောတအကြည်အတွင်း ၀င်ရောက်ဆိုက်ကပ်လာ၏ ။
သင်္ကြန်အခါသည် ဘေးမရှိသောအခါဖြစ်၏ ။ အိုးစည်သံသည် ဘေးမရှိသောအသံဖြစ်၏ ။
ဘေးမရှိသောအခါတွင် ဘေးမရှိသောအသံကို ကြးရခြင်းကား စင်စစ်ဝမ်းမြောက်ဖို့ပင်ဖြစ်၏ ။
သို့သော ဖော်ကွာဝေးသူတို့ကား လွှတ်လွှတ်ကျွတ်ကျွတ်ကြီး ၀မ်းမြောက်ပျော်ရွှင်ဖို့ ခဲယဉ်းပေလိမ့်မည်။
--------------------------------------------------------------------------------
အိပ်ရာထက်၌ နံနက်ခင်းက သာယာပြည့်စုံခြင်းကို ပျော်တစ်လှည့် ပျင်းတစ်လှည့်နှင့် စံစားနေခိုက်တွင်
အထက်ပါအိုးစည်သံသည် ကျွန်တော်တို့လမ်းထိပ် ကုက္ကိုပင်ကြီးအောက်ဆီလောက်သို့
ရောက်လာပြီဟု အသံကိုမှန်း၍ ထင်မိ၏ ။
အိုးစည်သံများကလည်း တထုံထုံ၊ လင်းကွင်းကြီးကလည်း တရှပ်ရှပ်၊ လက်ခုပ်မျာကလည်း တဖျောက်ဖျောက်၊
ယင်းတို့အကြားမှ ကြေးပုလွေသံသည် လွန့်၍လွန့်၍ ကျော်လွှားထွက်ပေါ်လာ၏ ။
"စိန်အိုးစည် လွယ်သလေလေ" အစချီသော သီချင်းသံသည် ပုလွေသံနှင့်အတူ
အလုအယက် သူ့ထက်ငါဦးအောင် ထွက်ပေါ်လာ၏ ။
ထူထပ်သောလက်ခုပ်သံကို ထောက်ခြင်းဖြင့် အိုးစည်တိုင်း၏ အရွယ်ပမာဏမှာ မငယ်လှဟု သိရသည်။
မကြာမီအတွင်းဝယ် အိမ်ရှေ့တလင်းတွင် အိုးစည်သားတို့သည် နေရာတကျခင်းကျင်း၍
သီဆို၊ တီးမှုတ်၊ ကခုန်နေကြကြောင်းကို သိရလေ၏ ။
--------------------------------------------------------------------
ကျွန်တော်၏ တစ်ဝက်မျှမကသောအသက်သည် အိုးစ်ာသံ၊ပုလွေသံတို့ ဆိတ်ရာ 'မြို့' တွင်
ကုန်လံန်ခဲ့သည်မှန်သော်လည်း ယင်းအသံတို့၏ ဆွဲငင်သောသတ္တိကား
ကျွန်တော့်အဖို့ သန်စွမ်းတုန်းပင် ရှိသေး၏ ။ ကြားစကပင် နှလုံးသားသည် တရွရွလှုပ်ရှားခဲ့၏ ။
ကခုန်သီဆိုချင်သော 'ငယ်စဉ်ကကျေးတောစိတ်' သည် တစ်ကိုယ်လုံးတွင် ဖြန်းလျက်သွား၏ ။
သို့နှင့်လည်း အိပ်ရာမှ မထ။ ထွေရာလေးပါးကို စဉ်းစားနေတုန်းပင် ရှိသေး၏ ။
ထိုခဏ၌ ကျွန်တော်၏အမည်ကို မေးလိုက်သံကြားရ၍
ကျွန်တော့်တူကလေး လက်ထောက်ချလိုက်သည့်အတိုင်း
ကျွန်တော်၏ ၀မ်းကွဲအစ်ကို၊ ကျောင်းနေဖက်သူငယ်ချင်း ၀မ်းကွဲယောက်ဖတော်သူ ကိုလေးချိုသည်
အိမ်ခန်းတွင်းသို့ ပြေးဝင်လာလျက် ကျွန်တော်အားနိုး၏ ။
ကျွန်တော်လည်းအိပ်ရာမှ လူးလဲထ၍ ကိုလေးချိုခိုင်းစေသည့်အတိုင်း
ပြတင်းပေါက်မှ လှမ်း၍ကြည့်လိုက်ရာ အောက်ပါတို့ကို မြင်ရပါသည်။
-------------------------------------------------------------------
အိုးစည်သားတို့မှာ ကျွန်တော်နှင့် ကစားဖက်၊ ရန်ဖြစ်ဖက်၊ ကျောင်းပြေးဖက် သူငယ်ချင်းများ ဖြစ်ကြ၏ ။
ဘထွေးခိုထံတွင် သူရင်းငှားလုပ်နေသူ ချမ်းအေးကြီးသည် ကျွန်တော့်ကို ပြတင်းဝတွင် မြင်ရသောအခါ
ပါးစပ်မှ ပုလွေတိုကလေးကိုချွတ်၍ သူတို့နှင့်အတူလိုက်ရန် အော်ပြော၏ ။
ကျွန်တော်က ခေါင်းညွတ်၍ပြလိုက်သောအခါ ၀မ်းသာသောအသံဖြင့်
"အဲဒါမှ တို့ဘီအေကွ" ဟု ပြော၍ အခြားသူငယ်ချင်းများမြင်ရလေအောင်
ကျွန်တော့်ဘက်သို့ လက်ညှိုးညွှန်ပြ၏ ။
ဘုန်းကြီးကျောင်းတွင်နေစဉ်က ကုလားဖိုးစိန်ဟု ထင်ပေါ်ကျော်စောခဲ့သော နတ်ကြီးသည်
ပေါရိသာဒကဲ့သို့ ၀တ်ဆင်လျက်လည်းကောင်း၊ အရှေ့ဖျားသား သာအိသည် သုတသောမမင်းကဲ့သို့
ဝတ်ဆင်လျက်လည်းကောင်း၊ ပေါရိသာဒချွတ်ခန်းကို ဇာတ်ခင်းလျက် ရှိကြသည်။
အိုးစည်ဝိုင်းအလယ်တွင်ကား နွားတစ်ကောင်ကို တွေ့ရ၏ ။
အသွေးမှာ ခပ်ညိုညို၊ ကိုယ်ကာယမှာ ခပ်ပိန်ပိန်၊ ထိပ်တွင် ကြာကလေးနှင့်။
ထိုနွားသည် များစွာမအိုလှသေးချေ။ နွားပိန်ကိုအသားထိုး၍ကြည့်လိုက်သည် ဆိုသောနည်းဖြင့်ကြည့်ရာ
ပျိုရွယ်သန်စွမ်းစဉ်အခါက ထိုနွားသည် အလွန်လှပ ခန့်ညားခဲ့ပေရာ၏ ။
အဖိုးတန်ကြေးထိုက်ခဲ့ပေရာ၏ ။ သို့သော် ယခုကဲ့သို့ အိုမင်းမစွမ်း ရှိလာသောအခါ
မကြင်နာသောသခင်သည် ပြုဖူးသောကျေးဇူးကိုမထောက်ပဲ ဆယ့်ငါးကျပ်၊ နှစ်ဆယ်မျှသော
အသပြာနောက်သို့ ကောက်ကောက်ပါလိုက်လျက် နွားသတ်တို့၏လက်တွင်းသို့
သေစာရင်းသွင်းလိုက်သည်မှာ အံ့သြဖွယ်ပင် ဖြစ်တော့၏ ။
"ရှေးအထက်ကာရီ ပဝေသဏီ အခြေက
ရေလိုက်ကြီးမှောက်မှား၍ တို့နောက်သားတစ်စုမှာ
လူ့ဘီလူးအစာ ဟင်းလျတို့အပြီး
ဘူးသီးနှင့်ကြုံသူကြုံ၊ ဖရုံသီးနှင့် ညားသူညား၊
သခွားသီးနှင့်တွဲသူတွဲ၊ ချိုတနဲ ချဉ်တစ်ထွေ
တို့ဖြစ်ပုံအနေနှယ်၊ သေလျှင်လည်းလတ်တလော
ရှင်လျှင်လည်းဖတ်ဖတ်မော၊ အဟောဒုက္ခ ဘယ်အခါတွင်မှ
သက်သာရာမရအောင်၊ တို့ကြမ္မာပြုနည်းကို၊
အသည်းထိအောင် နာလိုက်ပါဘိ၊ ဉာတကာတစ်သင်း မိတ်ရင်းတို့" ဆိုသော
ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ နွးမေတ္တာစာကို ပြေး၍သတိရမိ၏ ။
------------------------------------------------------------------------
ထိုစက်တိုင်နွားကိုဝယ်၍ အသက်ကယ်ဆက်ရန်အတွက် သူငယ်ချင်းတစ်စုတို့သည်
အိုးစည်ဗုံဗေါင်းတီးလျက် အရပ်ကိုလှည့်ပြီး အလှူငွေကောက်ခံနေကြခြင်းဖြစ်၏ ။
နွားကြီးသည် နွားသတ်တို့၏ ကြမ်းကြမ်းတမ်းတမ်း ပြုမူဆဲဆိုရာမှ လွတ်မြောက်ခဲ့၍
အသာအယာ ကိုင်တွယ်ပွတ်သပ်ခြင်းကို ခံရလေသောကြောင့်
အမြီးတခတ်ခတ်နှင့် များစွာပျော်ရွှင်နေသကဲ့သို့ရှိ၏ ။
ထိုနွားကြီးအတွက် "ဆာ" စသော ဘွဲ့ကြီးခရာကြီးတို့ထက် အဆပေါင်းများစွာ
အဖိုးထိုက်အသုံးဝင်သော "ဘေးမဲ့" ဟု ကတ္တရာစေးဖြင့် ရေးခြစ်ထားသော
သံဖြူပြားငယ်ကလေးသည် လည်ပင်းမှ တွဲရရွဲကျလျက်ရှိ၏ ။
နွားသတ်ကုလား၏လက်တွင်သာနေရပါမူ ဤသံဖြူပြားငယ်ဆွဲရာ လည်ပင်းအရပ်သည်
နွားသတ်၏ဓားသွား လေးကင်းပြရာအရပ် ဖြစ်ပေလိမ့်မည်။
ဦးခေါင်းနှင့်တကွ ဦးချိုတို့ကား သပြေပန်း၊ပိတောက်ပန်းတို့ဖြင့် ဝေဆောဆာဆင်ယင်ထား၍
ကျောကုန်းကို ကတ္တီပါကော်ဇောဖြင့် ဖုံးလွှမ်းထား၏ ။
ဤသို့ဆင်ယင်ထားအပ်သော နွားကြီးသည် အိုးစည်ဗုံဗေါင်းသံတို့ဖြင့်
ကတော့မလိုလို၊ ခုန်တော့မလိုလို တရွရွဖြစ်လျက်ရှိ၏ ။
အိုးစည်သံက ဆွဲငင်ခြင်းကြောင့်တစ်ကြောင်း၊ နွားကြီး၏ သနားစဖွယ်သောအဖြစ်က
ဆွဲငင်ခြင်းကြောင့်တစ်ကြောင်း ကျွန်တော်သည် ကပျာကသီ အ၀တ်အစားလဲလှယ်၍
ချမ်းအေးကြီးလက်မှ ပုလွေတိုကလေးကို လုယူပြီး
ထိုဘေးကင်းသောနံနက်က ဘေးကင်းသောအသံတို့နှင့်အတူ
ဘေးကင်းသောအလုပ်ကို လုပ်ဖို့ရာ ဘေးကင်းစွာလိုက်ပါ၍ သွားခဲ့ပါသတည်း။
                               (ဆရာကြီးမင်းသုဝဏ်၏၀တ္ထုတို၊ ဂန္တလောကမဂ္ဂဇင်း၊၁၂၉၃ တပေါင်းလ)
                                                                            ရှာဖွေတင်ပြသူ-မာလာထွေး
Posted: 12 Apr 2012 01:00 AM PDT
ခုတလောဘာမှဟုတ်တဲ့ အရှုပ်ကလေးတွေနဲ့ ကျမစာမရေးဖြစ်တာအတော်ကြာနေပါပြီ။ အလုပ်ရှုပ်တာကော စိတ်မပါတာကောနဲ့ ဘာမှကို မရေးဖြစ်သလို စဉ်းစားမိတဲ့ ကဗျာလေးတွေ၊ စိတ်ကူးနဲ့စာတိုလေးတွေသာချရေးမိခဲ့တယ်။ ဒီကြားထဲ အိမ်ပြောင်းဖို့လုပ်တော့ ပိုစိတ်ရှုပ်အလုပ်ရှုပ်ရတယ်လေ။ ဘာတွေပဲရှုပ်ရှုပ် ရန်ကုန်ကမေမေ့အိမ်ကိုတော့ သိပ်သတိရမိတယ်။ ကျမက အိမ်လွမ်းတတ်သူဆိုတော့ နိုင်ငံခြားရောက်ကာစကမျက်ရည်ခဏခဏကျမိခဲ့တယ်။

သည်ရက်ပိုင်းမှာလည်း သင်္ကြန်နားနီးပြီဆိုတော့ Facebook ၀င်ကြည့်ရင် အိမ်တွေမှာ မုန့်လုပ်စားကြတာတွေ၊ ဘုရားရေသပ်ပယ်တာတွေ တွေ့တော့ မိသားစုကိုပိုလို့သတိရမိတာအမှန်ပါ။ အဲဒီလို မိသားစုနဲ့အတူ နွေးထွေးမူမျိုးကို အိမ်မှာသာရနိုင်တာမှလား။ ဒါနဲ့ကျမလည်း အိမ်အကြောင်းရေးချင်မိတော့တယ်။ တကယ်တော့ အိမ်အကြောင်းဆိုတာပြောမကုန်ဘူးလေ။ အိမ်အကြောင်းရေးသူတွေရှိကြမှာပါ။ ကျမအတွက်တော့ ရေးဖို့တော့စောနေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကျမကိုယ်တိုင်လည်း ခုဆိုမိသားစုအသစ်လေးနဲ့ကိုး။ ရေးချင်စိတ်ရှိနေတော့ ချရေးမိလိုက်တယ်။ အိမ်အသစ်ပြောင်းကာစဆိုတော့ ဘာလိုမလဲ ဘယ်လိုပြင်ဆင်မလဲဆိုတာတွေးရင်း စိတ်ချမ်းသာသလိုဖြစ်မိတယ်။ အိမ်ဆိုတာ ဘယ်နေရာဘယ်အရပ်မှာနေရနေရ နေပူမိုးရွာဒဏ်ကို ကာကွယ်ပေးတဲ့ ကိုယ့်အတွက် နွေးထွေးတဲ့ခိုနားရာလေးလေ။
လူတိုင်းအတွက် ဘ၀မှာမရှိမဖြစ်က နေ့စဉ်ဝမ်းဖြည့်ရမယ့် စားစရာရယ် Shelter လို့ခေါ်တဲ့ခိုနားစရာ အိမ်ရှိမှဖြစ်မယ်လေ။ အိမ်ဆိုတာ ကြီးလို့ရတယ်၊ ငယ်လို့ရတယ်။ မိုးလုံလေလုံ ခိုလှုံနိုင်ဖို့ပဲလိုတယ်၊ ဆင်းရဲလို့ရတယ်၊ ချမ်းသာလို့ရတယ်။ မိသားစုတတွေ စည်းလုံးနွေးထွေးဖို့ပဲလိုတယ်.. တဲ့။ ဟုတ်တာပေါ့။
ကျမအိမ်အကြောင်းရေးမယ်ဆိုတော့ အရင်ဆုံး မိသားစုမောင်နှမတွေရှိတဲ့ မြန်မာပြည်က အိမ်ကို သိပ်သတိရမိပါတယ်။ ကျမဘယ်သွားသွား အိမ်ပြန်ရောက်လို့ အခန်းထဲမှာ လှဲလိုက်ရင်အမောပြေသွားတာပဲလေ။ နေပူထဲက ပင်ပင်ပန်းပန်းနဲ့ပြန်လာလည်း အိမ်ရောက်ခါနီးဆို စိတ်ကလောပြီး ပိုမြန်မြန်ရောက်ချင်မိတယ်။ အမေအဖေက ဘယ်လောက်ဆူဆူ အပြင်ကနဲ့မတူတဲ့ အမောပြေရာနေရာလေးပေါ့။ သင်္ကြန်နီးလို့ဖြစ်ဖြစ် ပိတ်ရက်မှာဖြစ်ဖြစ် တခုခုလုပ်စားရရင် မောင်နှမတတွေစုရုံးစုရုံးနဲ့ ပျော်စရာသိပ်ကောင်းတယ်။
ဒါဟာ အိမ်ရဲ့နွေးထွေးမူတခုပါပဲ။
တကယ်တော့အပြင်မှာ ဘယ်လောက်ပျော်တဲ့သူဖြစ်ဖြစ် အချိန်တန်တော့လည်း အိမ်ပြန်ရစမြဲပါ။ ကျမဆို မေမေတို့နဲ့အတူ အိမ်ထဲမှာနေရတာနှစ်ချိုက်ပေမယ့် အလုပ်ဝင်တော့ ရုံးအပြန်သူငယ်ချင်းတွေနဲ့ လျှောက်သွားလျှောက်စားတော့ မိုးချုပ်မှ အိမ်ပြန်ဖြစ်တယ်။ ဘာပဲပြောပြော အိမ်ရောက်တော့လည်း တကယ်ကို စိတ်လုံခြုံနွေးထွေးမူကိုခံစားရတာပါပဲ။ အပြင်မှာ ပျော်သည်ဖြစ်စေ စိတ်ညစ်လာသည်ဖြစ်စေ ကိုယ့်အိမ်လေးရောက်မှ အမောပြေတော့တာဟာ အမှန်ပါ။ တယောက်ထဲနေသည်ဖြစ်စေ၊ မိသားစုနဲ့နေသည်ဖြစ်စေ မောပန်းလာပြီဆို ဘယ်သူမှဆို အိမ်ကို တမ်းတကြစမြဲပါ။ အကိုအမတွေကျန်မောင်နှမအားလုံး အိမ်ထောင်ကျပြီး အိမ်ခွဲသွားတော့ ဖေဖေရယ် မေမေရယ် ကျမရယ် သည်မိသားစုသုံးရောက်ပဲ ကျန်ခဲ့တော့လည်း အိမ်လေးက ကျမအတွက်နွေးထွေးစမြဲပါပဲ။ ပိတ်ရက်မနက်စောစောဆို ၀ရံတာကနေ အပြင်ကို ဟိုငေးဒီငေးနဲ့ အိမ်ထဲကကြည့်ရတာ အလွန်အရသာရှိတယ်။ အိမ်ထဲက ဖေဖေမေမေတို့ရဲ့ ဘုရားရှစ်ခိုးကန်တော့သံ၊ ရေဒီယို တီဗွီသံကြားရတာလည်း စိတ်ချမ်းသာစရာတမျိုးပါပဲ။ အိမ်သန့်ရှင်းရေးလုပ် ပန်းအိုးထိုးအလှဆင် အခန်းဆီးလိုက်ကာလဲတာလည်း အိမ်အတွက် ပျော်ရွှင်မူ့တမျိုးပေါ့။ ကျမကတော့ ငယ်ငယ်ကထဲက အိမ်လှလှ အခန်းလှလှလေးတွေကို ချစ်တယ်။ သဘောကျတတ်တယ်။ အိမ်မှာ ပန်းပင်လေးတွေစိုက်ထားတာရှိတာလည်း သိပ်သဘောကျတယ်။ မေမေကတော့ ပန်းပင်စိုက်ဝါသနာပါသူတယောက်ပေါ့။ အိမ်မှာ မေမေ့ပန်းပင်လေးတွေပန်းပွင့်တာမြင်တော့ ကိုယ်လည်းစိတ်ချမ်းသာတယ်။ ကိုရီးယားမှာတော့ အိမ်တိုင်းလိုလိုမှာ ပန်းပင်လေးတွေနဲ့လေ။ ခုဆိုနွေဦးဝင်လာပြီဆိုတော့ ပန်းလေးတွေအစီအရီပွင့်လာတော့မယ်။ ကျမတောင် ပန်းပင်လေးတွေဝယ်ထားသေးတယ်။
ခုဆို အိမ်ခန်းအသစ်လေးမှာ ဘာတွေဘယ်လိုလေးထားမယ်ပြင်မယ်နဲ့ စိတ်ကူးမိရင်း လိုတာလေးတွေလိုက်ဝယ်မိတယ်။ ကျမတို့ယူကာစတော့ အခန်းကျဉ်းလေးထဲမှာ နှစ်ယောက်သားဖြစ်သလိုနေခဲ့ကြတာပါ။ အိမ်ထောင်ဦးဆိုတော့ လိုတာတွေများပေမယ့် ကိုယ်ပိုင်အိမ်မဟုတ်တော့ ၀ယ်ထားဖို့သိပ်အဆင်မပြေဘူးပေါ့။ သူများနိုင်ငံမှာကတော့ အဆင်ပြေသလိုနေကြရတာပါပဲ။ အခန်းလေးကဘယ်လောက်ကျဉ်းကျဉ်း ကျမတို့နှစ်ယောက်လုံး အပြင်ကနေအိမ်ကိုပြန်ရောက်မှ အမောပြေပါတော့တယ်။ ကိုယ့်အိမ်လေးမှာ ထမင်းလက်ဆုံအတူစားရင်း ကျေနပ်ရတာအမှန်ပါ။ နောက်တခုက ကိုယ့်အိမ်လေးမှာပဲ ကိုယ်စားချင်တာချက်ပြုတ်စားရတာအဆင်ပြေတာလေ။ အပေါင်းအသင်းနဲ့ ဘယ်လောက်ပဲအပြင်မှာပျော်နေနေ အိမ်ပြန်ဖို့မေ့တဲ့သူတော့ရှိမယ်မထင်ပါဘူး။ ကိုယ်အိပ်စက်အနားယူဖို့ကတော့ စိတ်လုံခြုံမူရှိတဲ့ ကိုယ့်အိမ်လောက်ဘယ်မှာကောင်းပါ့မလဲရှင်။ ယောက်ကျားလေးတွေဟာ အပေါင်းအသင်းနဲ့ သောက်စားပျော်ပါးတတ်တာသဘာဝပေမယ့် ကိုယ့်အိမ်က အခန်းထဲမှာ စာအုပ်လေးဖတ်နေရတဲ့အရသာကတော့မတူဘူးဆိုတာ သူတို့လည်းသိကြမှာပါ။ အပြင်မှာ မိုးရွာလို့ နှင်းကျလို့ နေပူလို့စတဲ့အချိန်တွေမှာ ပိုလို့သိသာစမြဲပဲပေါ့။ ဘယ်လိုအိမ်နဲ့နေရနေရ အချိန်တန်တော့ မိမိအိမ်လို့ခေါ်တဲ့ ခိုနားရာလေးကို ပြန်ရောက်ရင် အမောမပြေတဲ့သူ ရှိမယ်မထင်ပါဘူး။ တချို့ကတော့ အိမ်ကို လစ်လျူရှုထားတတ်ကြတယ်လေ။ အိမ်က အမေမျှော်နေမယ်ဆိုတာ ဇနီးမယားကစောင့်နေမယ်ဆိုတာကို သိပ်မတွေးကြဘူး။ ဘယ်လိုလူဖြစ်ဖြစ် မျှော်နေတဲ့သူဆီပြန်သွားရင် အပြင်ကထက် နွေးထွေးတယ်ဆိုတာ တနေ့တော့ ခံစားရမှာပါ။ အပြင်မှာ ဘယ်နှစ်နာရီ ဘယ်နှစ်ရက်နေနိုင်မှာမို့လို့လဲလေ။
နိုင်ငံရပ်ခြားမှာ နေနေရတဲ့ ရွေ့ပြောင်းအလုပ်သမားတွေတောင် ကိုယ်နေထိုင်ရာအခန်းလေးကို သံယောဇဉ်ရှိကြသေးတာဆိုတော့ ကိုယ့်မိသားစုရှိတဲ့အိမ်ကို သတိမေ့နေတဲ့သူရှိပါ့မလားလို့တွေးမိဖူးတယ်။ ကိုယ်နေထိုင်ရာနေရာလေးဟာ ဘယ်လောက်စုတ်စုတ်ကျဉ်းကျဉ်း ဒါဟာ နွေးထွေးတဲ့ခိုနားရာအိမ်ကလေးမို့ ၀မ်းနည်းချိန် မောပန်းချိန်မှာ လိုအပ်တဲ့နေရာလေးပါ။
ကျမကတော့ အိမ်ကို ချစ်သလို အိမ်ထဲမှာ နေရတာကိုပဲသဘောကျပါတယ်။ ပိတ်ရက်မှာတောင် အိမ်ထဲမှာ စိတ်ရောလူပါ နားနားနေနေ နေရတာကိုနှစ်ခြိုက်တတ်တယ်။ ကိုယ့်အိမ်ထဲမှာ ပန်းအိုးလေးတွေ အရုပ်လေးတွေ ဓါတ်ပုံလေးတွေနဲ့ နေရောင်ခြည်လေးကိုကြည့်ရင်း စိတ်ချမ်းသာမိတယ်။ အိမ်အလှဆင်ရတာကိုလည်း ကြိုက်တယ်လေ။ ပိုက်ဆံတွေအများကြီးရှိဖို့ထက် မိသားစုနွေးထွေးဖို့က ပိုလိုသလိုပါပဲ။ အိမ်မှာလည်း စိတ်ကူးနဲ့ပြင်ဆင်ကြည့်၊ ရှိတာလေးနဲ့ လှအောင်လုပ်ရတာ အကောင်းစားတွေရှိပြီး ပစ်ထားလို့ ရှုပ်ထွေးနေတာထက်စာတော့ ပိုကောင်းတာပေါ့နော်။ သည်နေရာမှာပြောရရင် မိသားစု စိတ်တူကိုယ်တူ စည်းလုံးတာဟာ ပိုကောင်းပါတယ်။ အိမ်ပြင်တော့မယ်ဆိုရင် တက်ညီလက်ညီ ၀ိုင်းဝိုင်းဝန်းဝန်းနဲ့ အတူလုပ်။ ဆေးရောင်ကအစဘာခြယ်မယ်ဆိုတာကို တိုင်ပင် သဘောတူတော့ အိမ်လေးကနေချင်စရာဖြစ်တာပေါ့။ ခုဆိုကျမလုပ်ချင်တာပြင်ဆင်ချင်တာလေးတွေကို အမျိုးသားကိုပြောပြီး အတူလုပ်ကြတော့ စိတ်ပျော်ရွှင်ရပါတယ်။ နောက်ဆို သားလေးရလာရင် အိမ်အတွက်ပို ပျော်စရာကောင်းမယ်လို့ မျှော်လင့်မိပါတယ်။
အိမ်မှာ အလုပ်ကပြန်လာမယ့် ယောက်ကျားကိုအတူမျှော်ရမယ့် အဖော်ကလေး ရှိရင်ဆိုတဲ့ စိတ်ကူးနဲ့ ကျေနပ်မိသေးတယ်။ သည်လိုဆိုတော့ ကျမအလုပ်ကအပြန်ကျောင်းကအပြန်ကို စောင့်နေခဲ့တဲ့ မေမေ့ကို ကိုယ်ချင်းစာမိတော့တယ်။ ကျမလိုပဲ မေမေ့လိုပဲ အမေတိုင်း ဇနီးသည်တိုင်းက အပြင်ကပြန်လာမယ့် သားသမီးနဲ့ ခင်ပွန်းသည်ကို အချိန်တန်လို့ပြန်မလာသေးရင် ဘယ်လောက်များမျှော်နေလိုက်မလဲနော်။ တချို့ဆို မွေးထားတဲ့ခွေးကလေး ကြောင်ကလေးတွေကတောင် အိမ်ကနေမျှော်နေတတ်တာ သတိတရပြောတတ်ကြတယ်။ အိမ်ဆိုတာ တယောက်ထဲနေနေ မိသားစုနဲ့နေနေ အချိန်တန်တော့ ပြန်ရမှာပဲပေါ့ရှင်။ အိမ်ဆိုတာ မောပန်းပြီဆိုရင် ခိုနားဖို့နွေးထွေးတဲ့ ရင်ခွင်ငယ်ကလေးပဲ မဟုတ်ပါလား။ လူတွေကြားထဲက မနာလိုမုန်းတီးမူတွေ အတင်းအဖျင်းတွေကြားက စိတ်ရှုပ်ထွေးစရာတွေကို ရှောင်ရှားရင်း အပန်းခနတာဖြေဖို့ အိမ်ဟာလိုအပ်ပါတယ်။
အချိန်တန်လို့ မောရင် ကိုယ့်ရဲ့အိမ်ကို ပြန်ဖို့မမေ့ပါနဲ့ လို့သာကျမကပြောချင်ပါတော့တယ်။
အင်ကြင်း
This posting includes an audio/video/photo media file: Download Now
Posted: 12 Apr 2012 12:58 AM PDT

ကဗျာဆရား ဇာတိ(ဖျာပုံ)

မနေ့က ကျနော်အလုပ်ကို စီးနေကျမှတ်တိုင်ကနေ ၃၆ ကားစီးပြီး ထွက်လာပါတယ်၊
တာမွေအ၀ိုင်းထိပ်ရောက်တော့ အသံစာစာ စာစာနဲ့ တိုင်းရင်းသူ နှစ်ယောက်
စကားပြောရင်း တက်လာတာကို ကြားလိုက်ရပါတယ်၊(မြင်တော့ မမြင်ရပါ)
ကျနော်ကကားရဲ့ ညာဘက်အခြမ်း ရှေ့ဆုံးရဲ့ နောက်က ခုံမှာပါ၊ သူတို့ကို မမြင်ရပေမဲ့
အသံကိုတော့ အတိုင်းသား ကြားနေရပါတယ် ၊ သူတို့ နှစ်ယောက်ကလဲ ကားပေါ်စရောက်ကတည်းက
စကားပြောနေလိုက်တာ အဆက်မပြတ်ဆိုတော့ ဘာရယ်မဟုတ် အသံလာရာဆီ(ကားရဲ့ဘယ်ဘက်အခြမ်း)
ကျနော့်ရဲ့ တစ်ခုံကျော်ကို လှမ်းကြည့်မိလိုက်ပါတယ်......

အဲ့ဒီအခါကျမှ လားလား...မြင်လိုက်ရတဲ့ မြင်ကွင်းက အလွန်ဆိုးပါတယ်၊
ထိုအမျိုးသမီး ၀တ်ထားတာက ဂါဝန်အကျပ် ဆွဲသားပုံစံမျိုး တိုနံ့နံ့လေးပါ၊
ဒူးနှစ်ချောင်းကို စိထားတာတောင် သူမရဲ့ ဂါဝန်ဘယ်လောက် တိုလဲဆိုတော့
အောက်ခံဘောင်းဘီကိုတောင် မြင်နေရပါတယ် :S အသားကတော့ ဖြူဝင်းနေပြီး
သူ့ပုံစံလဲ အစကတော့ ဘာမှ မဖြစ်ပေမဲ့ ကျနော်ကြည့်မိလိုက်တဲ့ အချိန်မှာ
ကျနော်နဲ့ အတူ စပယ်ယာတွေရော အခြားခရီးသည်တွေရော အကုန်လုံးက ၀ိုင်းပြီး
ကြည့်မိသွားတော့ ထိုအမျိုးသမီး နည်းနည်းတော့ တွန့်သယောင် ဖြစ်သွားပါတယ်၊
ဒါပေမယ့် ခဏလေး အတိုင်းအတာမှာပဲ နဂိုအတိုင်း စကားတပြောပြောနဲ့ ပုံမှန်လို ပြန်ဖြစ်သွားပါတယ်၊

အဓိက ကျနော်ပြောချင်တာက ထိုအမျိုးသမီးရဲ့ အ၀တ်အစားနဲ့ သူ့ရဲ့ သွားလာရေး ခရီးဖြစ်ပါတယ်၊
အနောက်နိုင်ငံအပါအ၀င် မြန်မာနိုင်ငံမှာ သူ့လို ပုံစံမျိုး ၀တ်ဆင်နေတာ အများအပြားပါ၊
ဒါပေမဲ့ ထိုအမျိုးသမီးအများစုဟာ ကိုယ်ပိုင်ကားပေါ်ကနေ ဆင်းတဲ့ လူတန်းစား မဟုတ်ပါ၊
အိမ်ကနေ စထွက်တာနဲ့ ကားပေါ်အခန့်သား ရောက် ၊ ကားပေါ်ကဆင်းလိုက်တာနဲ့ လိုရာခရီးကို
အသာအယာ ရောက်ရှိသွားတဲ့ အနေထားမျိုးတွေပါ၊ အဲ့ဒီအတွက် ထိုသို့ ၀တ်ပါက ဘာမှ ပြောစရာ မရှိသော်လည်း
ခုလို အများနဲ့ ရောထွေးသွားလာရတဲ့ အခါမှာ အခက်အခဲတွေ ရှိလာနိုင်ပါတယ် အဲ့ဒီအခက်အခဲဟာ
သူတစ်ယောက်တည်းတင် မကတော့ပဲ အခြား ခရီးသည်များကိုပါ စိတ်အနှောက်ယှက် ပေးနိုင်ပါတယ်၊
ဟိုတစ်လောက ကျနော်တို့ အမျိုးသမီးသီးသန့်ယဉ်နဲ့ ပက်သက်ပြီး စကားအခြေအတင် ဖြစ်ပွားခဲ့တာနဲ့ ပက်သက်ပြီး
ခုလိုအခြေအနေမျိုးတွေကို ဘယ်လိုပုံစံမျိုးဖြေရှင်းမယ်ဆိုတာကို ကျနော်သိချင်ပါတယ်၊ သူကတော့ ဘာမှမထူးဆန်းတဲ့
မျက်နှာပေးနဲ့ ဘယ်သူမှ ဂရုမစိုက်တဲ့ ဟန်ပန်နဲ့ အေးအေးသက်သာ ဖြစ်နေပေမဲ့ ကျန်လူများမှာ ကျနော်အပါအ၀င် နေမထိ
ထိုင်မသာ ဖြစ်ရတဲ့ အခြေအနေပါ၊

သူလဲ သူ့ဟာသူ ၀တ်ချင်သလို ၀တ် ကျနော်တို့လဲ ကျနော်တို့ဟာ ကျနော်တို့ ဖြစ်ချင်သလိုဖြစ်ပစေဆိုတာကတော့
တစ်ဖက်စောင်းနင်း ဆန်မယ်လို့ ထင်ပါတယ်၊ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးလို့ ကျနော်မပြောလိုပါ၊
ခုချိန်မှာ မြန်မာ့ယဉ်ကျေးမှုဟာ မရှိသလောက်ကို ပပျောက်နေပါပြီ အဲ့ဒီအတွက် ၀တ်ချင်သလို ၀တ်ကြပါစေပေါ့၊
ဒါပေမဲ့ ခုလိုမျိုး ကိုယ်ဝတ်ထားတဲ့ အ၀တ်အစား ကိုယ်သွားမဲ့ခရီးလမ်းကြောင်းနဲ့ ကိုယ်ခဏတာ ဖြတ်သန်းရမယ့်
အခြေအနေတွေကို တွက်ချက်သင့်ပါတယ်၊ ၃၆ ကားဆိုတော့ ခုံတန်းတွေက အတန်းလိုက် ဖြစ်တဲ့အတွက် နောက်လှည့်ကြည့်မှသာ
မြင်ရမယ့် မြင်ကွင်းမျိုးပါ ၊ အကယ်၍ ဟိုင်းလတ်ကားအမျိုးအစားဆိုရင်တော့ ဆိုဖွယ်ရာ မရှိတော့ပါ၊
ထိုကားသေးလေးပေါ်တွင်လဲ ကြုံဖူးပါသည်၊ အဲ့ဒီအခါ သူတို့က ပါလာတဲ့ ပစ္စည်းတွေကို ပေါင်ပေါ်တင်ပြီး
စီးနင်းလိုက်ပါလာလေ့ ရှိပါတယ်၊ အခု ထိုအမျိုးသမီးလက်ထဲမှာ ဘာမှ ပါမလာပါ ၊ ထိုပုံစံအတိုင်း ဘယ်အထိ လိုက်ပါသွားလဲဆိုတာတော့
မသိပါ ၊ ဈေးကွေ့မှတ်တိုင်ရောက်တော့ ကျနော်ဆင်းလိုက်ပါတယ်၊ မဆင်းခင်အချိန်အတွင်းမှာလဲ စပယ်ယာရဲ့ မျက်လုံးကို ကြည့်မိတော့
ထိုနေရာမှာ မခွာတော့ပါ၊ ထို့အတူပဲ အခြားခရီးသည်များလဲ ထိုအတိုင်းသာ ဖြစ်ပါလိမ့်မည်၊ သူတောင် ၀တ်ရဲတာပဲ ငါတို့က ဘာလို့
မကြည့်ရဲရမှာလဲဆိုတာက အမြဲတမ်း မမှန်ပါ၊ သူ့မှာ စဉ်းစားဆင်ခြင်ဥာဏ်မရှိ၍ လုပ်ချင်သလို လုပ်လိုက်တဲ့ အရာကို
ကိုယ်ကလဲ သူနှင့်အတူ လိုက်လံရောရောင်၍ မဖြစ်ပါ၊ ပြောင်းလဲလာသော မြန်မာနိုင်ငံအခြေအနေနဲ့ ပြောင်းလဲလာသော
လူတွေရဲ့ စိတ်ဟာ ဘယ်လိုမှ လိုက်ဖက်မှု မရှိသေးပါ၊ ပြောင်းလဲမှုကို အခြေခံပြီး နိုင်ငံလဲ ပြောင်းပြီ ငါတို့လဲ ပြောင်းမှ ဖြစ်မယ်
ဒါမှမဟုတ် နိုင်ငံက သူ့ဟာသူ ပြောင်းတာ ငါတို့က ဘာပြောင်းစရာ လိုလို့လဲ ဒါမှမဟုတ် နိုင်ငံအခြေအနေ ပြောင်းတာကို အခွင့်ကောင်းယူပြီး
ကိုယ်တစ်ဦးတစ်ယောက် ကောင်းစားဖို့အတွက် ကိုယ်တစ်ဦးတစ်ယောက် စိတ်ကျေနပ်မှု အပြည့်ရဖို့အတွက် အရာရာကို လုပ်ချင်သလို လုပ်နေတယ်ဆိုတာကတော့
မကောင်းပါ၊ ကိုယ်နဲ့ တန်ရာတန်ရာကိုသာ လုပ်ဆောင်သင့်ပါတယ်၊ အစောနက ပြောသလို ကိုယ်ပိုင်ကားစီးပြီး အတိုဝတ်တာထက်
ခုလိုမျိုး လိုင်းကားပေါ်မှာ အတိုဝတ်တာဟာ ဘယ်လိုမှ လိုက်ဖက်မှု မရှိပါ၊ တစ်ခု ကံကောင်းတာက ကားချောင်နေတဲ့ အချိန်လဲ ဖြစ်တဲ့ အတွက်
သူ့ခမျာ အဆင်ပြေသွားတာပါ၊ အကယ်၍ ကားကျပ်ကျပ်အချိန်နဲ့သာ တိုးခဲ့မယ်ဆိုရင်တော့ မတွေးဝံ့စရာပါပဲ ဂါဝန်အရှည်နဲ့ အောက်ခံဘောင်းဘီရဲ့
အောက်အနားစဟာ တန်းတူညီနီးပါးပါပဲ ဒါဆိုရင် တွေးကြည့်ပါ ၊ ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ ၀ီစီလဲ ကယ်နိုင်မည် မထင်ပါ၊
အဲ့ဒီလို အနေထားမျိုးကြောင့် မတော်တရော် လုပ်လိုက်တယ်ဆိုရင် သူ့ရဲ့ အပြစ်လား မတော်တရော် လုပ်တဲ့ကောင်ရဲ့ အပြစ်လားဆိုတာ
စာဖတ်သူများ စဉ်းစားကြည့်ကြပါကုန်။


ဇာတိ(ဖျာပုံ)
2.3.2012
4:27PM


မှတ်ချက် (၁) - အောက်ခံဘောင်းဘီအရောင်မှာ အနက်ရောင် ဖြစ်သည်။
မှတ်ချက်(၂) - ထိုသို့ တွေ့လိုက်သည့် ခဏလေးအတိုင်းအတာတွင်
ကျနော့် စိတ်မှာ ယောက်ယက်ခက်သွားပါသည်။ (၀န်ခံပါသည်)
Posted: 12 Apr 2012 12:57 AM PDT


လတန်ခူးပေမို့၊ အလှထူးပါဘိ၊ မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။

တကယ်တမ်းသာဖြင့် ဘယ်ပန်းသော် စံမတူဘူ့၊ နန္ဒမူ ဖန်ဂူထိပ်မှာလ၊ ပစ္စေကာ ချွေးတော်သိပ်ရတယ်၊ ဧရိပ်ဆာယာ။

တစ်နှစ်တွင် သည်တစ်လ ပေပ တစ်လတွင် တစ်ရက်ထဲ၊ ခက်ခဲတဲ့ ရက်ဗုဒ္ဓါ၊ ပွင့်ရှာကြ စုံမြိုင်တွင်း။

မြူမင်းလွင်ထန်၊ ကြူသင်းတာချိန်ယံမတော့၊ ရွှေဝတ်ဆံငုံတံ ညှောက်ကယ်နှင့် သင်္ကြန်ဂိံမှန် ရောက်ပြန်တော့ သိန်သရေ ထိန်ဝေလို့ တောက်တဲ့ပြင် လမ်းတစ်လျှောက် သင်းပါဘိ၊ ဆန်းသလောက် မလင်းနိုင်ဘူ့၊ ပန်းပိတောက်မင်း။

တန်ခူးလသည် မြန်မာ့ ဆယ့်နှစ်လတွင် ပထမဦးဆုံးလဖြစ်၏။ ဤလ၏ လပြည့်ညတွင် စိတြနက္ခတ်သည် လပြည့်ဝန်းနှင့် ယှဉ်ပြိုင်၍ ထွန်းလင်း တောက်ပကွန့်မြူးသည်။ ဤလ၏ ရာသီမှာ မိဿရာသီ၊ ယှဉ်တာရာမှာ တံငါတာရာ၊ ရာသီရုပ် ပုံသဏ္ဌာန်မှာ ဆိတ်ရုပ် ပုံသဏ္ဌာန်၊ ရာသီပန်းမှာ ကံ့ကော်ပန်း၊ ရင်ခတ်ပန်း၊ ပိတောက်ပန်း ဖြစ်၍ ရာသီပွဲတော်မှာ သင်္ကြန်ပွဲတော် ဖြစ်လေသည်။

ဤတန်ခူးလကို ပုဂံခေတ် ထိုးကျောက်စာတို့၌ “တန်ခူ” ဟု ရှေ့နောက် အက္ခရာ နှစ်ခုစလုံး၌ ရှေ့ပေါက်မပါဘဲ ရေးသည်ကို တွေ့ရ၏။ ၀ိသဇ္ဇနီ အရေးအသား ပေါ်လာပြီဖြစ်သော အင်းဝခေတ်သို့ ရောက်သောအခါတွင်မူ “တန်ခူး”ဟု ရေးသားလာသည်ကို တွေ့ရသည်။

ဒုတိယ အင်းဝခေတ် အနောက်ဘက်လွန်မင်း လက်ထက်တွင် မင်းဇေယရန္တမိတ်က “ပုရစ်ဖြာစီ”ချီရတုတွင် -

“တန်ခူးရာသီ တိုင်ခဲ့ပြီ၊ ဆန်းထူးဝါနီ လိုင်ခဲ့ပြီ၊ သွန်းမြူး ဖြာစီ အိုင်ခဲ့ပြီ”ဟု ကာရန် သုံးချက်အညီအချ ရေးဖွဲ့ထားသည်ကို လည်းကောင်း၊ တောင်ငူခေတ် တောင်ငူဘုရင် နတ်ရှင်နောင်က ၎င်း၏ ရတုတွင် -

“ဘယ်ဝေ့ညာကူး၊ ပုံမထူးသည်၊ တန်ခူးလေလျော်တော့၏။”ဟု သီကုံး ဖွဲ့နွဲ့ထားသည်ကို လည်းကောင်း တွေ့ရှိရပေသည်။

ဦးဖိုးလတ်ရေး မြန်မာအမည်များကျမ်း၌ -

“တန်ခူးလတွင် တန်းပုဒ်သည် ပါဠိဘာသာ တာလပုဒ်မှ ဆင်းသက်လာ၍ ထန်းဟော ဖြစ်ကြောင်း၊ တပို့တွဲအကြောင်း၌ အကျယ်ဖော်ပြပြီးဖြစ်ရာ ခူး၏ အနက်ကိုသာ ကောက်ယူရန် လိုပေတော့သည်။ ခူး၏ အနက်ကိုလည်း ကတ်သတ်နိုက်ချွတ်၍ တွေးတောနေရန် မလို။ “ပန်းခူး၊ ဟင်းရွက်ခူး၊ ဟင်းသီးခူး၊ ဆွတ်ခူး” ဆိုသည်တို့၌ ကဲ့သို့ ဆွတ်၊ ခြွေဟုသာ အလွယ်တကူ ကောက်ယူရာ၏။ တန်ခူးဆိုရာ၌ “ထန်းသီး ကိုခူး၊ ထန်းသီးကို ဆွတ်၊ ခြွေ”ဟု အသွယ်မ၀ိုက် တိုက်ရိုက်အနက် ပေါ်ထွက်ချေ၏။ တပို့တွဲလ၌ ထန်းမပင်များမှ ထွက်သည့် ထန်းပို့ (၀ါ) ထန်းဖူး၊ ထန်းခိုင်တို့သည် တန်ခူးလသို့ ရောက်သောအခါ အဆန်းတည်စပြုသော အသီးများကို ဆောင်လျက် ရှိကြတော့သဖြင့် လူတို့သည် ယင်းအသီးများကို စားရန် ခူးနိုင် ဆွတ်ခြေနိုင် ကြတော့လေ၏” ဟု ဖော်ပြထားလေသည်။

သို့ဖြစ်၍ “ထန်းခူးလ” (၀ါ) “တန်ခူးလ” ဟူသည်မှာ “ထန်းဆွတ် လ၊ ထန်းသီးဆွတ် လ”ဟူ၍ အဓိပ္ပာယ် ရလေသည်။

ဤတန်ခူးလကို “တာကူးလ”ဟူ၍လည်း ရေးသားခေါ်ဝေါ်ကြ ပေသေးသည်။

ဦးဖိုးလတ်ရေး မြန်မာလ အမည်များကျမ်း၌ပင် -

“မြန်မာဘာသာ တာ၊ အတာတို့၏ အသုံးပရိယာယ်များနှင့် မြန်မာနှင့် အနွယ်တူ ဘာသာတို့တွင် မိတ်တူပုဒ်များ၏ အနက်များကို ထောက်သဖြင့် တာ၊ အတာတို့သည် အချိန်အခါ၊ ရာသီဥတု၊ ရတု၊ နှစ်ဟော ဖြစ်ကြောင်း ယုံမှား သံသယ မရှိရာ။ တာကူး၊ အတာကူး ဆိုရာ၌ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အခြားကာလ၏ အပိုင်းအခြားဖြစ်သော လ၊ ရာသီဥတု၊ ရတု တို့ကို မယူနိုင်။ နှစ်ကိုသာ ယူနိုင်ကြောင်း အထူး သတိပြုအပ်လေသည်။

“ထို့ကြောင့် တာကူး၊ အတာကူးတို့၏ အနက် နှစ်ကူးဖြစ်၍ တာကူးလ၊ အတာကူးလတို့၏ အနက် နှစ်ကူးလ ဖြစ်လေသည်”ဟု ဖော်ပြထားလေသည်။

သို့ဖြစ်၍ “တာကူးလ ဟူသည်မှာ နှစ်ကူးလ” (၀ါ) နှစ်ပြောင်းလ”ဟူ၍ အဓိပ္ပာယ် ရလေသည်။

ဤတန်ခူးလနှင့် ပတ်သက်၍ ရှေး စာ ဆို တော် အသီးသီးက ရူထောင့် အစုံစုံမှ ရူမြင်ကာ အမျိုးမျိုး အဖုံဖုံ ရေးဖွဲ့ သီကုံး၍ မှတ်တမ်းတင်ခဲ့ကြပေသည်။

စာဆိုတော် ဦးပုညက ၎င်း၏ ဆယ့်နှစ်ရာသီဘွဲ့ တေးထပ်များတွင် ဤတန်ခူးလဘွဲ့ တေးထပ်၌-

“ဆယ့်နှစ်လီ ဒွါဒရမှာ၊ ခါမိဿရာသီ၊ ရင်းအစ ဦးချီသည်၊ လတွင်မည် တန်ခူး၊ စိတြကြယ် ပြောင်ငယ်၊ ညဉ့်သန်ခေါင်ကျခါမှ မြူး။ နေ့နှင့်ည နာရီမှာ သုံးဆယ်စီ မကြူး၊ နှစ်လုံးညီ တစ်ပါဒ်ကူးလို့၊ နှစ်သစ်ဦးတစ်ခါ၊ ပန်းကံ့ကော် ရွှေရင်ခတ်ကယ်တို့၊ ဖူးပွင့်ချပ်စီလို့သာဖြာ။ တည့်သုံးဖ၀ါး ရိပ်ဆာယာမှာ တူမကွာ မောင်မယ်နွှဲလို၊ မြတ်သည့်ပွဲ သင်္ကြန်တော်၊ တီးခြိမ့်ခြိမ့်ကြော်၊ ထီးကမ္ဗုရိပ်ပျော်ငယ်၊ ခေါင်းလျှော်တော် မူမြဲထင့်လေ” ဟူ၍ ဖွဲ့နွဲ့သီကုံး စာပန်ချီ ခြယ်မူန်း၍ မှတ်တမ်းတင်ခဲ့ပေသည်။

စာဆိုတော် မဟာ အတုလ မင်းကြီးကလည်း ၎င်း၏ ဆယ့်နှစ်ရာသီဘွဲ့ လွမ်းချင်းများတွင် ဤတန်ခူးလဘွဲ့ လွမ်းချင်း၌ -

“ထပ်ထပ်သာ စောတော့တယ်၊ မြကြောငယ်ရစ်သီ၊ ကိုက်ဖူး ငယ်စီသည်။ ပွင့်သိင်္ဂီ ရွှေရင်ခတ်ကယ်တို့၊ ရှစ်ရပ်ကယ် နယ်တစ်ခိုက စိုလှတယ်လေး။

နွေခါမှီငယ်၊ ရာသီမိဿ၊ ဂိမှာနမို့၊ စိတြကြယ် တိမ်မိုးလယ်မှာ၊ စံပယ်ကွန့်ကာ၊ တိမ်ဗွေချာဝယ်၊ ဒေသစာလှမ်း၊ လှည့်လည်ငယ်မြန်းလို့၊ နှစ်ဆန်းငယ် သင်္ကြန်၊ သစ်သစ်သာ ဖန်တော့တယ်၊ နိုင်ငံကြော့ ပြည်သူမှာ ပန်ဆုယူ တာရေသွန်းချိန်မို့၊ လွမ်းလှတယ်လေး” ဟူ၍ ရေးသီဖွဲ့နွဲ့ စာပန်းချီချဲ့၍ မှတ်တမ်းတင်ခဲ့ပေသည်။

ဤတန်ခူးလသည် နွေဥတုတွင် ပါဝင်၏။ နွေရာသီသို့ ၀င်ရောက်လာသည်မှာ လ၀က်မျှသာ ရှိသေးသော်လည်း အလွန် ပူပြင်းနေပေပြီ။ “တန်ခူး ရေကုန်၊ ကဆုန် ရေခန်း” ဟူသော စာဆိုနှင့်အညီ အချို့သော ချောင်း၊ မြောင်း၊ ရေတွင်း၊ ရေကန်များတွင် ရေခန်းစ ပြုနေပြီ။

စာဆိုတော် ရှင်ဥတ္တမကျော်၏ “သဘင်ဂိမှန်၊ တာသင်္ကြန်ဟု၊ လေပြန်လွှင့်ကူ၊ ဘုံသစ်ထူ၍”ဟူသော တာလား အဖွဲ့အနွဲ့ အတိုင်းပင် ရောင်ခြည်တစ်ထောင် အလင်းဆောင် ဒေါင်း ဖန် ၀ါ နေမင်းကြီး၏ အပူရှိန်ကြောင့် မြစိမ်းရောင် သစ်ရွက်တို့သည် ရွှေဝါရောင်သို့ ကူးပြောင်း ခြောက်သွေ့ကာ တောင်ပြန်လေနှင့် မြောက်ပြန်လေတို့ ဆန့်ကျင်အတွေ့ တိုးအဝှေ့တွင် ကြွေကျ မြေခသဖြင့် တစ်တောလုံး ရှင်းလင်းနေ ပေတော့သည်။ သို့ဖြစ်ရာ သစ်ပင်တို့မှာမူ ရိုးတံကျဲကျဲ နေပူထဲတွင် ရှိနေကြပြီ။

ဤတန်ခူးလတွင် အပူရှိန် ပြင်းလာပြီ ဖြစ်သော်လည်း မိုးနှင့်ကား မကင်းပါချေ။ “တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး”ဟူသော မိုးလင်္ကာ အတိုင်းပင် ဤနှစ်သစ်ကူး တန်ခူးလ ခါသမယတွင် မိုး တစ်ကြိမ် နှစ်ကြိမ် ရွာသွန်းလေ့ရှိသည်။ ထိုမိုးကို ဖက်ဆွတ်မိုး၊ သင်္ကြန်မိုးဟု ခေါ်သည်။ မြေသို့ သက်လျှော ကြွေကျနေသည့် ဖက်ရွက်ခြောက်၊ သစ်ရွက်ခြောက်များကို မိုးရေဖြင့် တိုက်စား ခြွေဆွတ် ယူဆောင်သွားသောကြောင့် ထိုမိုးကို ဖက်ဆွတ်မိုးဟု ခေါ်ခြင်းဖြစ်သည်။ သင်္ကြန်ကာလတွင် ရွာသွန်းသော မိုးဖြစ်သဖြင့် ထိုမိုးကို သင်္ကြန်မိုးဟုလည်း ခေါ်ခြင်းဖြစ်သည်။

ထို ဖက်ဆွတ်မိုး (၀ါ) သင်္ကြန်မိုး ရွာသွန်းဖြိုးလိုက်သည့် အခါတွင် အရိုးပြိုင်းပြိုင်း ထနေသော သစ်ပင်၊ သစ်ကိုင်းတို့တွင်ရွက်သစ်၊ ရွက်နု ကလေးများ ပေါ်ထွက်လာလေသည်။ တန်ခူး၏ နေပူရှိန်ကြောင့် ကျက်နေသည့် မဟာပထ၀ီ မြေကြီးတွင်လည်း မြေသင်းရနံ့များ သင်းပျံ့လာလေသည်။ ယင်းသို့ မြေသင်း ရနံ့များ သင်းပျံ့ပုံကို စာဆိုတော် ရှင်အဂ္ဂသမာဓိက ဘုံခန်းပျို့တွင် -

“ခါလည်လှလှ၊ ရတုသစ်သစ်၊ သရစ်ပေါ်ပေါ်၊ သာပျော်ရွှန်းရွှန်း၊ ကိန်းခန်းသင့်မော၊ ရွက်ရင့်လျှော့၍ ရွက်ကျောနုလှန်၊ ရွက်သစ်ပြန်တည့်၊ ပန်းမန်ငုံကင်း၊ သုတ်လေညင်းနှင့်၊ မြေသင်းနံ့နံ့၊ တပျံ့ပျူးပျူး၊ မင်းလွင်မြူးလျက်၊ တန်ခူးလည်းကုန်၊ လကဆုန်သည် ပဇ္ဇုန်ရိုက်မြည်း ချုန်းချုန်းတည်း။” ဟု ရေးဖွဲ့ မှတ်တမ်း တင်ခဲ့လေသည်။

ဤတန်ခူးလတွင် နေ့တာ၊ ညတာ ညီမျှသည်။ ရှေးမြန်မာမင်းများ အသုံးပြုသော ရေနာရီအရ နေ့ ၃၀-နာရီရှိ၍ ည ၃၀-နာရီ ရှိသည်။ စက်နာရီအရ နံနက် ၆-နာရီတွင် နေထွက်၍ ညနေ ၆-နာရတွင် နေ၀င်သည်။ မွန်းတည့်ဖ၀ါးမှာ ၃-ဖ၀ါး ဖြစ်သည်။ ဤလသည် ရက် မစုံလ ဖြစ်၏။

ဤ တန်ခူးလ၏ ရာသီပွဲတော်သည် သင်္ကြန်ပွဲတော် ဖြစ်၏ ယင်းသင်္ကြန် ပွဲတော်သည် မြန်မာတို့၏ နှစ်သစ်ကူးပွဲတော်ပင် ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ယဉ်ကျေးသော လူမျိုးတိုင်းသည် နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးသည့် ခါသမယကို အလေးအမြတ် ထားကြသည်။ မိမိတို့၏ ရိုးရာ ယဉ်ကျေးမူ ဓလေ့ထုံးစံအလိုက် နှစ်သစ်ကူး ပွဲတော်များ ကျင်းပကာ နှစ်သစ်ကို ကြိုဆိုကြသည်။ မြန်မာတို့သည်လည်း နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးသည့် ချိန်သမယတွင် နှစ်သစ်ကူး ပွဲတော်ကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပကာ နှစ်သစ်ကို ကြိုဆိုမြဲ ဖြစ်ပေသည်။

“သင်္ကြန်” ဟူသော စကားသည် “သင်္ကြာန္တ” ဟူသော သက္ကပုတပုဒ်နှင့် “သင်္ကန္တ” ဟူသော ပါဠိပုဒ်တို့မှ ပြောင်းလဲ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်ဟု ယူဆကြသည်။ သက္ကတ ဘာသာ သင်္ကြာန္တပုဒ်နှင့် ပါဠိဘာသာ သင်္ကန္တပုဒ်တို့၏ အဓိပ္ပာယ်မှာ အတူတူ ဖြစ်သည်။ “ပြောင်းရွှေ့ခြင်း၊ ကူးပြောင်းခြင်း” ဟု ချည်းသာ အဓိပ္ပာယ် ရလေသည်။

ထိုသို့ ပြောင်းရွှေ့ခြင်း၊ ကူးပြောင်းခြင်း အဓိပ္ပာယ်ဆောင်သည့် သင်္ကြန် ဟူသော ဝေါဟာရ၏ ပြောင်းရွှေ့ပုံ၊ ကူးပြောင်းပုံသဘောတို့ကို ပညာရှင်တို့ အမျိုးမျိုး ဖွင့်ဆိုကြသည်။ ဝေဒ၀ါဒီ ဗေဒင် ပညာရှင်တို့က တနင်္ဂနွေ ဂြိုဟ်မင်း မိန်ရာသီမှ မိဿရာသီသို့ ကူးပြောင်းချိန် ကျရောက်သည်ကို သင်္ကြန်ကျသည်ဟု ယူဆကြသည်။ ဗြဟ္မဏ ၀ါဒီ ပညာရှင်တို့ကမူ “က၀ါလမိုင်း ပုံပြင်” ကို ကိုးကား၍ ဗြဟ္မာမင်း၏ ဦးခေါင်းကို အလှည့်ကျပွေ့ချီထားရသည့် နတ်သမီး တစ်ဦးမှ တစ်ဦး လက်သို့ ပြောင်းရွှေ့ပေးချိန် ကျရောက်သည်ကို သင်္ကြန်ကျသည်ဟု ယူဆကြလေသည်။

ယင်းသို့ တနင်္ဂနွေဂြိုလ်မင်း ရာသီပြောင်းခြင်းကို စွဲ၍လည်းကောင်း၊ သင်္ကြန်ပွဲတော် ဖြစ်လာသည်ဟု ယူဆကြသော်လည်း သင်္ကြန်ဟူသော ဝေါဟာရတွင် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်း အဓိပ္ပာယ်လည်း သက်ဝင်လျက် ရှိနေပေသည်။

ကမ္ဘာပေါ်တွင် လူမျိုး အသီးသီး ရှိသည်။ ထိုလူမျိုး အသီးသီးတို့တွင် ကိုယ့်စရိုက် ကိုယ့်ဘာသာ အလိုက် နှစ်များကို ရေတွက်သည့် အစဉ်အလာများ ရှိခဲ့သည်။ ထို အစဉ်အလာများသည် လူ့ယဉ်ကျေးမူ စတင် ထွန်းကားလာသည့် အချိန်မှစ၍ နှစ်သစ်ကူးခြင်းဟူသော ဝေါဟာရလည်း ပေါ်ထွန်းလာပေသည်။ သို့သော်လည်း မည်သည့် အချိန်၊ မည်သည့် ခုနှစ် သက္ကရာဇ်မှ စ၍ နှစ်သစ်ကူးပွဲ ကျင်းပလာခဲ့သည်ကိုမူ အတိအကျဆိုရန် ခဲယဉ်း လှပေသည်။

မြန်မာနိုင်ငံတွင်လည်း ယဉ်ကျေးမူ အဆင့်အတန်း မြင့်မားနေပြီ ဖြစ်သော ပဒေသရာဇ် ခေတ်ဦး တကောင်းခေတ်ကပင် နှစ်သစ်ကူး ပွဲတော်များ ကျင်းပလာခဲ့သည်ဟု ယူဆရပေသည်။ သို့သော်လည်း အထောက်အထား တစ်စုံ တစ်ရာ မတွေ့ရသေးပေ။

သို့ရာတွင် သက္ကရာဇ် ၆၅၃-ခုနှစ်စွဲ၊ ပုဂံမြို့ စောလှဝင်း ဘုရား ကျောက်စာ(ကျော ၂၂၊ ၂၃) တွင် “မီဖုန်၊ သင်္ကြန်၊ စာရိယ်၊ ညောင်” ရိယ်သွန်၊ မပြတ်စိယ်လျှင်တည်၏”ဟု ရေးထိုးထားသည်ကို ထောက်ရူလျှင်မူ ပုဂံခေတ်၌ သင်္ကြန်ဟု ခေါ်သည့် နှစ်သစ်ကူးပွဲတော် ကျင်းပနေပြီဖြစ်ကြောင်း သိသာ ထင်ရှားလှပေသည်။
ရှေးမြန်မာဘုရင်များ လက်ထက်က သင်္ကြန်အခါတော်ကို နန်းတော်ရှိပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတို့က ဗေဒင်ကျမ်းများနှင့် အညီ တွက်ချက်ပေးရသည်။ နန်းတော်တွင် ဗေဒင်ကျမ်း၊ ဆန်းကျမ်း၊ နက္ခတ်ကျမ်း စသည်တို့၌ တဖက်ကမ်းခတ် တတ်မြောက်သည့် မြန်မာလူမျိုး၊ ပုဏ္ဏားလူမျိုး ပညာရှိတို့သည် နှစ်စဉ်ပင် မည်သည့်နှစ်တွင် ၀ါထပ်မည်၊ မထပ်မည်၊ ၀ါကြီးထပ်မည်၊ ၀ါငယ်ထပ်မည်၊ ရက်ငင်မည်၊ မည်သည့်ဂြိုလ် အကောက်သွားမည်၊ မည်သည့်ဂြိုဟ် အဖြောင့်သွားမည်၊ နေကြတ်မည်၊ လကြတ်မည်၊ ငလျင်လူပ်မည်၊ တော်လည်းမည်၊ စစ်ဖြစ်မည်၊ မိုးသုံးပါးလုံး ဖြောင့်မည်၊ မဖြောင့်မည်၊ စပါးသီးနှံများ ကောင်းမည်၊ မကောင်းမည်၊ စီးပွားရေး ကောင်းမည်၊ မကောင်းမည်၊ တိုင်းပြည်၏ အရေးအခင်းများ မည်သို့ ရှိမည်။ မရှိမည် စသည်တို့ကို တွက်ချက်၍ ဗေဒင်ဟောစာတမ်း ရေးပြီး ဘုရင့်ထံ ဆက်သွင်းကြသည်။

တိုင်းပြည်အတွက် တစ်နှစ်တာ ဟောစာတမ်းကို ဘုရင်က သာသနာပိုင် ဆရာတော်အား ပြသရသည်။ သာသနာတော်ပိုင် ဆရာတော်သည် ပညာရှိများ တွက်ချက်ယူဆပုံနှင့် ကိုက်ညီမညီကို ညှိနိုင်း စိစစ်၍ သင့်မြတ်ပါက ယင်းဟောစာတမ်းကို ဘုရင်အား ထုတ်ဝေရန် အကြံပေးရသည်။ ဘုရင်သည် ထိုဟောစာတမ်းကို ထုတ်ဝေ ဖြန့်ချိ၍ တိုင်းပြည်သို့ တစ်နှစ် တစ်ကြိမ် အသိပေးရသည်။ ထိုဟောစာတမ်းကို “သင်္ကြန်စာ”ဟု ခေါ်ကြသည်။ တိုင်းသူ ပြည်သားတို့သည် ထိုသင်္ကြန်စာကို စိတ်ဝင်စားကြသည်။ လေ့လာ မှတ်သားကြသည်။
သင်္ကြန်စာသည် ဘုရားဟော ဒေသနာတော် မဟုတ်ပါပေ။ ဗေဒင်ကျမ်းများအရ ဗေဒင်ပညာရှင်များက အတတ်ပညာ စွမ်းပကားဖြင့် တွက်ချက် ဖော်ထုတ်ထားသည့် နိုင်ငံတော်အတွက် တစ်နှစ်တာ ဟောစာတမ်းသာ ဖြစ်ပေသည်။ သို့ဖြစ်ခြင်းကြောင့် သင်္ကြန်စာပါ ဟောဆိုချက်များတွင် မှန်သည့်အရာများလည်းပါရှိပေသည်။ သို့သော်လည်း ရှေး မြန်မာဘုရင်များ လက်ထက်တွင် သတင်းစာပင် မပေါ်သေးသဖြင့် တိုင်းသူပြည်သားများသည် တိုင်းပြည်ရေးရာ ကိစ္စများ အတွက် သက်ြန်စာကိုသာ အားကိုး အားထား ပြုကြရသည်။ ယောက်ျား၊ မိန်းမ၊ ကလး၊ လူကြီး၊ လူငယ်၊ လူရွယ် မကျန် သင်္ကြန်စာကို စိတ်ဝင်စားကြသည်။ အထူးသဖြင့် တောင်သူ လယ်သမားကြီးတို့သည် စိုက်ရေး ပျိုးရေး လုပ်ငန်းများအတွက် သင်္ကြန်စာကို ယုံကြည် ကြသည်။ အားကိုးကြသည်။

နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းသည် နှစ်လိုဖွယ်ရာ ကောင်းသော အရာ ဖြစ်သည်။ သို့ဖြစ်၍ လူမျိုးတိုင်းက နှစ်သစ်ကူး ပြောင်းခြင်းကို မင်္ဂလာရှိသော အရာဟု ခံယူကြသည်။ သို့ရာတွင် ထိုမင်္ဂလာရှိသော နှစ်သစ်ကူးပြောင်းခြင်းကို ကြိုဆိုကြပုံချင်းကား လူမျိုးတစ်မျိုးနှင့် တစ်မျိုး မတူကြပေ။ လူမျိုး၊ ဘာသာ၊ ရိုးရာဓလေ့ ထုံးစံ အလိုက် ကွဲပြား ခြားနားကြသည်။

အချို့ လူမျိုးတို့က နှစ်သစ်ကူးပွဲတွင် ပန်းဆီရောင် ရေတို့ဖြင့် ဆွတ်ကြ၊ ဖျန်းကြ၍ အချို့လူမျိုးတို့က မီးထွန်းကြ၊ မီးရှူး မီးပန်းများ ပစ်ဖောက်ကြသည်။ အချို့ လူမျိုးတို့က ကခုန်ကြ၍ အချို့ လူမျိုးတို့က ဘုရားရှိခိုး ဆုတောင်းပွဲများ ပြုလုပ်ကြသည်။ မြန်မာ လူမျိုးတို့ကမူ နှစ်သစ်ကူးပွဲတော်တွင် တစ်ဦးနှင့် တစ်ဦး ရေပက်ဖျန်း ကစားကြသည်။

မြန်မာတို့၏ ရေပက်ဖန်းကစားခြင်း ဓလေ့သည် တကောင်းခေတ်ကပင် စတင်ပေါ်ထွန်းခဲ့သည်ဟု ယူဆရပေသည်။ သို့သော် အထောက်အထား အတိအကျ မတွေ့ရသေးပေ။ သို့ရာတွင် ပုဂံခေတ်၌မူ ရေပက်ဖျန်း ကစားခြင်း ဓလေ့ရှိနေပြီ ဖြစ်ကြောင်း ရာဇ၀င်တွင် တွေ့ရသည်။

နရသီဟပတေ့ခေါ် ပုဂံမင်းသည် နွေလအခါ၌ မြစ်ဆိပ်တွင် မင်းတဲ လုံခြုံစွာ ဆောက်လျက် နန်းတော်မှ မြစ်ဆိပ်အရောက် လူသူ မမြင်ရသော တဲနန်း ဥမင်ဖြင့် ကြွတော်မူ၍ မိဖုရား မောင်းမ မိဿတို့နှင့် အတူ ရေဖျန်းသဘင် ဆင်ယင် ကျင်းပလေ့ရှိကြောင်း မှန်နန်း မဟာရာဇ၀င်တော်ကြီး၌ ပြဆိုထားလေသည်။

နရသီဟပတေ့မင်း ယင်းသို့ ရေဖျန်းသဘင် ဆင်ယင် ကျင်းပရာမှ မိဖုရား စောလုံ အသတ်ခံရကြောင်းကို ဆရာကြီး သခင်ကိုယ်တော်မိုင်းက ၎င်း၏ သင်္ကြန်ဘွဲ့ လေးချိုးကြီးတွင် -

“သြော် - ပြန် လှန် ဆ ပြန်တော့၊ သင်္ကြန်ကျချိန်ပေါ့၊ ယမန်သမယဆီက၊ ပုဂံ သမ္မတ ရှင်ဘုရင် သားမြွှာဘပါဘဲ၊ ဆောင်းမှ နွေအလည် ဘုန်းရောင်တော်ပြနေကြ၊ မောင်းမ ရွှေညီ၊ မဟေသီ သုံးထောင်ကျော်မျှရယ်နှင့် သည်လ နွေရာသီမဖြင့်၊ ဆွေကလျာ မဒီတွေကို ချစ်စိတ်စမ်းလိုတဲ့ အားရယ်နဲ့။ ဧရာဝတီ မြစ်ဆိပ်ကမ်း တစ်ခုသို့ သွားပါလို့၊ ရွှေနန်း အစဉ်အလာ ရေဖျန်း မင်္ဂလာ ကစားစဉ်က ချစ်အားတော် ဘလောင်ဆန်လို့ တစ်ဆောင်စံ “စောလုံ” ပက်စဉ်က၊ သွက်သွက်လည် ကြမ္မာငင်ဖို့ ရက်စက်တယ် ခမျာထင်လို့မို့ အစာတွင် အဆိပ်သေမယ့် ဆေးရယ်နဲ့ မဟာဘုရင်ကို တိတ်တိတ်သေဟဲ့လို့ ကျွေးလေတော့ ဖြစ်ရေးတော် ရာဇ၀တ်ကယ်နှင့် ကွပ်ညှပ်ပုံ တစ်အာဏာကြောင့် ခမျာမှာ ခန္ဓာတောင် ဆုံးရရှာတဲ့” ဟု ရေးဖွဲ့ မှတ်တမ်းတင်ထားခဲ့ပေသည်။

မြန်မာတို့၏ နှစ်သစ်ကူး မင်္ဂလာ အခါတော်တွင် တစ်ဦးနှင့်တစ်ဦး ကြည်နူးစွာ ရေပက်ဖျန်းကစားခြင်း ဓလေ့တွင် ပြည်သူတို့၏ စိတ်ဓာတ်များ နှစ်သစ်ကူး သီတာရေစင်ကဲ့သို့ အေးမြ လန်းဆန်း ကြည်လင်စေရန်၊ နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောသန့်စင်ရန် ပြည်သူတို့ အချင်းချင်းရေကိုသား၍ မကြားမထင် သကဲ့သို့ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် နေထိုင် ဆက်ဆံကြရန် ဟူသော မွန်မြတ်သည့် ရည်ရွယ်ချက်များ ပါရှိပေသည်။

ရှေးအခါက သင်္ကြန်ပွဲတော်တွင် မြန်မာတို့ ရေပက်ဖျန်းကစားကြရာ၌ အလွန်ပင် ယဉ်ကျေး သိမ်မွေ့လှပေသည်။ စမ္ပာ ကရမက်စသော သင်းပျံ့ မွှေးကြိုင်သည့် နံ့သာရည်၊ အမွှေးရည်၊ ထုံးရည်တို့ဖြင့် ယဉ်ကျေးစွာ ပက်ဖန်း ကစားကြသည်။ လူပျိုတော် ကာလသားများသည် အမျိုးသမီး အပျိုရွယ်များကို ရေပက်ဖျန်းလိုသော် မိဘများထံ ခွင့်ပန်ပြီးမှ အမွှေးနံ့သာ ထုံးရည်တို့ဖြင့် ယဉ်ကျေးသိမ်မွေ့စွာ ပက်ဖျန်းကြသည်။ ယခု ကာလကဲ့သို့ ကိုယ်အမူအရာ နူတ်အမူအရာ ရိုင်းပျခြင်း အလျဉ်းမရှိပေ။

ရှေးမြန်မာမင်းများ လက်ထက်က မြန်မာတို့ ရေပက်ဖျန်းကစားကြပုံကို စာဆိုတော် ဆီသည်ရွာစား ဦးအောင်ကြီးက -

“တာသဘင်ဝယ်၊ ဆင်ယင်တုပ၊ လွရရွတည့်၊ ငြိမ့်မျှစောင်းငြင်း၊ အဲသီချင်းနှင့်၊ ထုံသင်းနံ့သာ၊ ရေသီတာဝယ်၊ စမ္ပာကရမက်၊ ပန်းပေါင်းဖက်၍၊ ရွှေခွက်အပြည့်၊ မွှေးမျိုးထည့်ကာ၊ လည်လှည့်ဆူလှယ်၊ တင့်စံပယ်လျက်၊ မြူးရယ်ရွှင်အား၊ လွန်ပျော်ပါးသည်၊ ကစားထုံရည် ဖျန်းတည့်လေ” ဟူ၍ ရေးဖွဲ့ မှတ်တမ်း တင်ထားသည်ကို တွေ့ရသည်။

မြန်မာတို့သည် နှစ်သစ်ကူး ပွဲတော် ခါသမယကို မင်္ဂလာအခါဟူ၍ သတ်မှတ်ကြသည်။ ဤ ချိန်သမယတွင် မင်္ဂလာ ယူကြသည်။ မင်္ဂလာရှိအောင်လည်း ပြုမူ၊ ပြောဆို၊ နေထိုင်၊ ဆက်ဆံ လုပ်ကိုင်ကြသည်။

မြန်မာတို့သည် နှစ်သစ်ကူး သင်္ကြန် အခါတော်တွင် အလှူဒါန ပြုလုပ်ခြင်း၊ ရဟန်း သံဃာတော်များအား ဆွမ်းဘောဇဉ်များ ကပ်လှူ ခြင်း၊ စတုဒိသာ ကျွေးမွေးခြင်း၊ ဥပုသ် သီလ ဆောက်တည်ခြင်း၊ တရား ဘာဝနာများ ပွားများ အားထုတ်ခြင်း၊ ဗုဒ္ဓ ရုပ်ပွားတ်ာများအား ရေသပ္ပာယ်ခြင်း၊ ကျောင်းကန် ဇရပ်တန်ဆောင်များနှင့် ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းရေး ပြုလုပ်ခြင်း၊ သက်ကြီးရွယ်အိုများအား တရော်ကင်ပွန်းတို့ဖြင့် ခေါင်းလျှော်ပေးခြင်း၊ အမွှေးနံ့သာ ရေစင် ရေကောင်းတို့ဖြင့် ရေချိုး သန့်စင်ပေးခြင်း၊ ဘိုးဘွား၊ မိဘ၊ ဆရာ သမားတို့အား ပူဇော် ကန်တော့ခြင်း၊ ပရိတ်တရားတော်များ နာယူခြင်း၊ ငါးလွှတ်ပွဲများ ပြုလုပ်ခြင်း ကျွဲ၊ နွား၊ ယုန်စသည့် တိရစ္ဆာန်များအား ဘေးမဲ့ လွှတ်ခြင်း စသည့် မွန်မြတ်သန့်စင်သည့် ကုသိုလ်ကောင်းမူများကို ပြုလုပ်ကြသည်။

မြန်မာတို့သည် နှစ်သစ်ကူးသည့် ဤတန်ခူးလ ခါသမယတွင် ကောင်းမူ ကုသိုလ်များကိုသာ ပြုလုပ်၍ မင်္ဂလာ ယူကြသည် မဟုတ်။ ရှောင် ကြည် ဖွယ် ရာ မကောင်းမူ ဆယ်ဖြာကိုလည်း ရှောင်ကြဉ်၍ မင်္ဂလာ ယူကြပေသေးသည်။

ယင်း ရှောင်ကြဉ်ဖွယ်ရာ ဆယ်ဖြာကို အောက်ပါအတိုင်း လင်္ကာအသွင်ဖြင့် ရေးဖွဲ့ မှတ်တမ်းတင်ထားသည်ကို တွေ့ရ၏။ ထိုလင်္ကာကား -

“မင်္ဂလာကား၊ လင်္ကာကြားအံ့၊ ကြောင်းလျားစုံစေ့၊ သင်္ကြန်နေ့တွင်၊ မတွေ့ဝေးစွာ၊ ရှောင်ကုန်ရာသား၊ မသာ နှလုံး၊ ညှိုးချုံးစိုးရိမ်၊ မငြိမ်ပူဆွေး၊ ငိုကြွေးကုန်ထ၊ ကာမအရာ၊ မေထုနာနှင့် ပါဏာ သတ်ပုတ်၊ သောက်ထုတ် သေရက်၊ မျက်ထွက် မာန၊ ပဋိဃနှင့် ဒေါသ မလွတ်၊ ဆီပွတ် လိမ်းဆင် သစ်ပင်ခုတ်ဖြတ်၊ သတ်ခတ်ကုန်ရောင်း၊ အရောင်းအ၀ယ်၊ ဤ တစ်ဆယ်ကို လူ့နယ်လူ့ခွင်၊ လူကိုဝင်တား၊ မြင်းမိုရ်ဖျားဝယ်၊ သိကြားသော်မှ၊ မပြုရရာ၊ ရှောင်ကြဉ်ရာဟု ကျမ်းလာသောအား လင်္ကာကြားသည် ဤကား သင်္ကြန်အလိုတည်း” ဟူ၍ ဖြစ်လေသည်။

မြန်မာတို့၏ ဆယ့်နှစ်ရာသီ ပွဲတော်များတွင် ဤနှစ်သစ်ရာသီ ပွဲတော်များတွင် သင်္ကြန်ပွဲတော်သည် အထူးခြားဆုံးနှင့် အစည်ကားဆုံး ပွဲတော်တစ်ခု ဖြစ်ပေသည်။ မြန်မာ နိုင်ငံတော် တစ်ဝန်းလုံးရှိ လူကြီး၊ လူငယ်၊ လူရွယ်၊ ကလေးပါမကျန် ပြည်သူ ပြည်သားအားလုံးတို့သည် သင်္ကြန်ပွဲတော်တွင် အခြားရာသီပွဲတော်များထက် ပို၍ ပျော်ကြ၊ ပါးကြသည်။

မြန်မာတို့သည် ပျော်ရင်း ပါးရင်း ကုသိုလ်ကောင်းမူ ပြုကြသလို ကုသိုလ်ကောင်းမူ ပြုရင်းလည်း ပျော်ကြ ပါးကြသည်။ ဤသည်မှာ နှစ်သက် မြတ်နိုးဖွယ်ရာ ကောင်းသော မြန်မာ့ရိုးရာ ယဉ်ကျေးမူ အစဉ်အလာ ဓလေ့ထုံးစံ တစ်ရပ်ပင်။ ဤဓလေ့ ထုံးစံကို နှစ်သစ်ကူး သင်္ကြန်ပွဲတော်တွင် ရာနူန်းပြည့် တွေ့ရှိနိုင်ပေသည်။

ထို့ကြောင့် လမ်းတစ်လျှောက်တွင် ပိတောက်တို့ သင်းသော ဤနှစ်သစ်ကူး တန်ခူးလ မိဿရာသီ အချိန်သမယတွင် သင်္ကြန်ပွဲတော် ကို ပျော်ရွှင်စွာ နွှဲပျော်ကာ ကုသိုလ်ကောင်းမူများ ပြုလုပ်ရင်း ကောင်းမြတ်သော မြန်မာ့ရိုးရာ ယဉ်ကျေးမူ အစဉ်အလာ ဓလေ့ထုံးစံများကို မြတ်နိုးစွာ ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပေသည်။

ကိုးကား -

၁။ လတန်ခူးပေမို့ (တက္ကသိုလ် ဘုန်းမြင့်ဆွေ)

၂။ ဆယ့်နှစ်ရာသီဘွဲ့ ပေါင်းချုပ် (လှသမိန်)

၃။ မြန်မာလ အမည်များ (ဦးဖိုးလတ်)

၎။ မြန်မာ့ရိုးရာ ရာသီပွဲတော်များ (ဦးအေးနိုင်)
Posted: 11 Apr 2012 11:22 PM PDT
နှစ်သိမ့်တဲ့..တေး
နှုတ်ဆက်တဲ့..အနမ်း
ထားခဲ့တဲ့...အလွမ်းတွေကြားမှာ
ကိုယ်ဘယ်လိုရပ်တည်နေသလဲ.....မင်းမသိနိုင်ဘူး
မသွားပါနဲ့လို့...တားပိုင်ခွင့်မရှိတဲ့
ကိုယ့်နှလုံးသားထဲမှာ
ဘယ်လောက်နာကျင်ဆို့နစ်နေမလဲ..မင်းမသိနိုင်ဘူး
နွေးထွေးတဲ့...ရင်ခွင်တစ်ခုရဲ့အဝေးမှာ
မင်းဘယ်လိုရပ်တည်နေသလဲ..ကိုယ်မသိနိုင်ဘူး
ချစ်သူရယ်...
ဘယ်ဆီဘယ်မှာမသေချာတဲ့..ဆုံနိုင်ခွင့်တစ်ခုကိုမျှော်လင့်ရင်းနဲ့
တွေ့ကြဖို့မဖြစ်နိုင်တဲ့အခါ...နီးဆပ်ဖို့ကိုလဲမစွမ်းဆောင်နိုင်ခင်မှာ
ကိုယ့်အတွက်တော့....မင်းဓါတ်ပုံလေးကသာ
အလွမ်းဖြေစရာပါ......

Reactions:

0 ကွန်မန့်ရေးရန်:

Post a Comment