Friday, April 13, 2012

ခံစားဘူးမှ နားလည်မှာပါ.... (ဧဒင်မှယခုလအတွက် ရွေးချယ်သောဘလော့)

ဧဒင် မိသားစုဝင် အားလုံး မင်္ဂလာပါ ...
ကျွန်ုပ် ... ယခုဆိုလျှင် ဧဒင်တွင် ဘလော့များရေးသားခဲ့ရာ(၂၄၀)ရှိခဲ့ပြီဖြစ်သည်.. ကိုယ်တိုင်ရေး/တွေးများပါသလို
စားကိုး/စာညွှန်း/တိုက်ရိုက်ကော်ပီတွေလည်းပါသည်...  အများစုဘလော့များမှာ ကိုယ်တိုင်ရေးဖြစ်သည်က  များပါ
လိမ့်မည်..    ရေးသားရာတွင်လည်း   စာရေးသူတို့၏ကျင့်ဝတ်ဖြစ်သည့်   တတိယအမြင်ဖြင့်သာ  ရေးလေ့  ရှိသည်...
ကိုယ်တိုင် ဖြတ်သန်း ကျင်လည်   ကြုံတွေ့လာရသည့်  အတွေ့အကြုံ ..    ကိုယ်ပတ်ဝန်းကျင်  အထိ  အတွေ့များ ကို
အခြေတည်ပြီးရေးဖြစ်ပါသည်....   ကနဦး   ဧဒင်တွင် ၀င်ရောက်ရေးသားစဉ်က   နိုင်ငံရေးဆန်ဆန် ဘလော့များကို
တမင် မရေးသားဖြစ်ခဲ့ပါ...    ပြန်ပြီး မတွေးချင်တာလည်း  ပါသည်..    ရေးချင်စိတ် မရှိတာလဲပါမည်  ထင်သည်...
ဖြစ်ချင်တော့   NLDရုံးခွဲတွေ   လွတ်လပ်စွာ ပြန်ဖွင့်ခွင့်ရသည့်အခါတွင် ၈၈-ပိုးက  နှိုးဆွလေတော့သည်...
ခံစားချက်/နာကျည်းချက်တွေကလည်း တွန်းအားပေးခဲ့၍ နိုင်ငံရေးဆန်သော ဘလော့များကို ရေးဖြစ်ခဲ့ခြင်းဖြစ်သည်...
အကယ်၍များ အမှားအယွင်း တစ်စုံတရာ ပါခဲ့သည်ရှိသော် စေတနာအမှားသာ ဖြစ်ပါလိမ့်မည်...
အကျိုးကို မျှော်၍ ရေးသည်ဟု နားလည်ပေးစေချင်ပါသည်...

ကျွန်ုပ်သည် တော်လှန်ရေးကောင်စီ နှင့် အတူ မွေးဖွားကြီးပျင်းခဲ့သူ  တစ်ဦးဖြစ်သည် ...   ပြန်ပြောင်း  ပြောလျှင်
ယနေ့လူငယ်တွေအတွက် ပုံပြင်တစ်ပုဒ်ဖြစ်ချင် ဖြစ်နေလိမ့်မည်... ကိုယ့်မိသားစု စားမည့်ဆန်ကို သမ၀ါယမဆိုင်
ဆိုသည့်နေရာတွင် ကုန်ထုတ်စာအုပ်ဖြင့် သွားထုတ်ရသည်...    ဆန်ကောင်းခြင်း/  မကောင်းခြင်း/  အလေးချိန်ပြည့်ခြင်း/
မပြည့်ခြင်း စောဒက တက်ခွင့်မရှိ ... ပြင်ပမှောင်ခိုဈေးကွက်တွင်တော့ ရှိနေသည်...
ယုတ်စွအဆုံး  ဆပ်ပြာ.ဆီ.ငံပြာရည်.ကော်ဖီ..ဆေးလိပ်..စက်ဘီး .. ပန်ကာ .. အစရှိသည့် စားသောက်ကုန်/လူသုံးကုန်
ပစ္စည်းအားလုံး ခွဲတမ်းနှင့် သမ၀ါယမဆိုင်မှ ထုတ်ပေးမှ သုံးစွဲခွင့်ရှိသည်... ဗဟိုက ချုပ်ကိုင်သော ဗဟိုဦးစီးစနစ်ဖြစ်သည်...
ယင်းခေတ်ကာလ ကတည်းက အုပ်ချုပ်သူလူတန်းစားများတွင် အဓိကဦးဆောင်သူများမှာ  ဘောင်းဘီချွတ်တွေပင်ဖြစ်သည်..
ကျန် အီးစီ အဖွဲ့ဝင်များမှာ ဒေသခံများဖြစ်သည်.. ဒေသခံတွေကို ကြည့်ပြန် တော့လည်း ဆရာ တပည့်မွေးတွေဖြစ်သည်..
ကိုယ့်လူ ကိုယ်သာ နေရာပေးသည် ..ပညာတတ် အရည်အချင်းရှိ လူတော်များက နေရာမရ ...
မည်မျှ အကျည်းတန်သနည်းဆိုလျှင် တရားရေးကဏ္ဍ ဦးဆောင်သူသည်  (၄)တန်း မအောင်သော နွားပွဲစားကို တာဝန်ပေး
ခန့်အပ်ထားခြင်း  ကြုံခဲ့ဘူးသည်...  ပုဂ္ဂိုလ်ရေးရာအရ ဝေဖန်ခြင်း မဟုတ်ပါ...  စနစ် ကို ဆိုလိုခြင်း .. မူကို ဆိုလိုခြင်း ဖြစ်သည်...

ဤနေရာတွင် ဤခေတ်ကာလက ပညာသင်ကြားပေးခဲ့သော ဆရာကြီး/ဆရာမကြီးများကို အထူးကျေးဇူးတင်ပါသည်...
ကျွန်ုပ်တို့ကို ကျောင်းစာသာမက နိုင်ငံရေး အသိအတွေးကိုပါ ဆိုဆုံးမခဲ့၍ ဖြစ်သည်... ငယ်စဉ်ကလေးဘ၀နိုင်ငံရေး
ဂယက်ကြောင့် ရက် အကန့်အသတ်မရှိ ကျောင်းပိတ်လိုက်သည်ဟု ဆိုလျှင် ပျော်ရွှင်ခဲ့သော ကျွန်ုပ်တို့သည်..
အတန်းပညာ ရလာသည်နှင့် အညီ ဝေဖန်ပိုင်းခြားတတ်လာသည်.. ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခွင့်ရသည့်အခါ
ပို၍ အမြင်ကျယ်လာသည် ...နောင်တော် ကျောင်းသားကြီးများက သမိုင်းတကွေ့  ကိုယ်တွေ့ အတွေ့အကြုံတွေကို ပြောပြ
ကြသည်.. အဲဒီကာလက ရန်ကုန်တက္ကသိုလ်တွင် ကျောင်းအိပ် ကျောင်းစား  အစိုးရအဆောင်များရှိသည်...
အမှန်တကယ်ပင် တိုင်းရင်းသားပေါင်းစုံ  စုပေါင်း ပညာသင်ကြားခဲ့သည့် ရပ်ဝန်းဟု ဆိုချင်သည်....
အတွေ့အကြုံ အသက်အရွယ်ရနေပြီဖြစ်သော အဆောင်စောင့် အဘတွေ ၏  ဖြစ်ရပ်မှန် သမိုင်းတွေကလည်း
ကျွန်ုပ်တို့၏ နှလုံးသားတွင် နိုင်ငံရေးအသိ/အတွေးတွေကို ကြွယ်စေခဲ့သည်...

"ဟိုးတစ်ခေတ် တစ်ခါက ရန်ကုန်တက္ကသိုလ်ဆိုတာ နိုင်ငံရပ်ခြားကတောင် လာတက်ရတာကွ ...
  အာရှ တခွင်မှာ စံပြစရာ တက္ကသိုလ်တစ်ခုပေါ့ကွာ ..." ဟု ဂုဏ်ယူဝင့်ကြွားစွာ ဆိုခဲ့သလို ....

" ဒီနေရာပေါ့ကွ..ကျောင်းသားသမဂ္ဂ အဆောက်အအုံရှိတာ...
   ဒီအဆောင်ရှေ့က ရေမြောင်းတွေထဲမှ မင်းတို့ရဲ့ နောင်တော် ကျောင်းသားတွေရဲ့ အလောင်းတွေ ထပ်နေတာပေါ့ကွာ" ဟု
မျက်ရည်လည်ကာ ခံစားချက် ပြင်းပြစွာဖြင့် မခံမရပ် ပြောပြသည် ကို အံသြ တုန်လှုပ်စွာ နားထောင်ခဲ့ရဘူးသည်...
ဖြစ်ချင်တော့ .. အဲဒီနှစ် ရန်ကုန်တက္ကသိုလ်၏ မျက်နှာဖုံးတွင် ဒီဇိုင်နာ ကျောင်းသား ၏ လက်စွမ်းကြောင့်
ဆရာတွေ/ ကျောင်းသားတွေ/ ကျောင်းအထုတ်ခံခဲ့ရပြီး..ပါချုပ်ပါ အနားပေးခံခဲ့ရသည်...

၈၈-အရေးအခင်းဖြစ်တော့ ကျွန်ုပ်တို့အဖွဲ့တွေ ကျောင်းပြီးကုန်ကြပြီဖြစ်သည်..
ကိုယ်ရပ် ကိုယ့်ဒေသတွင် တက်တက်ကြွကြွ စနစ်ဆိုးမှ ရုန်းထွက်ဖို့ အားကြိုးမာန်တက် လှုပ်ရှားခဲ့ကြသည်...
စစ်တပ်မှ နိုင်ငံတော် အာဏာ ရယူချိန်တွင်တော့ ကျွန်ုပ်တို့အဖွဲ့တွေလည်း တကွဲတပြားစီ ဖြစ်ကုန်ကြသည်...
၈၈-အရေးအခင်းကာလတွင် ပါဝင်လှုပ်ရှားခဲ့သော သူငယ်ချင်းအချို့ကလည်း တောခိုကုန်ကြသည်...
ကျွန်ုပ်တို့က တောခိုသည့်ကိစ္စရပ်ကို လက်မခံပဲ ပြည်တွင်းမှာပဲနေ၍ လှုပ်ရှားခဲ့သည်.. တကယ့်တော့ ပြည်တွင်း
လှုပ်ရှားသူများမှာ အာဏာပိုင်တို့၏ အနီးကပ် စောင့်ကြည့်ခံရသူများပင် ဖြစ်ပေလိမ့်မည်...

၉၀-ခုနှစ် ပါတီတွေ ထောင်ခွင့်ရသည့်အခါ..  NLDပါတီ ၏ လက်အောက်တွင် ၀င်ရောက်လှုပ်ရှားခဲ့သည်...
ကျေးရွာအနှံ့စည်းရုံးရေးခရီး လုပ်ခဲ့ဘူးသည်.. ကျေးရွာလူထု၏ အသွင်မတူသော မေးခွန်းပေါင်းများစွာကို ဆွေးနွေး
ခဲ့ဘူးသည်.. ယနေ့ NLD မှ လူငယ်လေးများကို အကြံပြုလိုပါသည် .. စာများများဖတ်ထားဖို့တော့ လိုပေလိမ့်မည်..
သို့မှသာ မေးလာသောမေးခွန်းများကို ကျေးရွာလူထု ကျေနပ်အောင် ဖြေဆိုနိုင်ပါလိမ့်မည်...
NLDမှ ထုတ်ဝေထားသော နိုင်ငံရေးဝါဒသဘောတရားနှင့် လုပ်ငန်းစဉ်များ စာအုပ်ကို အလွတ်နီးပါးရနေဖို့လိုသည်.
     (ယနေ့ကာလတွင် လှုပ်ရှားကြမည့် NLDလူငယ်များမှာ ပြုပြင်ပြောင်းလဲနေသည့်  ဒီမိုကရေစီစနစ်အောက်တွင် ဖြစ်၍
      ကျွန်ုပ်တို့ ကာလထက် လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရမည်ဟု ယုံကြည်မိသည်)

၉၀ရွေးကောက်ပွဲတွင် NLDပါတီ သည်  ရည်မှန်းချက် အောင်မြင်ခဲ့သည်.. လွတ်တော်ကိုယ်စားလှယ် ၈၇.၇ %နှင့်ညီမျှသော
၃၉၂ နေရာတွင်  အနိုင်ရရှိခဲ့သော်လည်း သမိုင်း၏ အကွေ့အပြောင်းတစ်ခု နှင့် ကြုံတွေ့ခဲ့ရပြန်သည်..

နောက်ပိုင်းတွင် ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူတွေအဖြစ် .. ဒေါ်အောင်ဆန်းစုကြည် သည် လည်း
အနှစ်(၂၀)ကျော် အကျဉ်း ချခံရသလို  ကျွန်ုပ်သည်လည်း  ထောင်(၇)နှစ် ကျခံခဲ့ရသည်....
ပုဒ်မ......ပြစ်မှုက တရားမ၀င် သောင်းကျန်သူအဖွဲ့အစည်းနှင့် ပတ်သက်ဆက်နွယ်မှု .....

ဘ၀တွင် မမေ့နိုင်သောနေ့ရက်များစွာအနက် ဤနေ့သည်လည်း တစ်ရက်အပါအ၀င်ဖြစ်ပေလိမ့်မည်...
လူငယ်တစ်ယောက် ကျွန်ုပ်ထံသို့ ရောက်လာပြီး..စာတစ်စောင်လာပေးသည်... စာကိုဖွင့်ဖတ်လိုက်သည့်အခါ....
မငြင်းလိုပါ ..၈၈ အရေးအခင်းကာလက တောခိုသွားသည့် သူငယ်ချင်း၏ လက်ရေး... ရေးထားသည့် စာကလည်း
နိုင်ငံရေးအကြောင်း တစ်လုံးမှမပါ... နေကောင်းလား နှင့် သာကြောင်း/မာကြောင်း .. သူ့အမေ ကို ကူညီပြီး ဂရုစိုက်ဖို့ ...
ဒါပဲပါသည်... ဖြစ်ချင်တော့ စာလက်ဝယ်ရပြီး နာရီပိုင်းအတွင်းမှာပင် စ.စ.စ ၏ ၀င်ရောက်စစ်ဆေးခြင်း ခံရသည်...
ဤစာကို အကြောင်းပြု၍ စစ်ခုံရုံးတွင် တရားစွဲဆိုခြင်းခံခဲ့ရသည်... ပို၍ ၀မ်းနည်းစရာ ကောင်းသည်က စစ်ခုံရုံးတွင်
တရားသူကြီးအဖြစ် တာဝန်ယူသူက ကျွန်ုပ်အား ငယ်စဉ်ကျောင်းသားဘ၀က စာသင်ပေးခဲ့ဘူးသော ဆရာ ...
   ( လမ်းစဉ်ပါတီခေတ်က ဘောင်းဘီဝတ်အချို့သည် ပညာရေးဌာနတွင် ယာယီ ကျောင်းဆရာအဖြစ် လုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်)
အမှန်တကယ်ပင် ၀မ်းနည်းကြေကွဲခဲ့ရသည်...နားကျည်းခဲ့ရသည်.. ပြန်လည် ခြေပခွင့် အလျဉ်း မရှိခဲ့ ....
   (နောင် ... ကျွန်ုပ် ယခု အာစရိယပူဇော်ပွဲတွင် ကျွန်ုပ်အား အမိန့်ချမှတ်ခဲ့သော တချိန်က ဆရာဖြစ်ခဲ့သူအား အာဃာတ
    တရားမထားပဲ ကန်တော့ဖြစ်ခဲ့ပါသည်...  ဆရာ ၏ မှာချွေစကား ယခုထိတိုင်ကြားယောင်မိတော့သည်...
    "ဆရာကို နားလည်ပေးပါ ငါ့တပည့်ရာ...".ဟု မျက်ရည်ဝဲကာ ဆွေးဆွေးမြေ့မြေ့ ဆိုခဲ့ဘူးသည်...)

ဤနေရာတွင် ကျွန်ုပ်၏ ဖခင်ကြီးကို ဦးတင်ရိုးကျိုး ရှိခိုး ကျေးဇူးဆိုချင်သည်... ဆပ်၍ပင် မကုန်နိုင်ပါ..
ကိုယ်ဝန် အရင့်အမာကြီးနှင့် လောကဓံကို တည်ငြိမ်စွာ ဖြတ်သန်းခဲ့သည့် ဇနီးသည်ကိုလည်း ကျေးဇူးတင်သည် ....
ထောင်ထဲ ရောက်နေစဉ် ကာလများတွင်  ကျေးဇူးရှင်ဖခင်ကြီးက ကျွန်ုပ်၏ မိသားစုဘ၀ကို ထိန်းကျောင်းပေးခဲ့သည်...
(ဤ ကာလ စာမျက်နှာများကို ကျော်လိုက်ပါမည် ..ရေးချင်စိတ် မရှိလို့ပါ)....

ယနေ့ ... နိုင်ငံတော်တွင်  ပြုပြင်ပြောင်းလဲရေးကာလကို အခြေပြုနေပြီ ဖြစ်သည်..
အားလုံးကလည်း  ပြုပြင်ပြောင်းလဲနေကြပြီ ဖြစ်သည်..
တချိန်က စစ်အုပ်ချုပ်သူများကလည်း .. တပါတီစနစ် မှ ပါတီစုံ ဒီမိုကရေစီစနစ် ...
ဒေါ်အောင်ဆန်းစုကြည်သည်လည်း .. (သူတို့ဆိုသလို) ထိပ်တိုက်ရင်ဆိုင်ရေးနည်းလမ်း.. ရွေးကောက်ပွဲမ၀င် နည်းလမ်း မှ
ပူးပေါင်းဆောင်ရွက်ရေးနည်းလမ်းဖြင့် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ခဲ့ပြီဖြစ်သည် ....
အားလုံး၏ ရည်ရွယ်ချက်/ ရည်မှန်းချက် သည် တိုင်းပြည် နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရန် အလို့ငှါ ..
မှန်ကန်သည့် နည်းစနစ်လမ်းကြောင်းပေါ်သို့ ..ဦးတည်နေသည်ဟု ယုံကြည်မိသည်....
စစ်မှန်သည့် လမ်းကြောင်းဖြစ်သာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အာမခံနိုင်မည်ဖြစ်သည်...
ပြည်သူလူထု ဘ၀ကို အကျိုးပြုနိုင်မည် ဖြစ်သည်...

ကျွန်ုပ်အနေဖြင့် ..လက်ရှိအချိန်တွင် .. ကျေးဇူးရှင် ဖခင်အိုကြီးကို ပြုစု စောင့်ရှောက်လိုသေးသည်...
မိသားစုဘ၀ကို အခြေကြအောင် တည်ဆောက်ပေးချင်သေးသည်...
        ( ဤနေရာတွင် မိမိ  မိသားစုဘ၀ထက် တိုင်းပြည်နိုင်ငံအတွက်  ကိုယ်ပိုင် ဘ၀များကို စွန့်လွှတ်၍
           နိုင်ငံရေးလုပ်နေကြသူများကို  ဦးညွတ် လေးစား ဂုဏ်ပြုပါသည်...)
ကျွန်ုပ် သည်လည်း လူသားအားလုံးနှင့် သက်ဆိုင်သည့် ... လူဘောင်လောက၀န်းကျင်နှင့် သက်ဆိုင်သည့် ....
နိုင်ငံရေးကို တဖက်တလမ်းမှ  လုပ်နိုင်သလောက် လုပ်နေဦးမည်ဖြစ်သည် ...
အဓိက က ရပ်မနေဖို့ပဲ လိုသည် ... ထင်သည်....

မိဘ နဲ့ သားသမီး /  ဆရာ နဲ့ တပည့်/  လင် နဲ့ မယား/
လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ သူငယ်ချင်း အချင်းချင်း / နိုင်ငံရေးပါတီ အချင်းချင်း/
နားလည်မှု .. ယုံကြည်မှု .. တည်ဆောက်နိုင်မှသာ ..
ဖြူစင် သန့်ရှင်းတဲ့ လောကအလှတရားကို တည်ဆောက်နိုင်မည်ဟု ယုံကြည်သည်..

ခံစားဘူးမှ  နားလည်မှာ  ဖြစ်သည် ...

နှစ်သစ်တွင်..လူသစ်..စိတ်သစ်..စနစ်သစ်ဖြင့် ..
ဖြူစင် သန့်ရှင်းသည့်  လောကအလှတရားကို တည်ဆောက်နိုင်ပါစေ ဟု ဆန္ဒပြုလျှက် ....

လေးစားစွာဖြင့်....
13.4.2012 (သင်္ကြန်အကျနေ့)

0 ကွန်မန့်ရေးရန်:

Post a Comment