Sunday, July 6, 2014

မန္တလေးဖြစ်ရပ်အပေါ် ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးမလုပ်သင့်ဟု ဒေါ်စုပြော ..................

စိုးသန်းလင်း

ပြီးခဲ့သည့်နှစ်ရက်အတွင်း လူသေဆုံးမှုရှိခဲ့ပြီး ဇူလိုင် ၃ရက်ကစ၍ ‘ညမထွက်ရ’ အမိန့် ထုတ်ထားသည့် မန္တလေး ပဋိပက္ခနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဘာသာရေးကိုခုတုံးလုပ်ပြီး နိုင်ငံရေးမလုပ်သင့်ဟု မဇ္ဈိမကို ဇူလိုင်လ ၄ရက် နံနက်တွင် ပြောခဲ့သည်။

“အဲဒီဖြစ်ရပ်အပေါ် အဖွဲ့ချုပ်ရဲ့သဘောထားကို ကြေညာချက်ထုတ်တယ်၊ ထုတ်ထုတ်ချင်းမှာ အတု ထွက်လာတယ်၊ အဲဒီကတည်းက ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချနေသလားဆိုတာ အဖွဲ့ချုပ်အနေနဲ့ အများကြီး စဉ်းစားရမယ်၊ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးမချသင့်ဘူး၊ ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေး လုပ်နေတာကတော့ အခြေခံဥပဒေနဲ့ မညီညွတ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၄ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး မစတင်မီ မဇ္ဈိမ၏အမေးကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

မန္တလေး ပဋိပက္ခနှင့် ပတ်သက်ပြီး NLD က ထုတ်ပြန်သည့် ကြေညာချက်တွင် ‘လူမျိုးစုများ တွေ့ဆုံဖြေရှင်းကြစေလိုကြောင်းနှင့် ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေလိုကြောင်း’ ဖော်ပြပါရှိသော်လည်း ကြေညာချက် အတုတွင်မူ ‘ ယခုဖြစ်ရပ်၌ တာဝန်ပေါ့လျော့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတို့အား ပြင်းထန်စွာအရေး ယူသင့်ကြောင်း အပြင် မွတ်ဆလင်ဘာသာဝင်တို့အား ကာကွယ်ပေးသင့်သည် ဟူသည့် အဓိပ္ပါယ်မျိုး ဖော်ပြပါရှိသည်ဆို၏။

NLD က ကြေညာချက် ထုတ်ရခြင်းနှင့် ပတ်သက်ပြီး “အစတုန်းက သူများတွေပြောရင် အဖွဲ့ချုပ်က ဝင်မပါဘူး၊ တတ်နိုင်သမျှ ဒါတွေမဖြစ်အောင်လို့ အားလုံးအဆင်ပြေဖို့အတွက် ဟိုဘက်ဒီဘက် မျှမျှတတ ဖြစ်အောင် ကြေညာချက်ထုတ်တာပါ” ဟုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

ထို့အပြင် ယခုကဲ့သို့ ညမထွက်ရ ကာဖျူးထုတ်ခြင်းသည် အမှန်တကယ် လိုအပ်မှသာ ထုတ်သင့်ကြောင်း၊ အမှန်တကယ်လိုအပ်မှု ရှိ မရှိ သေချာဖို့လိုအပ်ကြောင်းနှင့် နောက်ထပ် ပဋိပက္ခမဖြစ်စေရန် ကာကွယ် ခြင်းမျိုး ဖြစ်စေလိုကြောင်း၊ ထိန်းချုပ်ခြင်းနှင့် ကာကွယ်ခြင်းတို့မှာ မတူခြားနားပါကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဖြည့်စွက်ပြောကြားခဲ့သည်။

မန္တလေးမြို့တွင် ဇူလိုင်လ ၁ရက်၊ ၂ရက်နှင့် ၃ရက်နေ့များတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ပြီး ၁၄ဒဏ်ရာရရှိခဲ့ပြီးနောက် မန္တလေးမြို့အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်တွင် ဇူလိုင်လ ၃ရက်မှ စ၍ ည၉နာရီမှ နံနက် ၅နာရီအထိ ညမထွက်အမိန့်ကို ရက်အကန့်အသတ်မရှိ ထုတ်ပြန်ခဲ့သည်။

0 ကွန်မန့်ရေးရန်:

Post a Comment