Wednesday, December 11, 2013

KIA တပ်ရင်း (၈) အား အစိုးရတပ်များ ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် အထိနာ၍ တပ်ဆုတ်ထား ....................

KNG

တိုက်ပွဲများငြိမ်သက်နေသော ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) ဖက်တွင် ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ KIA တပ်ရင်း (၈) တပ်စခန်းအား အစိုးရတပ်မှ သိမ်းပိုက်ရန်စစ်အင်အားများဖြင့် တိုက်ခိုက်လာခြင်းကြောင့် KIA ဖက်မှ အထိနာလာပြီး ဒီဇင်ဘာ ၅ ရက်နေ့က စခန်းကိုနောက်ဆုတ်လိုက်ရကြောင်း KIA စခန်းမှ ပြောသည်။

အစိုးရတပ်မှ KIA တပ်ရင်း (၈) နမ်လက် (Nam Let) စခန်းအား သိမ်းပိုက်ရန် ပစ်ခတ်လာချိန် ပြင်းထန်စွာပစ်ခတ်တိုက်ခိုက်ခဲ့ချိန် တိုက်ပွဲတွင် KIA ဖက်မှ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူ တပ်မဟာ (၄) အရာရှိတဦး ကချင်သတင်း ဌာနသို့ပြောသည်။

“ညလည်း မိုးချုပ်တဲ့ထိပစ်တယ် KIA နမ်လက် (Nam Lek) စခန်းကို လက်နက်ကြီးတွေနဲ့ တညလုံး ပစ်နေတော့ မနက် ၄ နာရီချိန်မှာနှစ်ဖက်တပ်ကနေ ပစ်ကြတယ် မနက် ၁၀ နာရီထိပစ်ကြတယ် ကျနော်တို့က မနက် ၉ နာရီလောက်မှာ စခန်းကနေ ဆုတ်ပေးလိုက်တယ်” ဟုပြောသည်။

၎င်း KIA တပ်ရင်း (၈) နမ်လက် (Nam Let) စခန်းအား အစိုးရတပ်စစ်အင်အား ၂၀၀ ကျော်ဖြင့် ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်ထိုး စစ်ဆင်ပစ်ခတ်တိုက်ခိုက်လာပြီး ညနေ ၃ နာရီချိန်မှ KIA တပ်ရင်း (၈) နမ်လက် (Nam Lek) စခန်းအား ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်လာပြီး ညမိုးချုပ်သည့်ထိ နက်လက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ကြောင်းသိရသည်။

အဆိုပါ တပ်မဟာ (၄) ဒေသ KIA တပ်ရင်း (၈) (Nam Let) စခန်းတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားနေသည့် ကိစ္စနှင့်ပတ်သက်၍ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး (PCG)အဖွဲ့သည် တိုက်ပွဲဖြစ်ပွားနေကြောင်းကိုသာသိရှိရပြီး စခန်းအားနောက်ဆုတ်လိုက်ကြောင်း ကိုမူမသိရှိသေးကြောင်း PCG ပြောခွင့်ရ ဦးလမိုင်ဂွမ်ဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။

ထိုအစိုးရတပ်သည် မိုင်းဝီး ဘက်မှထိုးစစ်ဆင်လာသော ခြေမြန်တပ် ခမရ- ၅၀၅ နှင့် ခြေလျင်တပ် ခလရ -၃၂၄ ခလရ- ၁၂၃ များဖြစ်ပြီး စစ်အင်အား ၂၀၀ ကျော်လှုပ်ရှားစစ်ကြောင်းများဖြစ်ကြောင်းသိရသည်။

ထို့နေ့အတွင်း တပ်ရင်း (၈) နမ်ငေါန် (Nam Ngawn) နှင့် ကယုံ (Kayun) ကြားတွင်လည်း ၁ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မဟာ (၄) KIA တပ်ရင်း (၂) မုန်ဂျီဒေသဂျွန်မြန်း (Jawn Myen) တွင် အင်အား ၈၀ ခန့်ရှိသည့် အစိုးရတပ် ခြေမြန်တပ်ရင်း ၁၂၅ နှင့် နံနက် ၈ နာရီချိန် မိနစ် ၂၀ ခန့် ပစ်ခတ်ကြပြီး ၁၀ နာရီချိန်တွင် မုန်ဂျီ ဆိုင်းခေါင် (Sai Hkau) တွင် နာရီဝက်ကြာ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းမှ KIA အရာရှိများပြောသည်။

အဆိုပါ KIA တပ်ရင်း (၂) ဒေသတွင်ဖြစ်ပွားသော တိုက်ပွဲ၌ အစိုးရတပ်ဖက်မှ ၂ ဦးသေ ၁ ဦး ဒဏ်ရာရကြောင်း KIA ဖက်မှ ပြောဆိုသော်လည်း အစိုးရဖက်သို့ အတည်ပြုချက်မရရှိသေးပါ။
အစိုးရနှင့် KIA တပ်ဖွဲ့များကြား တိုက်ပွဲများသည် ကချင်ပြည်နယ်ဖက်သို့ လတ်တလော ငြိမ်သက်ခြင်းဖြစ်သော်လည်း ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် KIA တပ်များဖက်မူ တိုက်ပွဲများ မကြာခဏပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

ဆက်လက်၍လည်း အစိုးရတပ်ဖက်မှ လွန်ဂမ်၊ ငေါ့ငှားတွင် အင်အားများတိုးချနေဆဲဖြစ်သောကြောင့် တိုက်ပွဲများ ပြင်းထန်လာနိုင်ဆဲဖြစ်ကြောင်း KIA ဖက်မှသုံးသပ်ပြောဆိုသည်။

0 ကွန်မန့်ရေးရန်:

Post a Comment