Sunday, July 13, 2014

ဆမ်ဆောင်း ဂလက်ဇီ S5 နဲ့ အက်ပဲလ် iPhone 5s ဘယ်လောက် အမြတ်တင်ရောင်းသလဲ............






ဆမ်ဆောင်း အုပ်စုဟာ စမတ်ဖုန်း လောကမှာ ဦးဆောင်နေတဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။ ကိုရီးယား အီလက်ထရောနစ် ကုမ္ပဏီကြီးဟာ ၂၀၁၃ ခုနှစ်အတွင်းမှာ စမတ်ဖုန်းပေါင်း ၃၁၄ သန်း ဈေးကွတ်တင်ခဲ့ပြီး အက်ပဲလ် ထုတ်ကုန်တွေထက် နှစ်ဆလောက် ရှိနေပါတယ်။ iPhone တွေရဲ့ ရောင်းအားက အလုံးရေ ၁၅၃ ဒသမ ၄ သန်း ရှိခဲ့ပြီး iPhone နဲ့ ဆမ်ဆောင်းကုမ္ပဏီ နှစ်ခုပေါင်းရင် ကမ္ဘာ့စမတ်ဖုန်းတွေရဲ့ ၄၇ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။

၂၀၁၄ ခုနှစ် ပထမ ၃ လပတ်မှာတင် ဆမ်ဆောင်းက ၈၉ သန်းနဲ့ အက်ပဲလ်က ၄၃ ဒသမ ၇ သန်း ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီကြီး နှစ်ခုရဲ့ ရောင်းဈေးနဲ့ အမြတ်ရာခိုင်နှုန်းကို ကြည့်ရင် သူတို့ရဲ့ ထုတ်ကုန်တွေဟာ သူတို့ဘာသာ ထုတ်ယူတာပဲဖြစ်ဖြစ်၊ တခြားကုမ္ပဏီတခုခုကို တာဝန်ယူ ထုတ်လုပ်တာပဲဖြစ်ဖြစ် အမြဲ ဈေးမြင့်လွန်းနေပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဝန်ဆောင်မှုတွေနဲ့ လုပ်ဆောင်ချက်တွေဟာ ပြည့်စုံလုံလောက်မှု ရှိတဲ့အတွက် ရောင်းအားကျသွားတာမျိုး မဖြစ်ပါဘူး။

အခုလို အမြတ်ကြီးစားထားတဲ့ ကိစ္စမျိုးတွေဟာ နောက်ပိုင်း အဆင်မပြေဖို့ များပါတယ်။ အက်ပဲလ်ကနေ အခုနှစ်ကုန်လောက်မှာ iPhone 6 ကို ဖြန့်ချိပါလိမ့်မယ်။ iPhone 6 ရဲ့ ဈေးနှုန်းကို တရားဝင် မပြောကြားသေးပေမယ့် ဈေးကွက်ထဲမှာ ပြိုင်ဆိုင်မှု အသစ်တွေ၊ ကုမ္ပဏီအသစ်တွေ၊ ထုတ်ကုန်အသစ်တွေ အများကြီးရှိနေတဲ့ ကိစ္စကို ထည့်စဉ်းစားဖို့ လိုပါလိမ့်မယ်။ အဲဒီလို အခြေအနေမှာ ဆမ်ဆောင်းနဲ့ အက်ပဲလ်က  အရင်လိုပဲ  အမြတ်များများစားစား တင်ရောင်းဦးမှာလား၊ ဒါမှမဟုတ် သူတို့ရဲ့ဈေးကွက် ဖန်တီးမှု  နည်းဗျူဟာတွေကို  ပြန်လည်ပြုပြင်ပြီး ဈေးနှုန်းလျှော့ချ ရောင်းမှာလားဆိုတာ အဓိကအချက် ဖြစ်နေပါတယ်။

အဲဒီအချက်တွေကို သိဖို့အတွက် ထုတ်လုပ်မှု လုပ်ငန်းတွေ၊ တပ်ဆင်တဲ့ လုပ်ငန်းတွေ၊ တပ်ဆင် အသုံးပြုထားတဲ့ပစ္စည်းတွေရဲ့ တန်ဖိုးတွေ သိဖို့လိုပါတယ်။ ဆမ်ဆောင်းက လုပ်ဆောင်မှု တော်တော် များများကို ပြင်ပကုမ္ပဏီတွေကို အပ်လေ့မရှိပါဘူး။ ဒါပေမယ့် Galaxy S5 လိုမျိုး ဖုန်းတွေရဲ့ အဓိက အရေးပါတဲ့ ပရိုဆက်ဆာကို တခြားကုမ္ပဏီကြီးဖြစ်တဲ့ Qualcomm က ထုတ်တဲ့ ပရိုဆက်ဆာကို သုံးထား ပြီး ၄၁ ဒေါ်လာလောက် ကျသင့်ပါတယ်။

ဈေးကွက် သုတေသနကုမ္ပဏီ IHS ရဲ့ ပြောကြားချက်အရ S5 မှာ သုံးထားတဲ့ ပစ္စည်းတွေနဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်က ကန်ဒေါ်လာ ၂၅၁ ဒသမ ၅၂ ဒေါ်လာလောက်ပဲ ရှိပါတယ်။ တခြားပစ္စည်း အတိုအထွာလေးတွေအတွက် ထပ်ပေါင်းရင် နောက်ထပ် ၅ ဒေါ်လာလောက် ကုန်ကျပါမယ်။ သူ့ထဲမှာ သုံးထားတဲ့ ပစ္စည်းတွေဖြစ်တဲ့ Display၊ ဆင်ဆာ၊ ပရိုဆက်ဆာ၊ ကင်မရာ၊ မင်မိုရီ စတာတွေက S4 ထက် ပိုကောင်းတဲ့ပစ္စည်းတွေ သုံးထားတဲ့ အတွက် S5 ရဲ့ ပစ္စည်းတွေက ပိုအကုန်အကျ များပါလိမ့်မယ်။ Flash Memory က ၂၈ ဒေါ်လာ၊ Display, Touch Screen အဲဒီအထဲမှာ ဂေါ်ရီလာ မှန် (Gorilla Glass) တွေရဲ့ တန်ဖိုးက ၆၃ ဒေါ်လာလောက် ရှိပါတယ်။ သူတို့ ဆန်းစစ် လေ့လာချက်တွေထဲမှာ ဝိုင်ဖိုင်၊ Bluetooth အတွက် သုံးထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အသေးစိတ် ရေးမထားပါဘူး။

ဆမ်ဆောင်း ဂလက်ဆီ S5 ဟာ ထုတ်လုပ်ခဲ့ပြီးတဲ့ ဖုန်းတွေထဲမှာ စရိတ်အကုန်အကျ အများဆုံးဖုန်း ဖြစ်ခဲ့ပါတယ်။ S5 ဟာ iPhone 5S ထက် ဒေါ်လာ ၅၀ လောက် ပိုကုန်ကျခဲ့ပါတယ်။ Galaxy S5  မှာ Qualcomm WTR 1625 ရေဒီယို ဖရီ ကွင်စီ ဖမ်းစက် (Reciver) ကို သုံးထားပြီး အဲဒီ ပစ္စည်းတွေအပြင် ဘာရိုမက်ထရစ် ဖိအားဆင်ဆာ (Barometric Pressure Sensor) နဲ့ သွေးခုန်နှုန်း၊ လက်ချောင်း (Finger) ဆင်ဆာတွေ ထပ်တိုးထား ပါသေးတယ်။

  • iPhone 5s နဲ့ iPhone 5

ပစ္စည်းတွေ ထုတ်လုပ်မှု ကုန်ကျစရိတ်အနေနဲ့ iPhone 5s ဟာ iPhone 5 ထက် လျော့နေပါတယ်။ 16 GB iPhone 5s ဟာ  ကုန်ကျစရိတ် ၁၉၉ ဒေါ်လာရှိပြီး ပစ္စည်းဖိုးက ၁၉၁ ဒေါ်လာ၊ တခြား ပစ္စည်းအသေးလေးတွေနဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်အတွက် ၈ ဒေါ်လာ ရှိပါတယ်။ ဖုန်းဆက်သွယ်မှု ကုမ္ပဏီတွေနဲ့ ကန်ထရိုက်မပါတဲ့ iPhone 5s (16 GB) ရောင်ဈေးဟာ ၆၄၉ ဒေါ်လာ ရှိပါတယ်။ ကုမ္ပဏီအတွက် အမြတ် သိသိသာသာ ရထားတာ တွေ့ရပါမယ်။ ဒါဟာ iPhone 5 ထက် ကုန်ကျစရိတ် ၁၃ ဒေါ်လာ သက်သာပါတယ်။ 16 GB ကနေ 64 GB txd Memory ထပ်တိုးထားတဲ့ iPhone ကတော့ ၁၉ ဒေါ်လာ ထပ်ပေါင်းရပါမယ်။

iPhone ရဲ့ Display က ဂျပန်နိုင်ငံက Display ထုတ်လုပ်တဲ့ ရှပ် (Sharp) နဲ့ LG Display တွေကို သုံးထားပြီး ၄၄ ဒေါ်လာ ကုန်ကျပါမယ်။ iPhone 5s က ပိုလီကာဗွန်နိတ်ကာဗာ သုံးမထားဘဲ အလူမီနီယံကာဗာ သုံးထားတဲ့အတွက် ကုန်ကျစရိတ် ပိုပါလိမ့်မယ်။ NAND Flash Memory က သုံးထားတဲ့ ထုတ်ကုန်ပစ္စည်းတွေထဲမှာ ကုန်ကျစရိတ် တော်တော်မြင့်နေပါတယ်။ ဒါပေမယ့် ဝယ်ယူသူ အများစုကိုဆွဲ ဆောင်မှုပေးနိုင်တဲ့ ပစ္စည်းတခု ဖြစ်နေပါတယ်။ နောက်တချက်ကတော့ NAND Flash Memory တွေရဲ့ ဈေးနှုန်းဟာ တစ်နှစ်လောက်ကြာရင် ဈေးတဝက် လျော့ကျသွားလေ့ရှိတာဖြစ်ပါတယ်။

  • ဆမ်ဆောင်းရဲ့ Galaxy S5

Galaxy S5 ဟာ ကန်ထရိုက်မပါ ရောင်းဈေး ဒေါ်လာ ၆၅၀ လောက် ရှိနေတဲ့အတွက် အကြမ်းဖျင်း အနေနဲ့ အမြတ် ဒေါ်လာ ၄၀ဝ လောက် ရှိနေပါ တယ်။ အလားတူပဲ အက်ပဲလ်ရဲ့ iPhone 5s ဟာ ၄၄၉ ဒေါ်လာလောက် အမြတ်ရှိနေပါတယ်။ အဲဒီ ကုန်ကျစရိတ်ထဲမှာ ဈေးကွက်တင် အရောင်းမြှင့်တင်ဖို့၊ ကြော်ငြာစရိတ်တွေ၊ အခွန်အခ၊ တခြား မူပိုင်ခွင့်ဆိုင်ရာ ပေးရတဲ့ ငွေကြေးနဲ့ Operation System အတွက် ကုန်ကျစရိတ်တွေ ရှိနေပါသေးတယ်။ အခုတွက်ပြတဲ့ အမြတ်ငွေတွေဟာ အသားတင်အမြတ် မဟုတ်ပါဘူး။ ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ ရောင်းဈေးကို တွက်ချက်ပြထားတာဖြစ်ပါတယ်။ ဘယ်လိုပဲ တွက်တွက်၊ ဘယ်လိုပဲ တွေးတွေး အဲဒီကုမ္ပဏီနှစ်ခုဟာ သူတို့ဖုန်းတစ်လုံး ရောင်းလိုက်ရတိုင်း အမြတ်ငွေ တော်တော်များများ ရနေတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။

ဖွံ့ဖြိုးပြီး နိုင်ငံတွေအတွက် စမတ်ဖုန်းဈေးကွက်ဟာ တော်တော်အေးနေပေမယ့် အိန္ဒိယ၊ တရုတ် စတဲ့ နိုင်ငံမျိုးတွေအတွက် ဈေးကွက်အနေအထား အရမ်းကောင်းနေပြီး ဌာနေရောင်းချသူတွေအတွက် အခွင့်အလမ်းကောင်းတွေ ဖြစ်စေပါတယ်။ နိုင်ငံတကာ  အမှတ်တံဆိပ်  မဟုတ်ဘဲ  ဒေသတွင်းက ထုတ်လုပ်ရောင်းချသူတွေဖြစ်တဲ့ Xiaomi နဲ့ Micromax လို ကုမ္ပဏီတွေကလည်း ဒေသတွင်း ဈေးကွက်ရဲ့ တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်ကို ပိုင်ဆိုင်ဖို့ အခွင့်အရေးတွေ ရှိနေပါတယ်။ အဲဒီထဲမှာ အိန္ဒိယနဲ့ တရုတ်ဈေးကွက်ထဲက အိန္ဒိယဈေးကွက်မှာဆိုရင် မိုလ်ဘိုင်းဖုန်း သုံးစွဲသူ ၉၀၁ သန်းလောက် ရှိနေပေမယ့် စမတ်ဖုန်းသုံးစွဲသူတွေက ၉၄ ဒသမ ၁ သန်းပဲ ရှိပါသေးတယ်။ တရုတ်နိုင်ငံမှာဆိုရင်လည်း မိုလ်ဘိုင်း သုံးစွဲသူ ၁ ဒသမ ၂ ဘီလီယံ ရှိနေပြီး စမတ်ဖုန်းသုံးသူက သန်း ၇၀ဝ လောက်ပဲ ရှိနေပါတယ်။ စမတ်ဖုန်းတွေရဲ့ ဈေးနှုန်းက ၁၉၁၇ လောက်မှာ ဆိုရင် ၂၆၅ ဒေါ်လာလောက်ပဲ ရှိတော့မယ်လို့ ခန့်မှန်းရပါတယ်။ လက်ရှိအခြေအနေမှာ ဈေးကွက်ရှယ်ယာ နည်းနေတဲ့ မိုတိုရိုလာ (MOtorola) ကလည်း နည်းပညာဆိုင်ရာ အချက်အလက်တွေမြင့်တဲ့ သူ့ရဲ့ စမတ်ဖုန်းတွေကို ၁၁၇ ဒေါ်လာကနေ ဒေါ်လာ ၄၀ဝ လောက်နဲ့ ရောင်းချမယ်လို့ ခန့်မှန်းထားပါတယ်။

IHS ရဲ့ ဈေးကွက် သုတေသန အကြီးအကဲ အင်ဒရူး ရပ်စ်ဝေလာ (Andrew Rassweiler) ရဲ့ ပြောကြားချက်အရ ဆမ်ဆောင်းဟာ ကမ္ဘာကြီးရဲ့ မတူညီတဲ့ ဈေးကွက်နေရာ ဒေသတွေအလိုက် မတူညီတဲ့ ရသတွေ၊ စွမ်းဆောင်ရည်တွေ မျိုးစုံကိုပေးနိုင်ပြီး ဈေးကွက်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ လုပ်ဆောင်မှုတွေကို ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ ဆမ်ဆောင်းရဲ့ အားသာချက် ဖြစ်နေပါတယ်။

အခု ရေးခဲ့ပြီးသလို ဈေးကွက်အနေအထား၊ ပြိုင်ဆိုင်မှု၊  စွမ်းဆောင်ရည်၊  ဝန်ဆောက်မှုတွေ အမျိုးမျိုးပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတဲ့ စမတ်ဖုန်းလောကမှာ ဆမ်ဆောင်းနဲ့ အက်ပဲလ်ဟာ အမြတ် များများစားစား တင်ပြီးရောင်းချတာမျိုးလုပ်ဖို့ အခွင့်သာတော့မှာ မဟုတ်ပါဘူး။ သူတို့အနေနဲ့ ဈေးနှုန်း သက်သာတဲ့ ပေါချောင်ကောင်း အမျိုးအစားတွေကို ထုတ်လုပ်ပြိုင်ဆိုင်မှုတွေ ရှိလာနိုင်ပါတယ်။ အဲဒီလို လုပ်ရာမှာလည်း iPhone 5c နဲ့ Galaxy S4 တို့လို အဆင့်မြင့်မော်ဒယ်တွေနဲ့ သိသိသာသာ နိမ့်နေခဲ့ရင်၊ စွမ်းဆောင်ရည် သိသိသာသာ ကွာနေခဲ့ရင် တန်ဖိုးနည်းတယ် ဆိုပေမယ့် သုံးစွဲသူတွေက ဈေးပိုကြီးပေမယ့် စွမ်းဆောင်ရည် ပိုမြင့်တဲ့ မော်ဒယ်ကို ရွေးချယ်မှာဖြစ်လို့ အဲဒီလို လုပ်ဆောင်တာဟာ ဘာအကျိုးထူးမှ ရမှာမဟုတ်ပါဘူး။ တကယ်ကို စွမ်းဆောင်ရည်မြင့်ပြီး  ဈေးနှုန်းသက်သာတဲ့  အမျိုးအစားတွေကို ထုတ်လုပ်ရောင်းချမှသာ ဈေးနှုန်းကို အဓိကထား ဝယ်ယူကြမယ့် ဈေးကွက်အတွက် အဆင်ပြေပါလိမ့်မယ်။

ဟန်းဖုန်းတွေဟာ အရင်းဘယ်လောက်၊ အမြတ်ဘယ်လောက် ရှိတယ်ပြောပြော သုံးမယ့်သူတွေကတော့ ဝယ်သုံးနေကြပါလိမ့်မယ်။ အဲဒီအကြောင်းတွေထက် ပိုစိတ်ဝင်စားဖို့ကောင်းတာက အဆင့်မြင့် နည်းပညာ ထုတ်ကုန်တွေဟာ ကုန်ကြမ်းတွေ ဘယ်လိုရသလဲ၊ ဘယ်လိုထုတ်လုပ်ကြသလဲ ဆိုတာဖြစ်ပြီး သူတို့ ထုတ်လုပ်ရောင်းချသလို တချိန်ချိန်မှာတော့  ကိုယ့်ဆီမှာလည်း ထုတ်လုပ်နိုင်ကောင်းရဲ့လို့ တွေးရင်း အခုဆောင်းပါးကို အဆုံးသတ်လိုက်ရပါတယ်။

 
ဖိုးနိုင်ဝင်း (မာစတာပိစ်)

Ref:
Samaung Galaxy S5 and Apple iPhone 5S Cost less Than 40% Of Their Selling Price: Will The Huge Margin Strategy Survive In Future?
By Bhavya Srivastava.

 

 



0 ကွန်မန့်ရေးရန်:

Post a Comment