Saturday, April 21, 2012

အဋ္ဌာရသ ၁၈ ရပ်


အဋ္ဌာရသ ၁၈ ရပ်
တစ်ဆယ့်ရှစ်ရပ်သော အတတ်ပညာမျိုး (အဋ္ဌာရသ သိပိပ္ပံ) ကို ရှေးခေတ်၌ ယောင်္ကျားတို့ တတ်အပ်သော အတတ်ဟု ကျမ်းများက ပြဆိုသည်။ ယောက်ျားတို့ အတတ် (၁၈) ရပ်လည်းဟူ၏၊။ ၎င်း (၁၈) ရပ်သောအတတ်တို့ကို သက္ကဋကျမ်း၌တစ်မျိုး၊ မိလိန္ဒပဥှာပါဠိတော်၌ တစ်ဖုံ၊ လောကနီတိကျမ်းကတစ်ဖြာ၊ ဤသို့အနည်းနည်းလာရှိကြရာ သိမှတ်လိုသူတို့အတွက် အသီးသီးဆက်လက် ဖော်ပြပါမည်။ အဋ္ဌာရသသိပ္ပ၊ အဋ္ဌာရသဝိဇ္ဇာဟူ၍ ပါဠိသုံးကြ၏။
ကပ္ပ - တစ်ခုသောဗေဒင်၏အခက်အလက် သာခါကျမ်း၏ အထူးထူးသောအပိုင်း၌ဆိုအပ်သော မန္တန်နည်းအားဖြင့် သိအပ်သော သာခါတစ်ပါး၌တည်သော မန္တန်တို့အား သုံးစွဲပုံအစီအရင်ကိုပြသော ဗောဓါယနစသော ရသေ့တို့စီရင်အပ်သောကျမ်းအတတ်၊
ဗျာကရဏ ပါဏိနိ စသော သဒ္ဒါကျမ်းအတတ်၊
ဇောတိသတ္ထ- ဂြိုလ် နက္ခတ်တို့၏ အသွားအလာသရုပ် သဏ္ဍန်နှင့်တကွအကောင်းအဆိုးကိုပြဆိုသော ကျမ်းအတတ်၊
သိက္ခာသရဗျည်း ဌာန် ကရိုဏ်း ပယတ်တို့ကိုပြဆိုသော ပါဏိနိ သိက္ခာ နာရဒ သိက္ခာ စသောကျမ်း အတတ်၊
နိရုတ္တိ- ဝဏ္ဏာဂမ စသော လက္ခဏာငါးပါးတို့ဖြင့် ပကတိ ပစ္စယတ္ထ နိဗ္ဗစနတ္ထတို့ကို ပြဆိုသော ကဗျာကရဏ ပရိသဋ္ဌဟုဆိုထိုက်သော ယာသက ရသေ့စီရင်သော ကျမ်းအတတ်၊
ဆန္ဒော- ဝိစိတိ ဇဂဏီစသော ဆန်းတို့ကိုပြဆိုသော ပိင်္ဂလ စသောကျမ်းအတတ်၊
သာမသာမခေါ်ဗေဒင်ကျမ်းအတတ်၊
ယဇု- ယဇုခေါ် ဗေဒင်ကျမ်းအတတ်၊
ဣရု- ဣရုခေါ်ဗေဒင်ကျမ်းအတတ်၊
အာထဗ္ဗဏ- အာထဗ္ဗခေါ် ဗေဒင်ကျမ်းအတတ်၊
မီမံသာကံ၏ အကြောင်းအရာတို့ကို စိစစ်၍ဆုံးဖြတ်သော ဇေမိနိရသေ့ စီရင်သော ပုဗ္ဗမီမံသာဟု ထင်ရှားသောကျမ်း၊
ဗြဟ္မာ၏အကြောင်းအရာကိုစိစစ်၍ဆုံးဖြတ်သော 'ဗေဒန္တ'ဟုထင်ရှားသော ကျမ်းစုအတတ်၊
နျာယ-ဂေါတမစသော ရသေ့ တို့စီရင်အပ်သော တက်ကျမ်းအမျိုးမျိုး အတတ်၊
ဓမ္မသတ္ထ- အမျိုးလေးပါးတို့၏ အကျင့်တရားစသည်ကို မနုစသောရသေ့၊ မင်းတိုင်ပင်အမတ်ပညာရှိတို့စီရင်အပ်သော ဖြတ်ထုံးဥပဒေကျမ်းအတတ်၊
ပုရာဏ- ရှေးဟောင်းအကြောင်းအရာတို့ကိုဆိုသော ပုရာဏ်ကျမ်းစာအတတ်၊
ဓနုဗ္ဗေဒ- လေး၊ ဓါး၊ လှံစသော လက်နက်တို့ကို ပတ်လွှင့်ထိုးခုတ်ခြင်းတို့ကို မန္တန်နှင့်တကွပြသောယဇုဗေဒင်၏ဥပဒေဖြစ်သောကျမ်းအတတ်၊
ဂန္ဓဗ္ဗဗေဒ- သီဆိုတီးမှုတ်ခြင်းအမျိုးမျိုး တို့ကို ပြသော သာမဗေဒင်၏ဥပဒေဖြစ်သော သင်္ဂီတကျမ်းအတတ်၊
အတ္ထသတ္ထ- ဥစ္စာစည်းစိမ်ရကြောင်း လိမ္မာယဉ်ကျေးကြောင်းဖြစ်သော နီတိကျမ်းအတတ်။ [1]
အဋ္ဌာရသသိပ္ပမျိုး
သုတိ- ဗေဒင် ၄-ပုံကျမ်းအတတ်၊ ဤ၌ ဗေဒင် ၄-ပုံဟော "ဆရုတိ"ဟူသော သကဋသဒ္ဒမှ "ဆုတ်" "သုတိ"ဖြစ်လာ၏၊
သမ္မုတိ - ဓမ္မသတ်ကျမ်းအတတ်၊ "ဆမရုတိ"ဟူသော သကဋဘာသာမှဖြစ်လာသည်၊
သင်္ချာ- သတ္တ၀ါ၏နိစ္စ အတ္တ ထာဝရ ပကတိဟုခေါ်ဝေါ်သော သဘောတရား တို့ကိုပြသည့် ကပိလရသေ့၏သင်္ချာအတတ်၊
ယောဂ- သတ္တ၀ါတို့ဝိညာဉ်နှင့် ထာဝရဗြဟ္မာကြီး၏၀ိညာဉ်ပေါင်းဆုံမိကာ အမြဲမသေတည်နေနိုင်ရန် နည်းလမ်းပြသော ပါတ္စလီရသေ့၏ ယောဂကျမ်းအတတ်၊
နီတိ- လူတို့လိုက်နာကျင့်ဆောင်ကြရန် လောက၀တ်တို့ကိုညွှန်ပြသော နီတိကျမ်းစုအတတ်၊
ဝိသေသိကာ-သတ္တ၀ါလောကတို့သည် နိစ္စထာဝရရှိနေပုံနှင့် မမြင်နိုင်အောင်သေးငယ်သော အနုမြူဓါတ်မှုန်တို့၏ ပေါင်းဆုံမိသောကြောင့် သတ္တ၀ါလောကဖြစ်ပေါ်လာကြပုံတို့ကိုပြဆိုသော ကဏာဒရသေ့ တီထွင်ခဲ့သည့် ၀ိသေသိကအတတ်၊
ဂန္ဓဗ္ဗ- ၀ါ ဂီ နစ်အတတ်၊
ဂဏိတာ- ဂဏန်းသင်္ချာ အက္ခရာသင်္ချာအတတ်၊
ဓနု- လေးပစ်အတတ်၊
ပုရာဏ- ရှေးစကားဟောင်း ပုရာဏ်ကျမ်းအတတ်၊
ဇောတိသတ္ထ- နက္ခတ်ကျမ်းအတတ်၊
ဣတိဟာသ- ရှေးပညာရှိတို့ဖွဲ့ဆိုသီကုံးကြသည့် ဟိန္ဒူတို့အလေးအမြတ်ပြုသော မဟာဘာရတ စသည့် ကျမ်းစာအတတ်၊
တိကိစ္ဆာ- ဆေးကုအတတ်၊
မာယာ- လှည့်ပတ်ဖြားယောင်းမှုအတတ်၊ မျက်လှည့်အတတ်၊
ဆန္ဒတိ- ဆန်းကျမ်းအတတ်၊
ကေတုဘ- အလင်္ကာကျမ်းအတတ်၊
သဒ္ဒါ- ကာတန္ဒြစသော သဒ္ဒါကျမ်းအတတ်၊
မန္တာ- ဂါထာမန္တန် မန်းမှုတ်အတတ်။ (ပေါရာဏဒီပနီ။)
တစ်နည်း
သုတိ- အကြားအမြင်အတတ်၊ (ဗေဒင်အတတ်)
သမ္မုတိ- ဓမ္မသတ်ဥပဒေအတတ်၊
သင်္ချာ- ဂဏန်းသင်္ချာအတတ်၊
ယောဂါ- တံစဉ်း စူး ဆောက်အတတ်၊ (ရုပ်နှင့်ဇီဝအတတ်၊)
နီတိ- နီတိကျမ်းအတတ်၊
ဝိသေသကာ- ယာယီယတြာစသော ဗျာကရိုဏ်းကျမ်းအတတ်၊ (ကလာပ် စည်းအတတ်)
ဂန္ဓဗ္ဗာ- စောင်း ငြင်းစသော ကဗျာလင်္ကာအတတ်၊
ဂဏီကာ- လက်ဆစ်ချိုး ရေတွက်ခြင်းအတတ်၊
ဓနုဗေဒါ- ဒူးလေး လင်းလေးအတတ်၊
ပုရာဏာ- ရှေးဟောင်းနောက်ဖြစ် စကားအတတ်၊
တိကိစ္ဆာ- ဆေးပေး ဆေးကုအတတ်၊
ဣတိဟာသာ- ရယ်ရွှင်မှုအတတ်၊
ဇောတိ- ဟူးရားနက္ခတ်အတတ်၊
မာယာ-လှည့်ပတ်တတ်သောအတတ်၊ (မျက်လှည့်အတတ်)
ဆန္ဒ- ဆန်းကျမ်းအတတ်၊
ကေတု- သံတမန်အတတ်၊
မန္တာ- မန္တန်အတတ်၊ ဂါထာစုတ် အတတ်၊
သဒ္ဒါ- သဒ္ဒါကျမ်းအတတ်၊ ဗျာကရုဏ်းအတတ်၊ (လောကနီတိ)
ရည်ညွှန်းကိုးကား
သက္ကဋ ဗိသဏုပုရာဏ်
ထပ်ဆင့်တင်ပြအပ်ပါသည်

0 ကွန်မန့်ရေးရန်:

Post a Comment