Friday, December 13, 2013

KIA တပ်ဖွဲ့က တပ်သားသစ်များ စုဆောင်းနေ .......................

သန်းထိုက်ဦး

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များက တပ်သားသစ်များ စုဆောင်းရန် ယခုလဆန်းပိုင်းမှ စတင်ပြီး ကချင်ပြည်နယ် ဗန်မော်ခရိုင်၊ မံစီမြို့နယ်ရှိ ကျေးရွာ ဒေသခံများကို ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေကြောင်း သိရသည်။

မံစီမြို့နယ် အတွင်းရှိ မံဖွ ကျေးရွာနှင့် အနီးအနားရွာများမှ ဒေသခံများကို ဒီဇင်ဘာ လဆန်းပိုင်းမှ စတင်မှကာ ဒီဇင်ဘာ ၉ ရက်အထိ KIA တပ်ဖွဲ့ဝင်များ ဖမ်းဆီး ခေါ်ဆောင်သွားသည့် ရွာသာဦးရေမှာ ၆၃ ဦး ရှိပြီး ယင်းတို့အားလုံး ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ရှမ်းနီပါတီ ဥက္ကဌ ဦးစိုင်းဌေးအောင်က ဧရာဝတီသို့ ပြောသည်။

ဒေသခံများ တောင်ယာထဲတွင် အလုပ်လုပ်ကိုင်နေစဉ် KIA တပ်ဖွဲ့ဝင်များက လာရောက် ခေါ်ဆောင်သွားပြီး မံစီမြို့နယ်ရှိ KIA တပ်စခန်းတွင် ထိန်းသိမ်းထားသည်ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။

“သူတို့က ဆက်ပြီးတော့ ဆွဲနေတုန်း၊ အခုလည်း မန်ဝိန်းကြီးဘက်မှာ တပ်သားသစ် စုဆောင်းနေတယ်၊ တရွာကို ၁၅ ယောက်ပေး ရမယ်ဆိုပြီးတော့ ဆင့်စာတွေ ပို့ထားတယ်” ဟု ရှမ်းနီပါတီ ဥက္ကဌ ဦးစိုင်းဌေးအောင်က ပြောသည်။

ယင်းစာများကို ယခုလ ၄၊ ၇၊ ၉ ရက် ရက်စွဲများဖြင့် ရှမ်းတိုင်းရင်းသား အများစု နေထိုင်သည့် ကျေးရွာ ၁၇ ရွာခန့်ကို ပေးပို့ထားသောကြောင့် လတ်တလောတွင် ဒေသခံ လူငယ်များ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

“အစိုးရဘက်ကိုလည်း အကူအညီ တောင်းလို့မရဘူး၊ အခု မံဖွမှာဆိုရင် အစိုးရစစ်တပ်နဲ့ တလှမ်းကျော်ပဲ ဝေးတယ်၊ သွားပြောတဲ့ အခါကျတော့ အထက် အမိန့်မရတော့ ကျနော်တို့ ဘာမှ လုပ်ပိုင်ခွင့်မရှိဘူးလို့ ပြန်ပြောလာတယ်” ဟု ဦးစိုင်းဌေးအောင်က ရှင်းပြ သည်။

ဖမ်းဆီးခံရသူ အများစုမှာ ရှမ်းတိုင်းရင်းသားများ ဖြစ်ပြီး ကချင် တိုင်းရင်းသား ၁၀ ဦးခန့် ပါဝင်ကြောင်း၊အသက် အရွယ်မှာ ၁၇ နှစ်မှ ၅၅ နှစ် အရွယ်များ ဖြစ်ကြောင်း သိရသည်။ ဒေသခံများ ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး နိုင်ငံတော် အစိုးရနှင့် KIA ခေါင်းဆောင်များထံ စာပေးပို့ထားကြောင်း ဦးစိုင်းဌေးအောင်၏ ပြောဆိုချက် အရ သိရသည်။

ဒေသခံများ ပြန်လည် လွတ်မြောက်လာခြင်း မရှိပါက ဒေသခံပြည်သူများ အနေနှင့် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

“လူထုနည်းနဲ့ပဲ ဖြေရှင်းသွားမယ်၊ ကျနော်တို့မှာ လက်နက်လည်း မရှိဘူး ၊ ဘာမှလည်း မရှိတဲ့ အခါကျတော့ အစိုးရကို အားကိုးလို့ မရရင် လူထုနည်းနဲ့ပဲ ဖြေရှင်းသွားမယ်” ဟု ဦးစိုင်းဌေးအောင်က ပြောသည်။

အဆိုပါ ဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနက KIA ခေါင်းဆောင်များကို ဆက်သွယ် မေးမြန်း အတည်ပြုရန် ကြိုးစားရာ အဆက်အသွယ် မရရှိပေ။

KIA မဟာဗျူဟာ လေ့လာရေး ဌာနမှ ဦးဒေါင်ခါးက တိုက်ပွဲများ ဆက်လက် ဖြစ်နေသည့် အတွက် တပ်သားသစ် စုဆောင်းသွားရမည်ဟု ပြောကြားသည်ကို ဘီဘီစီ မြန်မာပိုင်း သတင်း ဖော်ပြချက်အရ သိရသည်။

မြန်မာ အစိုးရနှင့် KIA အကြား ငြိမ်းချမ်းရေး ပြည်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်ပြီး ယခုအချိန် အထိ ဆက်လက် ဆွေးနွေးလျက် ရှိသော်လည်း နှစ်ဖက် တပ်ဖွဲ့များအကြား တိုက်ပွဲငယ်များ ယနေ့အချိန် အထိ ဆက်လက် ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများကြောင့် အိုးအိမ်၊ တောင်ယာများကို စွန့်ခွာ ထွက်ပြေး နေရသည့် ဒေသခံ စစ်ဘေးရှောင် ဒုက္ခသည်များသည် တရုတ်-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများနှင့် စစ်ဖြစ်ပွားရာ ဒေသအနီးရှိ မြို့ပေါ်များတွင် ယနေ့အချိန်အထိ ခိုလှုံနေကြရဆဲ ဖြစ်ကြောင်း သိရှိရသည်။ ဒုက္ခသည်များတွင် ကျောင်းသူ ကျောင်းသားများ၊ သက်ကြီးရွယ်အိုများ၊ ကလေးမိခင်များ၊ ကလေးငယ်များ ပါဝင်ကြောင်း သိရသည်။

ကချင်ပြည်နယ် မန်စီမြို့နယ် နမ့်လင်းပါ ကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်နေ့ မှစတင်ပြီး ၂ ရက် ဆက်တိုက် ဖြစ်ပွားခဲ့သည့် အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့၏ တိုက်ပွဲများကြောင့် ဒုက္ခသည် ၂၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း၊ အစိုးရ စစ်တပ်က နမ့်လင်းပါ ကျေးရွာကို သိမ်းပိုက်လိုက်၍ ဒုက္ခသည်များ မန်စီမြို့နယ် မန်ဝိန်းကြီးသို့ ပြောင်းရွှေ့နေရကြောင်း ကရုဏာ လူမှုကူညီရေးအဖွဲ့မှ ကိုနော်ဒင်းက ဧရာဝတီသို့ ပြောသည်။

0 ကွန်မန့်ရေးရန်:

Post a Comment