Tuesday, February 11, 2014

KIA တပ်ရင်း ၁၂ နှင့် အစိုးရတပ်ကြား ဖြစ်ပွားသောတိုက်ပွဲတွင် KIA အရာရှိ ၂ ဦးကျ ..............

Tuesday, February 11, 2014


Kachin-army-in-frontline
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရှေ့တန်းတနေရာမှ KIA စစ်တပ်ဖွဲ့များ။

ဗန်းမော်ခရိုင် မန်စီမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၂ ဒေသ နားအိုကြီး အနီး ပရန်တိုင်းမှော်ကြား ဖေဖ၀ါရီလ ၇ ရက်နေ့တွင် အစိုးရတပ်နှင့် KIA တပ်ရင်း ၁၂ တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ဘက်မှ အရာရှိ ၂ ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်။

၎င်းအစိုးရတပ်သည် ရွှေဂူတပ်ခြေမြန်တပ်ရင်း ၆၀၂ ဖြစ်ပြီး စစ်အင်အား ၁၀၀ ကျော်ဖြင့် KIA တပ်ရင်း ၁၂ သို့ လှုပ်ရှားလာစဉ် နှစ်ဖက်တပ်များ မိနစ် ၃၀ ကျော်ကြာ ထိပ်တိုက် ပစ်ခတ်တိုက်ခိုက်ကာ KIA ဒုဗိုလ် မရန်အုန်ဆော်တန် (Lat du Maran Ungsau Tang)နှင့် အရာခံဗိုလ်မရစ်လဖရီး (Du tau Marip La Hpri) တို့ ၂ ဦး ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း တပ်ရင်း ၁၂ တပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

အဆိုပါ ရွှေဂူနယ်မြေခံ အစိုးရစစ်ကြောင်းသည် ကောင်ရွန်ရွာ (Gawngrun) တွင်တပ်စွဲထားသော အစိုးရတပ်အား စစ်ကူအဖြစ်အင်အား တိုးချဲ့လာချိန် ကောင်ရွန်ရွာနှင့် ၆ မိုင်ခန့်အကွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုချိန် ၎င်းလှုပ်ရှားစစ်ကြောင်းသည် ဂျေခမ်းစခန်းကြီးသို့ တပ်ချနေကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အစိုးရဖက်မှ ကျဆုံးမှုကိုမူ မသိရသေးပါ။ ယခုချိန် တပ်မဟာ (၃) တပ်ရင်း ၁၂ ဒေသ KIA နယ်မြေများတွင် အစိုးရတပ်များ လှုပ်ရှားနေခြင်းကြောင့် နှစ်ဖက်တပ်မှ တင်းမာနေဆဲဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ် KIA တပ်ရင်း ၃၄ ဒေသတွင် လားရှိုးဘက်မှ အစိုးရတပ်များသည် ဖေဖ၀ါရီလ ၈-၉ ရက်အတွင်း အင်အားများတိုးချဲ့လာနေဆဲဖြစ်ပြီး နမ်ဆန်ဘက်မှလည်း ဟူခင်မန်ဂျက်၊ ထတ်ဂျက်နှင့် ပန်ဆွေ၊ နမ်လန်း KIA နေရာ ၃ ခုတွင် စစ်အင်အား ၁၀၀ ကျော်စီ အသီးသီးတိုးချဲ့ထားကြောင်း သိရှိရသည်။

ထိုသို့ လှုပ်ရှားမှုများကြောင့် ယမန်နေ့ မန်တုံမြို့နယ် KIA တပ်ရင်း ၃၄ ဒေသတွင် အစိုးရတပ်နှင့် ပလောင် (TNLA) တပ်ဖွဲ့များ ၂ နေရာတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

ယခုချိန် အစိုးရတပ်များသည် KIA တပ်ရင်း ၃၄ ဒေသတွင် စစ်အင်အား ၁၀၀၀ ကျော်လှုပ်ရှားနေပြီး KIA တပ်ရင်း ၈ ဒေသနှင့် KIA တပ်မဟာ (၃) နယ်မြေ၊ တိုက်ပွဲဖြစ်ပွားနေသော KIA တပ်ရင်း ၁၂ သို့ စစ်အင်အားများဆက်လက် တိုးချဲ့လာနိုင်ကြောင်း တပ်မဟာ (၄) အရာရှိများပြောသည်။
 
သတင်းရင်းမြစ် - ကချင်သတင်းဌာန

0 ကွန်မန့်ရေးရန်:

Post a Comment